Perspectives on Behavior

in #esteem7 years ago (edited)

အပြုအမူအပေါ်ရှုမြင်ပုံများ”

အပြုအမူအပေါ်လွှမ်းမိုးနေတဲ့ ဇီဝဗေဒဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းတရားတွေ ကို စိတ်ပညာရှင်တွေလေ့လာကြတာ တကယ်တော့ဒီနေ့ ခေတ်မှ မဟုတ်ပါဘူး။ ဒီအဆင့်သုံးမျိုးမှာလေ့လာ တာဟာ စိတ်ပညာသမိုင်းကြောင်းရဲ့ တစ်သားတည်းဖြစ်နေတဲ့ အပိုင်းဖြစ်တယ်။ ဒါပေမယ့်ဒီနေ့ ခေတ်မှာ စိတ်ပညာရဲ့ နယ်ပယ်ဟာအင်မတန်ကျယ်ပြန့်လာတယ်။ ဘယ်လိုကျယ်ပြန့်လာသလဲ။ တစိတ်တပိုင်းအနေနဲ့ က တော့ စိတ်ပညာဟာပညာရပ်အမျိုးမျိုးမှာ မြစ်ဖျားခံခဲ့တဲ့အတွက်ဖြစ်တယ်။ ဒဿနိကပညာရပ်၊ ဆေးပညာ၊ ဇီဝဗေဒနဲ့  ရူပဗေဒ အစရှိသည်တို့ မှာ သန္ဓေတည်ခဲ့တယ်။ ရလဒ်ကတော့ ရှုမြင်ပုံအမျိုးမျိုးဟာ စိတ်ပညာ ရဲ့အသိဥာဏ်ပိုင်းဆိုင်ရာ ရိုးရာဓလေ့တစ်ခုရဲ့အစိတ်အပိုင်းဖြစ်လာခဲ့တယ်။ စာဖတ်သူနဲ့ လောကအမြင်မတူ တဲ့ လူတစ်ယောက်ကိုတွေ့ ဖူးတယ်ဆိုရင် ရှုမြင်ပုံအရေးပါကြောင်းသိလိမ့်မယ်။ ရှုမြင်ပုံက စိတ်ပညာရှင်တွေ အတွက်ကတော့ မှန်ဘီလူးပဲ။ ဒီမှန်ဘီလူးကိုသုံးပြီး အပြုအမူကို ဆန်းစစ်ကြတယ်။ ဖွင့်ဆိုကြတယ်။ သိပ္ပံနယ် ပယ်မှာ ရှုမြင်ပုံအသစ်တခုဟာ တိုးတက်ခြင်းရဲ့ စက်တစ်လုံးပဲ။ ရှိနေပြီးသားယုံကြည်မှုတွေကို စိန်ခေါ်လိုက်တဲ့အခါ ၊ ဆွေးနွေးငြင်းခုန်မှုတွေနောက်ကလိုက်လာတဲ့ အခါ တိုးတက်မှုဆိုတာ ဖြစ်လာရတယ်။ ဆွေးနွေးငြင်းခုန်မှုတွေ ကို ဖြေရှင်းဖို့ သိပ္ပံပညာရှင်တွေက အထောက်အထားအသစ်တွေရှာဖွေပေးရမြဲ။ တခါတရံမှာ သိပ်ကွဲပြားနေ တဲ့ ရှုမြင်ပုံတွေဟာ အခြေခံအဆောက်အအုံအသစ်တစ်ခုအဖြစ်ကို ပေါင်းစည်းသွားတယ်။ ခိုင်မာနေပြီထင်ရ တဲ့အဲ့ဒီအဆောက်အအုံကို နောက်ထပ်ရှုမြင်ပုံအသစ်တွေက ကိုင်လှုပ်လိုက်ပြန်တယ်။

