အချိန်တိုင်း သေဆုံးနေပြီး
အချိန်တိုင်း ရှင်သန်နေတဲ့
ကိုယ့်ကိုယ်ကို
မေ့သွားခဲ့တယ်...
အစားထိုးကုထုံးတွေထဲ
မပါနိုင်တဲ့ အချိန်တွေထဲ
တိုးဝင်နေရခြင်းကို
ရုန်းကန်မှုလို့ မထင်မိခဲ့တဲ့
ကျွန်မကိုယ်တိုင်..သိပ်ကို မိုက်မဲလွန်းခဲ့တယ်
သတိရှိဖို့ သတိထားဖို့ထက်
သတိလက်လွှတ် ရယ်မောနေရတာကို
မမီမကမ်း ဖမ်းဆုပ်ရင်း
ကိုယ့်သာယာမှုနဲ့ ကိုယ်..
ကိုယ်လိုရာအရပ်ဟာ
တဖြည်းဖြည်းဝေးလာတယ်
မခက်ခဲပေမဲ့ နက်နဲလွန်းတဲ့ပုစ္ဆာတွေဆီမှာ
အဖြေရှာနည်းတွေရှိပြီးသားတဲ့
ကျွန်မကတော့ မကြည့်ခဲ့မိဘူး
(ပျင်းလို့)
ကျွန်မ ဘုရင့်နောင်လို
ဖောင်ဖျက်ပစ်လိုက်ဖို့ စိတ်ကူးရှိတယ်
ဒါပေမဲ့
ဖောင်နဲ့ မျှောနေရခြင်းထဲက
ပတ်ဝန်းကျင်လေးကပဲ
ဆွဲဆောင်ထားခဲ့ပြန်ရော...