အဖွင့် အပိတ်

in #artzone7 years ago

image

အဖွင့် အပိတ်

3 Idiots ဇာတ်ကားရဲ့ ဆက်စပ်အတွေးလို့ ဆိုချင်ပါတယ်။

ဒီကားထဲမှာ ကောလိပ်ကျောင်းတစ်ခုတည်းကို အတူတူရောက်လာပြီး ပေါင်းသင်းနေတဲ့ သူငယ်ချင်း သုံးယောက်ထဲမှာမှ ရန်ချိုဆိုတဲ့ကောင်လေးက ဘာဖြစ်လို့ သူများတွေထက်တော်နေရသလဲ။ ဘာကြောင့် သူ့ သူငယ်ချင်းနှစ်ယောက်ကို ဦးဆောင်နေသလဲ။

သူ့ကလေးဘဝကို ပြစဉ်က သူ့သူဌေးလေးရဲ့ ကျောင်းဝတ်စုံကို ယူဝတ်ပြီးတော့ တက်ချင်တဲ့အတန်းသွားတက် တယ်။ အလယ်တန်းအဆင့်လောက်က အထက်တန်းအဆင့် သင်္ချာကို စူးစမ်းတွက်နေတယ်ဆိုတဲ့ အခန်း တစ်ခန်း ပါလာတယ်။

နောက်ပြီး ကောလိပ်ရောက်တော့လည်း ပညာသင်ချင်တဲ့စိတ်ရှိဖို့ပဲလိုတယ်။ ကြိုက်တဲ့အတန်းကို ဝင်ထိုင်ပြီး ပညာယူနိုင်တယ်ဆိုတဲ့ အတွေးအခေါ်လေးတွေပါလာတယ်။

ကလေးဘဝကတည်းက ကိုယ်တိုင် အားထုတ်ချင်စိတ်၊ လွတ်လပ်တဲ့အတွေးနဲ့ ဖောက်ထွက်ချင်စိတ်တွေ ကလေးမှာရှိနေတယ်။ ကောလိပ်ကျောင်းလာတော့လည်း သူများနဲ့ မတူအောင် ဇောက်ထိုးတွေးတယ်။ ပြောင်းပြန်တွေးတယ်။

ကျွန်တော် ကျောင်းဆရာလုပ်ခဲ့တဲ့ သက်တမ်းမှာလည်း ငြိမ်ကုပ်နေတဲ့ ကလေးတွေနဲ့ ပြဿနာကောင်တွေ အများကြီးတွေ့ဖူးတယ်။ ပြဿနာကောင်ဆိုတာက အခြားဆရာတွေ သတ်မှတ်တာပါ။ ကျွန်တော်ကတော့ အဲဒီလို ကလေးတွေကို ပိုချစ်တယ်။ ဘာကြောင့်လဲဆိုတော့ အစဉ်အလာဘောင်ကို ဖောက်ထွက်ချင်နေတဲ့ ကောင်လေးတွေ ကောင်မလေးတွေလို့ သဘောထားပြီး သူတို့ကိုရအောင်ပေါင်းလိုက်ရင် အဆင်ပြေ သွားတာပဲ။

ကျွန်တော့် ကျောင်းဆရာသက်တမ်းမှာ ပြဿနာကောင်လေးတွေ ကောင်မလေးတွေဟာ ကျောက်ရိုင်းတုံးလေး တွေပဲ။ ကျွန်တော်က ရအောင်သွေးတယ်။ အဲဒီကလေးတွေ ထူးချွန်ရင် သူများထက်လွန်တယ်။ ကိုယ်တွေ့ပါ။ နောက်တော့ အဲဒီကလေးတွေအကြောင်း ရေးဦးမယ်။