“စိတ်ပညာရဲ့ အသိဥာဏ်ဇစ်မြစ်”
Psychology’s Intellectual Roots

လူသားတွေဟာ သူတို့ ကိုယ်သူတို့ နားလည်ဖို့ကို ဟိုး…..အရင်ကတည်းကကြိုးစားခဲ့ကြတယ်။ နားလည်ဖို့  ကြိုးစားရာမှာ အဓိကကျတဲ့ အကြောင်းအရာတစ်ခုကတော့ စိတ်နဲ့ ရုပ်ပြဿနာပဲ။ စိတ် “mind” (သိရှိမှု “consciousness” နဲ့ အတွေး “thought” တို့ ရဲ့အတွင်းသား) ဆိုတာ ရုပ်နဲ့ သီးခြားကင်းကွာနေတဲ့  “ စိတ် ၀ိဥာဉ်တစ်ခု” (Spiritual entity ကိုဆိုလို) လား။ ဒါမှမဟုတ်စိတ်ဟာ ရုပ်ခန္ဓာရဲ့ လုပ်ဆောင်မှုတွေထဲက အစိတ် အပိုင်းလေးတစ်ခုလား။
ကနဦးဒဿနပညာရှင်အတော်များများကတော့ “mind-body-dualism” ကိုရွေးချယ်ထားကြတယ်။ mind-body-dualism ကဘာလဲဆိုတော့ စိတ်ဆိုတာရုပ်ခန္ဓာကို လွှမ်းမိုးထားတဲ့  ရုပ်ပိုင်းဆိုင်ရာဥပဒေသတွေရဲ့ အကျိုးသက်ရောက်မှုမရှိတဲ့  ၀ိဥာဉ်လေးတစ်ခုဖြစ်တယ်လို့ယုံကြည်ခြင်းပဲ။ ဒါပေမယ့်စိတ်ကို ရုပ်နဲ့ ဖွဲ့ စည်း ထားတာမဟုတ်ရင် ခန္ဓာကိုယ်ရဲ့အာရုံခံစားမှုတွေကို စိတ်ကဘယ်လိုသိတာလဲ။ စိတ်ရဲ့ အတွေးတွေက ခန္ဓာ ကိုယ်ရဲ့  လုပ်ငန်းဆောင်တာတွေကို ဘယ်လိုအကျိုးသက်ရောက်နိုင်တာလဲ။ ပြင်သစ် ဒဿနပညာရှင်၊ သချာင်္ ပညာရှင်၊ သိပ္ပံပညာရှင် “Rene Descartes” (၁၅၉၆-၁၆၅၀)က စိတ်နဲ့ ရုပ်ဆိုတာ ဦးနှောက်ထဲမှ ရှိတဲ့  “pineal” အကျိတ်ကလေးကနေ အပြန်အလှန်အကျိုးပြုနေတယ်လို့ ယူဆခဲ့တယ်။ ဒေးခါး(ထ်)က စိတ်ကို ဦးနှောက်ထဲရှိတယ်လို့ ဆိုခဲ့တယ်။ ဒါပေမယ့်စိတ်ဟာ ရုပ်မဟုတ်တဲ ၀ိဥာဉ်လေးတစ်ခုဖြစ်တယ်ဆိုတဲ့အချက် ကိုတော့ ဒေးခါး(ထ်)ဆက်ထိန်းထားခဲ့တယ်။ “Dualism” က ဦးနှောက်အပါအ၀င် ရုပ်ခန္ဓာကိုပြုလုပ်တဲ့  ဘယ်သုတေသနကမှ ရုပ်ပစ္စည်းမဟုတ်တဲ့ စိတ်ရဲ့ အံ့ဖွယ်ဒဏ္ဍာရီတွေကို ဖြေမပြနိုင်ဘူးလို့  အဓိပ္ပါယ်သက် ရောက်စေတယ်။

နောက်ရှုထောင့်တမျိုးက “monism” ။ “monism” ဆိုတဲ့ စကားလုံးက ဂရိ(ခ်)ကနေလာတာ။ အဓိပ္ပါယ်က “တစ်ခုတည်း”။ monism က စိတ်နဲ့ရုပ်ဆိုတာ တစ်ခုတည်းလို့ ယူဆတယ်။ စိတ်ဆိုတာ ရုပ်နဲ့ သီးသန့်ကင်း ကွာနေတဲ့ ဝိဥာဉ်လေးတစ်ခုမဟုတ်ဘူးလို့ ဆိုတယ်။ monists တွေက စိတ်ဆိုတာဦးနှောက်ထဲက ရုပ်ပိုင်း ဆိုင်ရာလုပ်ဆောင်မှုတွေရဲ့ ရလဒ်တစ်ခုမျှသာ။ ဒီအဆိုကိုထောက်ခံခဲ့သူက အင်းဂလစ်(ရှ်)ာဒဿနပညာရှင် ထောမတ်(စ်)ဟော့(ဘ်) “Thomas Hobbes” (၁၅၈၈-၁၆၇၉)။

