မပြောချင်ဘဲ ပြောတဲ့စာ

in #esteem7 years ago

image

မပြောချင်ဘဲ ပြောတဲ့စာ

ကျောင်းဆရာဘဝက အငြိမ်းစားယူတော့ လုပ်သက်မပြည့်၊ အသက်မပြည့်ဘဲ ထွက်ခဲ့တာပါ။ ပင်စင်ငွေလေး မဖြစ်စလောက်ရပါတယ်။ ခုခေတ်မှ တစ်လ ၃၀၀၀၀ ကျော်လောက်ဖြစ်သွားတာပါ။ သုံးသောင်းပဲ ထားပါဗျာ။ တစ်ရက်မှ ၁၀၀၀ ရတာပါ။ ရန်ကုန်မှာ ရပ်တည်ရတာ တစ်ရက် ၁၀၀၀ နဲ့ မလွယ်ဘူးဆိုတာ မိတ်ဆွေများ သိကြမှာပါ။

ကျွန်တော့်မှာ အိမ်မရှိတော့ အိမ်ငှားနေရတယ်။ အပြင်မှာ ဝယ်စားရတယ်။ ထားပါလေ အဲဒီ စားဝတ်နေရေး စရိတ်ပေါင်းရင် ရန်ကုန်မှာ တစ်ရက် ၁၀၀၀ နဲ့ ရပ်တည်လို့ မရဘူးဆိုတာ နားလည်မယ်ထင်ပါတယ်။

ကျွန်တော့်ပင်စင်နဲ့ မလောက်တော့ ကျွန်တော် စာရေးပြီး ထမင်းစားရပါတယ်။ ရေးနိုင်၊ တွေးနိုင်၊ ဖတ်နိုင် အောင် နေ့တိုင်းလုပ်ရပါတယ်။ ထမင်းစားဖို့ လက်ခံထားတဲ့ စာတွေရေးနေရင်းက ဘယ်သူမှ ခိုင်းနေတာ မဟုတ်တဲ့ ပညာဒါန ဖြန့်ဝေတဲ့ အလုပ်ကိုလည်း ဝါသနာအရ လုပ်နေပါတယ်။

ကျွန်တော့်မိဘတွေက ပညာမတတ်ပါဘူး။ ဒါပေမဲ့ ပညာရေးကို အရမ်းအားပေးတယ်။ သူတို့အားပေးလို့လည်း ကျောင်းထားပေးခဲ့လို့ ဒီလိုအနေအထား ရောက်လာတာပေါ့။ ကျွန်တော့် မိခင်ကြီး ပြောဆိုဆုံးမတဲ့ စကားတစ်ခွန်းရှိတယ်

“လိုချင်ရင် ပေးပါသား” တဲ့

ကျွန်တော်က စာအုပ်တွေဖတ်နေတာကို အမေကကြည့်ပြီး ကိုယ်ကချည်း မယူနဲ့ သူများကိုလည်း ပေးနိုင်အောင် ကြိုးစားပါလို့ ဆုံးမတာ။ အမေ့ကြောင့် ကျောင်းဆရာဖြစ်လာရတာ။

image

ကျွန်တော် ဒီလို စာရေးပြီး ရပ်တည်နိုင်အောင် ဘဝတွေကို မြှုပ်နှံခဲ့ရတာတွေ၊ စွန့်လွှတ်ခဲ့ရတာတွေ အများကြီးပဲ။ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး လုပ်ခဲ့ရတာကို ပြောတာပါ။ လွယ်လွယ်နဲ့ ကိုယ်ဖြစ်ချင်တဲ့ဘဝ ရောက်ချင်တဲ့ဘဝ ရောက်လာခဲ့တာ မဟုတ်ပါဘူး။

ဆိုလိုချင်တာက ကျွန်တော်စာဖတ်၊ စာရေးအလုပ်ကို အရမ်းကြိုက်တယ်။ ကိုယ်ကြိုက်သလို ကိုယ့်မိတ်ဆွေ တွေကို လေးစားတန်ဖိုးထားပြီး မြတ်နိုးစေချင်တယ်။ ဒါကြောင့်လည်း ဘယ်သူရေးတဲ့စာဖြစ်ဖြစ် တန်ဖိုးထား စေချင်ပါတယ်။

ကျောင်းဆရာဟောင်းဖြစ်ခဲ့တာကြောင့် အပြန်အလှန်လေးစားမှုဆိုတာ အရမ်းသဘောကျတယ်။ Respect ပေါ့ဗျာ။

လူကို Respect မလုပ်ချင်နေပါဗျာ ပညာကို Respect လုပ်ဖို့၊ ဖန်တီးမှုကို Respect လုပ်ဖို့ပြောတာပါ။

ကျွန်တော်တို့ စည်းကမ်းမရှိခဲ့ကြလို့ ကမ္ဘာမှာ မျက်နှာငယ်ခဲ့ရတယ်။ အဲဒီလို ဖြစ်အောင်လည်း စနစ်တကျ ဖျက်ဆီး ခံခဲ့ရတယ်။ တတ်နိုင်တဲ့ဘက်က ပြင်သွားမှ ကျွန်တော်တို့ကလေးတွေရဲ့ ဘဝကကောင်းလာမယ်။ ကျွန်တော်တို့ကအစ စည်းမဲ့ကမ်းမဲ့ဖြစ်နေရင် ကလေးတွေကို ဘယ်လို သွန်သင်ဆုံးမကြမလဲနော်။

တင်ညွန့်

photo : facebook

image

Sort:  

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!