ဒီနေရာမှာ ပြောချင်တာက

ကလေးတွေကို open-minded ဖြစ်အောင် ဘာကြောင့် လမ်းမဖွင့်ပေးနိုင်ကြတာလဲ

Open-minded ဖြစ်အောင်ဆိုတဲ့ သဘောတရားက စိတ်ကူးသစ်တွေ၊ အကြံဉာဏ်သစ်တွေကို ဖော်ထုတ်ချင်တဲ့ ဆန္ဒတွေ ရှိလာအောင် လုပ်ပေးတာမျိုးပါ။

ကျွန်တော်တို့ ကလေးတွေကို မှားတာမှန်တာမသိ၊ စူးစမ်း လေ့လာခွင့်လည်းမပေး၊ မျက်စိမှိတ်ပြီး ယုံကြည်ခိုင်းတာ မျိုးကတော့ prejudice ဖြစ်အောင်လုပ်နေတာပဲ။ ဒါကြောင့် Open-minded ဖြစ်အောင် လုပ်တယ်ဆိုတာ unprejudice ဖြစ်အောင်လုပ်ပေးတာပဲ။

image

အဘိဓာန်မှာလည်း “willing to consider new ideas; unprejudice” လို့ Open-minded ကိုရှင်းပြထားတာတွေ့ရတယ်။

ကျွန်တော်မနက်က အင်တာနက်ကနေ သတင်းစာတစ်စောင်ဖတ်တော့ အိန္ဒိယက စာရေးဆရာတစ်ယောက်က Huffington Post မှာ ဆောင်းပါးတစ်ပုဒ်ရေးထားတာလေး သဘောကျတယ်။

“ကျွန်တော်တို့ ပညာရေးက ကလေးတွေကို တွေးတတ်အောင် သင်ပေးနေတာ မဟုတ်ဘူး။ ရေးတတ်အောင်ပဲ သင်နေကြတာ။ မေးခွန်း မေးတတ်အောင် မသင်ဘူး။ အလွတ်ကျက်တတ်အောင် သင်နေကြတာ။ ဒီလို ပညာရေးမျိုးနဲ့ အနာဂတ်ကို စိတ်ကူးယဉ်နေတာ အံ့သြစရာ” တဲ့ဗျာ

ကဲ မြန်မာ့ပညာရေးလည်း “ထိုနည်းလဂေါင်း … ထိုနည်းလဂေါင်း (လည်းကောင်း)” မထူးပါဘူးဗျာ။

တွေးတတ်မှ မေးတတ်သဗျ။ မေးတတ်မှ ကလေးတတ်သဗျ။

မြန်မာ့ပညာရေးစနစ်မှာ ရန်ချိုလိုကောင်လေး မျိုးတွေ ပေါ်ထွန်းစေချင်ရင် ကမ္ဘာကိုမြင်အောင်ကြည့်ရတော့မယ်။

ကမ္ဘာကိုမြင်အောင်ကြည့်ဆိုတာ ဝါးလုံးခေါင်းထဲက ကြည့်ခိုင်းတာ မဟုတ်ဘူး။ ဝါးလုံးခေါင်း အပြင်ကို ထွက်ခိုင်းပါ၊ လေကောင်းလေသန့်လေးရှူခိုင်းပြီး လောကကြီးကို ရင်ဆိုင်ခိုင်းဖို့လည်းလိုတယ်။

တစ်ခုပြောချင်ပါသေးတယ်

Close-minded ကို အသေစွဲ၊ ဆုပ်ကိုင်၊ ငုတ်တုတ်ထိုင်ပြီးချည်ထားတဲ့ လူတွေဆီကနေ Open-minded တွေ ထွက်လာဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်လည်းပြန်သုံးသပ်ကြည့်ပါ

ဖွင့်ထားသလား ပိတ်ထားသလား

တင်ညွန့်

photo : facebook

image

Sort:  

WARNINGCONFIRMED SCAM!
DO NOT FOLLOW any instruction and DO NOT CLICK on any link in the comment!

Please consider to upvote this warning or to vote for my witness if you find my work to protect you and the community valuable. Your support is really appreciated! - The message you received from @dedekmanish is a For more information, read this post: https://steemit.com/steemit/@arcange/phishing-site-reported-steemlove