Monism က စိတ်ပညာရပ်တစ်ခုဖြစ်ပေါ်လာဖို့ ကူညီပေးခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဦးနှောက်တွင်းမှာ ရှိတဲ့ ရုပ်ပိုင်းဆိုင်ဖြစ်စဉ်တွေကို တိုင်းတာခြင်းအားဖြင့် စိတ်ကိုလေ့လာနိုင်တယ်လို့ monism ကယူဆခဲ့တဲ့  အတွက်ဖြစ်တယ်။ နောက်တဆင့်ထပ်ကူညီပေးတဲ့ သူတွေက John Locke (၁၆၃၂-၁၇၀၄) နဲ့  “British empiricism” ကိုလက်ကိုင်ပြုထားတဲ့အသိုင်းအ၀ိုင်းက ဒဿနပညာရှင် တွေဖြစ်ပါတယ်။ British empiricism
ကအတွေးအခေါ်တို့ ၊ အသိတို့ ကို လက်တွေ့ နည်းအားဖြင့်သာ ရရှိနိုင်မယ်လို့ လက်ခံထားတယ်။ တနည်းအား ဖြင့် အာရုံခံစားမှုတွေ “sense” ကနေပဲသိရှိနိုင်တယ်။ empiricists တွေရဲ့ အမြင်အရဆိုရင် ဆင်ခြင်ကြည့်တာ ထက် “အသိ”ကိုရဖို့ ချည်းကပ်ရာမှာ တိုက်ရိုက်ရှုကြည့်ခြင်းကသာ ပိုပြီးစိတ်ချရတယ်။ ဘာဖြစ်လို့ ဆိုတော့ ဆင်ခြင်ကြည့်ရာမှာ မှားနိုင်တဲ့ အလားအလာတွေက ပြည့်နေလို့ ။ ဒီအယူအဆက ခေတ်သစ်သိပ္ပံပေါ်ထွန်းရေး ကို တွန်းအားပေးခဲ့တယ်။ ဘာဖြစ်လို့ လဲဆိုတော့ သိပ္ပံကနည်းလမ်းတွေဟာ လက်တွေ့ ရှုကြည့်ခြင်း “empirical observation” မှာအခြေတည်ခဲ့လို့။

ဇီဝကမ္မဗေဒ (ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို လေ့လာတဲ့  ဇီဝဗေဒနယ်ပယ်တစ်ခု) နဲ့ ဆေးပညာမှာ တွေ့ ရှိမှုတွေကလည်း စိတ်ပညာပေါ်ပေါက်လာဖို့ လမ်းခင်းပေးခဲ့တယ်။ ၁၈၇၀လောက်မှာ ဥရောပက သုတေ သနပညာရှင်တွေက ဓာတ်ခွဲခန်းထဲမှာ တိရိစ္ဆာန်တွေရဲ့ဦးနှောက်တွေကို လျှပ်စစ်နဲ့လှုံ့ ဆော်လေ့လာခဲ့ကြတယ်။ အဲ့ဒီနောက် ခန္ဓာကိုယ်လှုပ်ရှားမှုတွေကိုထိန်းချုပ်ထားတဲ့ ဦးနှောက်ထဲကသက်ဆိုင်ရာဧရိယာတွေကို မြေပုံဆွဲ ခဲ့ကြတယ်။ တချိန်တည်းမှာပဲ ဆေးပညာနဲ့ဆိုင်တဲ့အစီရင်ခံစာတွေက လူတွေရဲ့ဦးနှောက်ထဲမှာ ဧရိယာအ မျိုးမျိုးထိခိုက်မှုကို အပြုအမူပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာယိုယွင်းချို့ တဲ့မှုတွေနဲ့ချိတ်ဆက်ပြခဲ့တယ်။ ဥပမာပြရ ရင် ဦးနှောက်ရဲ့ဘယ်ဖက်ခြမ်းက တိကျတဲ့ ဧရိယာတစ်ခုကိုထိခိုက်မိသွားတဲ့အခါ စကားပြောရတာမလွယ်ကူ တော့တာမျိုး။

ဦးနှောက်နဲ့အပြုအမူကြားဆက်နွယ်မှုကို အထောက်အထားပြနိုင်ခြင်းက သဘာဝသိပ္ပံဘာသာရပ်တွေမှာသုံး တဲ့ လက်တွေ့ ရှုကြည့်ခြင်း၊ တိုင်းတာခြင်းနည်းလမ်းတွေကို စိတ်ဖြစ်စဉ်လေ့လာရာမှာလည်း သုံးနိုင်ကြောင်း ထောက်ပြလိုက်သလို။ ၁၈၀၀ ကျော်နှစ်တွေလောက်မှာ ဂျာမန်သိပ္ပံပညာရှင်တွေက လူသားတွေရဲ့ အာရုံခံစား တုံ့ ပြန်မှုတွေကို တိုင်းတာကြည့်ခဲ့တယ်။ တုံ့ပြန်မှုဆိုတော့ လှုံ့ ဆော်မှုကရှိစမြဲ။ ရုပ်ပိုင်းဆိုင်လှုံ့ ဆော်မှုတွေ ကြောင့် ဖြစ်လာရတဲ့ အာရုံခံစားတုံ့ ပြန်မှုတွေကို တိုင်းတာခဲ့ကြခြင်းဖြစ်တယ်။ ဥပမာ ရုပ်ပိုင်းဆိုင်ရာပြင်းအား များသွားလို့ အသံပိုကျယ်သွားတယ်လို့ ခံစားရတာမျိုး။ ဒီလေ့လာစမ်းသပ်မှုတွေက “Psychophysics” ဆိုတဲ့  နယ်ပယ်တစ်ခုကို ဖြစ်ပေါ်စေခဲ့တယ်။ Psychophysics ဆိုတာ စိတ်မှာတွေ့ ကြုံရတဲ့  ခံစားမှုတွေဟာ ရုပ်ပိုင်း ဆိုင်ရာ လှုံ့ ဆော်မှုတွေရဲ့  စရိုက်လက္ခဏာအပေါ် ဘယ်လိုမူတည်နေလဲဆိုတာကို လေ့လာခြင်းပဲ။

ဒီကာလလောက်မှာပဲ “Charles Darwin” (၁၈၀၉-၁၈၈၂) ရဲ့ ဆင့်ကဲဖြစ်စဉ် သီးအရီပေါ်ထွက်လာခဲ့တယ်။ ဒါးဝင်ရဲ့  သီးအရီက အံ့သြတုန်လှုပ်မှုလှိုင်းတွေကို ထုတ်လွှင့်သွားခဲ့တယ်။ ဒီနေ့ အထိခံစားနေရဆဲ။ ဒါးဝင်ရဲ့  သီးအရီကို အပြင်းအထန် ဆန့်ကျင်သူတွေရှိခဲ့တယ်။ သူ့  သီးအရီက လူသားမျိုးနွယ်ရဲ့  အဆင့်အတန်းမြင့်မား မှု၊ အင်မတန်အရေးပါမှုတွေနဲ့ ပတ်သက်တဲ့ ဘာသာရေးယုံကြည်မှုတွေ၊ ဒဿနနယ်ပယ်က အယူအဆတွေကို ဆန့်ကျင်နေလို့ တဲ့။

ဆင့်ကဲဖြစ်စဉ်ကပြောတယ်။ လူသားရဲ့ စိတ်ဆိုတာ ရုပ်နဲ့ သီးခြားကင်းလွတ်နေတဲ့  ၀ိဥာဉ်လေးမဟုတ်ဘူးတဲ့။ လူသားနဲ့ တခြားသက်ရှိမျိုးနွယ်တွေကြား ဇီဝဗေဒဆိုင်ရာဆက်နွယ်မှုရဲ့ ရလဒ်တစ်ခုမျှသာ။ နောက်တစ်ခုထပ် ပြီး ဒါးဝင်သီးအရီရဲ့ အဓိပ္ပါယ်သက်ရောက်တစ်ခုရှိသေးတယ်။ သိပ္ပံပညာရှင်တွေအနေနဲ့  တခြားသက်ရှိမျိုးနွယ် တွေကိုလေ့လာပြီးတော့လည်း လူ့ အပြုအမူကိုသိရှိနားလည်နိုင်တာပဲဆိုတဲ့အချက်။ ၁၈၀၀နောက်ပိုင်းနှစ်တွေ မှာ အသိဥာဏ်တွေပေါင်းစုံလို့  စိတ်ပညာမြစ်တစ်စင်း စီးဆင်းခဲ့ပြီလေ။

“မွေးကင်းစ စိတ်ပညာ”

ခေတ်သစ်စိတ်ပညာကို “Leipzig” လိုက်ဇစ်(ဂ်)တက္ကသိုလ်မှာ ၁၈၇၉ခုနှစ် ဒီဇင်ဘာလက မွေးဖွားခဲ့တယ်လို့  သမိုင်းပညာရှင်တွေကပြောကြတယ်။ မွေးဖွားလာရတာက အခုလို။ Wilhelm Wundt (၁၈၃၂-၁၉၂၀) နဲ့ ကျောင်းသားနှစ်ယောက်က စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့တယ်။ လူတစ်ယောက်အသံကို ကြားရချိန်နဲ့  ကြား ရတယ်ဆိုတာကို အချက်ပြဖို့ ခလုတ်နှိပ်လိုက်တဲ့အချိန်ကြား ကြာသွားတဲ့  “time lag” ကိုတိုင်းတာဖို့ ။ ဒီစမ်းသပ်မှုက လူ့ အပြုအမူကို ဇီဝကမ္မဆိုင်ရာတိုင်းတာမှုကနေ တိုင်းတာပြုဖို့အားထုတ်မှုတွေထဲက တစ်ခုမျှသာ။

ဒါဆိုစမ်းသပ်မှုရဲ့ ထူးခြားမှုကဘာလဲ။ Wundt ရဲ့ စမ်းသပ်မှုက ဦးနှောက်ရဲ့ အလုပ်လုပ်ပုံဖြစ်နေခြင်းပဲ။ လူ့  ဦးနှောက်နဲ့ အာရုံကြောအဖွဲ့ အစည်းတို့  သတင်းအချက်အလက်ကို လုပ်ဆောင်မှုအဖြစ်ကူးပြောင်းရာမှာကြာ တဲ့အချိန်ကို တိုင်းတာဖို့ ကြိုးစားခဲ့ကြခြင်း ဖြစ်တယ်။
စိတ်ဖြစ်စဉ်တွေကို အရေအတွက်အားဖြင့်လည်း လေ့လာလို့ ရတယ်။ တနည်းအားဖြင့် တိုင်းတာလို့ ရတယ်ဆို တဲ့ အယူအဆကို ဒီစမ်းသပ်မှုက ပြောပြသွားခြင်းပဲ။

Wundt နဲ့လုပ်ဖော်ကိုင်ဖက်တွေ အဓိကထားရှာဖွေခဲ့တာက စိတ်ဖြစ်စဉ်ရဲ့အခြေခံလိုအပ်ချက်အစိတ်အ ပိုင်းတွေ (၀ါ) ဖွဲ့ စည်းတည်ဆောက်ထားပုံတွေဖြစ်တယ်။ ဥပမာပြရရင် ခံစားချက် “ feeling” ကို ရှုထောင့်သုံး မျိုးနဲ့သူတို့ဖော်ပြခဲ့ကြတယ်။ ကြည်နူးမှု(၀ါ) စိတ်ညစ်ညူးမှု၊ စိတ်ပင်ပန်းမှု(၀ါ) စိတ်အပန်းပြေမှု၊ စိတ်တက်ကြွမှု (၀ါ) စိတ်ဓာတ်ကျမှု။ Wundt ရဲ့ ကျောင်းသားတစ်ယောက်ဖြစ်တဲ့  E.B. Titchener (၁၈၆၇-၁၉၂၇) က Wundt ရဲ့ လေ့လာချည်းကပ်နည်းကို “Structuralism” လို့ နာမည်ပေးခဲ့တယ်။ Structuralism ဆိုတာ စိတ်ကို အခြေခံလိုအပ်ချက်အစိတ်အပိုင်းတွေ (Basic Elements) နဲ့ ဖွဲ့ စည်းထားတယ်လို့ ယူဆပြီး အဲ့ဒီအခြေခံ အ စိတ်အပိုင်းလေးတွေကို ခွဲခြမ်းဆန်းစစ်လေ့လာခြင်းပဲ။ (ဥပမာ ဓါတုဗေဒမှာ ရေကို ဟိုက်ဒရဂျင် နဲ့ အော့(ခ်) စဂျင် တို့ ပေါင်းစပ်ဖွဲ့ စည်းထားတာကို လေ့လာသလိုမျိုး)

စိတ်ရဲ့ ဖွဲ့ စည်းတည်ဆောက်ပုံလေ့လာတဲ့ နည်းက “introspection”။ introspection ဆိုတာက “စာဆန်ဆန် ပြောရရင်” အတွင်းထဲထိမြင်အောင် ကြည့်ခြင်းဖြစ်တယ်။ ဥပမာပြောရရင် လူတယောက်ကို ဓာတ်ခွဲခန်းထဲ ထိုင်ခိုင်းထားမယ်။ အဲ့လိုထိုင်နေချိန် တဂျစ်ဂျစ်မြည်တဲ့အသံကို ခဏခဏကြားနေရမယ်။ အဲဒီ
အခါ သူရဲ့အသိစိတ်မှာ အတွေးတွေဝင်လာလိမ့်မယ်။ သူ့စိတ်မှာ ဘာတွေဖြစ်နေလဲ၊ ဘာတွေတွေးနေလဲဆိုတာ တွေကို မြင်အောင်ရှုကြည့်ခိုင်းမယ်။ ပြီးတာနဲ့  သူမြင်သမျှ(၀ါ) သူ့စိတ်မှာပေါ်လာသမျှကို မချွင်းမချန်ပြန်ပြော ခိုင်းတယ်။ ဒီလိုချည်းကပ်တဲ့နည်းကို သိပ္ပံနည်းကျဖြစ်စေတာက လိုသလိုထိန်းချုပ်နိုင်တဲ့ ဓာတ်ခွဲခန်းအခြေအ နေမှာ လူတစ်ယောက်ရဲ့ စနစ်တကျ အသေးစိတ် မိမိအကြောင်းဖေါ်ပြခြင်းပဲ (systematic detailed self-report)။

ဒီလေ့လာမှုတွေက အာရုံခံစားမှု (sensation)၊ အာရုံကို အဓိပ္ပါယ်ဖန်တီးမှု (perception) တို့ကိုပဲ အဓိကထား ခဲ့တယ်။ ဒါတွေကို အစိတ်အပိုင်းလေးတွေအဖြစ်ခွဲခြမ်းလေ့လာလို့ ရတဲ့အတွက်ဖြစ်တယ်။ Tichener က အရသာကိုလေ့လာဖို့ “introspection” နည်းကိုသုံးခဲ့တယ်။ သူ့ လေ့လာမှုမှာပါဝင်သူတွေကို အရသာအမျိုးမျိုး ခွဲခြားပြီး မှတ်တမ်းလုပ်ထားဖို့ လေ့ကျင့်ပေးခဲ့တယ်။ ရလာဒ်ကတော့ အာရုံခံစားမှုမှာ အပိုင်းလေးပိုင်းကို ခွဲခြား သတ်မှတ်နိုင်ခဲ့ခြင်းပဲ။ အခါး၊အချို၊ အငန်၊ အချဉ်။ ရေရှည်မှာတော့ လူ့ အပြုအမူရဲ့အခြေခံလိုအပ်ချက်၊ အစိတ် အပိုင်းတွေကို “introspection”နည်းသုံးပြီးလေ့လာတာက သိပ်အကျိုးမများလှ။ စာဖတ်သူအနေနဲ့ 
“introspection” နည်းကိုသုံးပြီး သချာင်္ပုစ္ဆာတစ်ပုဒ်ကို ဘယ်လိုအဖြေရလာတယ်ဆိုတာ တခြားတစ်ယောက်ကို ပြောပြဖို့ ဖြစ်နိုင်တယ်။ ဒါပေမယ့် ဖုန်းနံပါတ်တခုကို စဥ်းစားစရာမလိုလိုက်ပဲ အလိုလိုမှတ်မိလိုက်တဲ့အဖြစ်ကိုကျ ဘယ်လိုရှင်းပြမလဲ။ “introspection” နည်းကိုသုံးဖို့ ဆိုရင် သိစိတ်အဆင့်ကိုရောက်ရမယ်။ အဲ့လိုစိတ်မှာ သိနေ တဲ့အရာမှသာ မြင်အောင်ကြည့်လိုရမှာ။ မသိလိုက်ရပဲမှတ်မိသွားတာကျ ဘယ်လိုရှင်းပြမလဲ။ မှတ်မိလိုက်တဲ့ ဖုန်းနံပါတ်ဘယ်နေရာက လာတာလဲ။ တစ်နေရာရာကလာတယ်ဆိုရင် နေရာတစ်ခုခုမှာ သိမ်းထားလို့ ပဲ။ အဲ့ဒီတော့ ဘယ်မှာသိမ်းထားလို့ လဲ။ သိမ်းထားတာကို ဘယ်လိုရှာတွေ့ တာလဲ။

အမေရိကမှာ “Structuralism” က တဖြည်းဖြည်းနဲ့ “Functionalism” ကို လမ်းဖောက်ပေးခဲ့တယ်။ Functionalism လက်ခံကိုင်စွဲထားတာက အခုလို။ “စိတ်ပညာက သိမှုရဲ့ ဖွဲ့ စည်းတည်ဆောက်ပုံထက် သိမှုရဲ့ လုပ်ငန်းဆောင်တာတွေကို လေ့လာသင့်တယ်” ။ “Structuralism” နဲ့ “Functionalism” ကို ဥပမာတစ်ခုနဲ့  တင်စားပြပါတယ်။ လက်မောင်းနဲ့ လက်ကို စိတ်ထဲမြင်ကြည့်လိုက်ပါ။ Structuralist တစ်ယောက်ဆိုရင် လက် မောင်းနဲ့ လက်ကိုဖွဲ့ စည်းထားတဲ့ ကြွက်သားတွေ၊ အရွတ်တွေ၊ အရိုးတွေကို လေ့လာပြီး သူတို့ ရဲ့ လှုပ်ရှား မှုကို ရှင်းပြပါလိမ့်မယ်။ Functionalist တစ်ယောက်ကတော့ အခုလိုမေးပါလိမ့်မယ်။ ငါတို့ မှာဘာကြောင့် လက် မောင်းတွေ လက်တွေရှိနေတာလဲ။ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် လက်မောင်းတွေ လက်တွေ က ငါတို့ ကိုဘယ်လိုကူညီပေးနိုင်မလဲ။ Functionalist တွေက စိတ် ဖြစ် စဉ်နဲ့ ပတ်သတ်ပြီးအလားတူမေးခွန်းမျိုးကိုပဲ မေးပြီးလေ့လာကြပါတယ်။ Functionalist တွေ အပေါ် ဒါးဝင်း ရဲ့ ဆင့်ကဲဖြစ်စဉ် သီးအရီကလည်း တစ်စိတ်တစ်ပိုင်းအားဖြင့် လွှမ်းမိုးထားပါတယ်။ ဒါကြောင့်လဲ Functionalist မှာ အချက်အချာကျဆုံးမေးခွန်းက လူတွေရဲ့ တွေးခေါ်မှုက ဘာကြောင့်လိုက်လျောညီထွေသဘောဆောင် နေ တာလဲတဲ့။ William James (၂၈၄၂-၁၉၁၀)ဆိုတာ Functionalist လှုပ်ရှားမှုရဲ့  ခေါင်းဆောင်တစ်ယောက်ပေါ့။
သူနဲ့ တခြား Functionalist တွေက စိတ်မှာအခြေခံလိုအပ်တဲ့ တောင့်တင်းမာကျောတဲ့  ဖွဲ့ စည်းတည်ဆောက်ပုံ ရှိတယ်ဆိုတာကို မယုံကြည်ပါဘူး။ James ကတော့ စိတ်ကိုပြောင်းလွယ်ပြင်လွယ် “flexible”၊ အလျဉ်မပြတ် စီးဆင်းနေတဲ့သဘော “fluid” လို့ မြင်တယ်။ အစဉ်မပြတ်စီးဝင်နေတဲ့ သတင်းအချက်အလက်တွေနဲ့ လိုက်ပြီး မပြတ်ပြောင်းလဲနေတဲ့သဘော၊ လိုက်လျောညီထွေပြုပြင်နေတဲ့ သဘောဖြစ်တယ်။ James က Structuralist တွေ စိတ်ဖြစ်စဉ်ကို အစိတ်အပိုင်းလေးတွေခွဲပစ်တာကို ဆန့် ကျင်ပါတယ်။ ဒါကြောင့်လဲ နောင်အခါမှာ အတွေး တွေ သဘာဝအလျောက်စီးဆင်းမှုကို James က “သိမှုအလျဉ်” (stream of consciousness) လို့ အမည်ပေး ခဲ့ပါတယ်။ James က Harvard တက္ကသိုလ်မှာ စိတ်ပညာ၊ ဇီဝကမ္မဗေဒ၊ ဒဿနိကဗေဒ ပညာရပ်တွေကို သင် ကြားပို့ချခဲ့တယ်။ James ရဲ့  Functionalist ချဉ်းကပ်နည်းက စိတ်ပညာနယ်ပယ်ကို ပိုကျယ်စေခဲ့တယ်။ ဇီဝဗေဒ ဆိုင်ရာဖြစ်စဉ်တွေ၊ စိတ်ဖြစ်စဉ်တွေ၊ အပြုအမူတွေ ဒါတွေကို စိတ်ပညာမှာ လေ့လာစေဖို့  Functionalist ချဉ်းကပ်နည်းက ကူညီပေးခဲ့တယ်။ “Functionalist” ဟာ စိတ်ပညာနယ်ပယ်အတွင်း အများကျင့်သုံးတဲ့ တွေး ခေါ်ပုံတစ်ရပ်အနေနဲ့  ရေရှည် မတည်တံ့ခဲ့ပေမယ့် ဒီကနေ့ခေတ်သစ်စိတ်ပညာရဲ့  နယ်ပယ်နှစ်ခုအပေါ်မှာ သြဇာလွှမ်းမိုးမှုရှိပါတယ်။ တစ်ခုက “cognitive psychology” (စိတ်ဖြစ်စဉ်တွေကို လေ့လာတဲ့  စိတ်ပညာ နယ်ပယ်)။ ကျန်တစ်ခုက “evolutionary psychology” (အပြုအမူနဲ့ လိုက်လျောညီထွေမှုကို အာရုံစိုက် လေ့လာတဲ့ စိတ်ပညာရဲ့  နယ်ပယ်တစ်ခု)။

“ရွေ့ လျားအားရှိ စိတ်ပညာရဲ့ ရှုမြင်ပုံ”
The Psychodynamic Perspective

စာဖတ်သူအနေနဲ့ ကိုယ်ပြုမူလိုက်တဲ့ အပြုအမူတစ်ခုကို ကိုယ်ကိုယ်တိုင် နားမလည်ဖြစ်ဖူးပါသလား။ ကိုယ် ခံစားနေရတာတစ်ခုကို ဘာလို့ ခံစားနေရမှန်းမသိ ဖြစ်ဖူးပါသလား။ ဥပမာ ဒီအခန်းအဖွင့် မှာရေးခဲ့တဲ့“ရေး” လို ဘာကြောင့်ရှက်ရွံ့ နေရတာလဲဆိုတာကို “ရေး” ကိုယ်တိုင်မသိသလိုမျိုး။ ရွေ့ လျားအားရှိ စိတ်ပညာရှုမြင်ပုံ အရဆိုရင် အပြုအမူရဲ့ အကြောင်းရင်းတွေကို “personality” အတွင်းလုပ်ဆောင်မှုတွေမှာ ရှာဖွေရမယ်။ “မသိစိတ်” ဖြစ်စဉ်တွေရဲ့ အခန်းကဏ္ဍကိုလည်း အလေးထားအာရုံစိုက်ရမယ်။ (personality ကိုနောက်အခန်း ကျမှ အသေးစိတ်ရေးပါမယ်။ အကျဉ်းရေးရရင် personality ဆိုတာ လူတစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ အဲ့ဒီတော့ လူတစ်ယောက်ချင်းစီအတွက် ခြားနားသိသာစေပြီး အချိန်အတော်ကြာရေရှည်ခံတဲ့တွေးခေါ်စဉ်းစား ပုံ၊ ပြုမူပုံတို့ ကို “personality” လို့  အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ ဘ၀အခြေအမျိုးမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ လူတစ် ယောက်ရဲ့တုန့်ပြန်မှုတွေကို အဲဒီလူရဲ့ တွေးခေါ်စဉ်းစားပုံ၊ ခံစားပုံ၊ ပြုမူပုံ (၀ါ) personalityက သွင်ပြင်လက္ခဏာ ဆောင်ထားပါတယ်။)
(“Unconscious mind”ကို မသိစိတ်လို့ကျွန်တော်ဘာသာပြန်ထားတာနဲ့ ပတ်သက်ပြီးအနည်းငယ်ရှင်းပြလိုပါတယ်။
Unconscious mind ဆိုတဲ့ဝေါဟာရနဲ့ ပတ်သက်ပြီး ဒီဝေါဟာရကိုစသုံးခဲ့တဲ့ “Sigmund Freud” ကိုစိတ်ပညာရှင် တချို့ ကစောဒကတက်ခဲ့တာရှိပါတယ်။ mind ဆိုတာ (သာမန်အဓိပ္ပါယ်ဆိုရင်) consious ဖြစ်တယ်။ အဲဒီတော့
unconsious mind ဆိုတာ unconsious consiousness ဖြစ်နေတယ်။ မြန်မာလို မသိစိတ်လို့ ဘာသာပြန်ရာ မှာလည်း အဲဒီလိုစကားလုံးကို ၀ိရောဓိသဘောထပ်ဖြစ်နေပြန်တယ်။ တက္ကသိုလ်ဘုန်းနိုင်ရဲ့  “ကိုယ့်အလှဘ၀ ငွေလမင်း” ၀တ္ထုထဲမှာ ဆိုရင် ဇာတ်ကောင်တင်အောင်ထွန်းက “Freud” ရဲ့ မသိစိတ်အသုံးကို လှောင်သလိုလိုပြောထား တယ်။ တကယ်တော့ mind ကို consiousness၊ စိတ်ကို သိခြင်းလို့  ယေဘုယျနားလည်ထားမှုနဲ့  Freud အယူ အဆကို ချဉ်းကပ်တာကိုကအမှား။ Freud က mind ကို ရေခဲတုံးကြီးတစ်ခုအနေနဲ့  ပုံစံ “model” ထုတ်ပြ တယ်။ ရေမျက်နှာပြင်အောက်မှာမြှုပ်နေတာက ရေခဲတုံးကြီးရဲ့  အစိတ်အပိုင်းအများစု (ပြောရရင် ၆/၇)။ ရေမျက်နှာပြင် အထက်မှာပေါ်နေတဲ့ ရေခဲတုံးကြီးရဲ့အစိတ်အပိုင်း လေးကမပြောပလောက် (၁/၆)။ စိတ်ရဲ့သိမှုအပိုင်းလေးဟာ လဲ ရေမျက်နှာပြင်အထက်ပေါ်နေတဲ့ ရေခဲတုံးကြီးရဲ့အစိတ်အပိုင်းလေးလောက်သာ။ စိတ်ရဲ့မသိမှုအပိုင်းကကျ တော့ ရေအောက်မြုပ်နေတဲ့ ရေခဲတုံးကြီးရဲ့ အစိတ်အပိုင်းတော်တော်များများလောက်ရှိတယ်။ အသေးစိတ်ကို တော့ သက်ဆိုင်ရာအခန်းမှ ဆက်ပါမယ်။ ဒီနေရာ အဓိကပြောလိုတာက စိတ်ဆိုတာကိုသိခြင်းလို့ ယေဘုယျ နားမလည်ထားမိဖို့ ပါ။ ဒီလိုနားလည်ထားရင် မသိစိတ်ဆိုတာကို လေ့လာလို့ ရမယ်မထင်။ )
image
Writer by@suyee
Thank all steemit

Sort:  

This post has received a 0.85 % upvote from @drotto thanks to: @suyee.