တစ်ခါတစ်လေမှာ အလုပ် များနေကြတဲ့သူတွေက အလုပ်အပြင် တစ်ခြားကိစ္စတွေကို စဉ်းစားဖို့ အခြေအနေမပေးနိုင်ကြဘူးလေ ။ မိမိဘဝရဲ့ အမှတ်တရအဖြစ်အပျက်တွေဆိုတာကတော့ လူတိုင်းမှာ ရှိခဲ့ကြတာဘဲလေ …။ အဲ့ဒီလိုအဖြစ်အပျက်တွေကို သတိရတတ်တဲ့လူတွေကတော့ အလုပ်နဲ့ဘဝကို ခွဲခြားထားတတ်တဲ့ သူတွေဘဲ ။
ကိုယ့်ရဲ့ အလုပ်က ကိုယ့်ဘဝကိုမြှင့်တင်ပေးတတ်သလို ကိုယ်ဖြစ်ပျက်ခဲ့တဲ့ အမှတ်တရတွေကလည်း မိမိတွေးမိလိုက်တိုင်းမိမိရဲ့ စိတ်ကို ပျော်ရွှင်ကျေနပ်မှုရစေတယ်ဆိုတာ မမေ့ပါနဲ့လေ ။ မိမိတို့ရဲ့ ဘဝဆိုတာ တိုတောင်းလွန်းတယ် ။ ပြီးတော့ မှော်ဆန်တယ် ။ လှပတယ် ။
အဲ့ဒီလို ဘဝကြီးထဲမှာ အလုပ်တွေကိုဘဲ ဖိလုပ်မနေဘဲနဲ့ မိမိရဲ့စိတ်ကိုပျော်ရွှင်အောင်ထားပြီး နေထိုင်တတ်ဖို့ကလဲ လိုသေးတယ် ။ ကျွန်မမှာလဲ ငယ်စဉ်ကနေ အခုချိန်ထိဆိုရင် အမှတ်တရတွေ အများကြီးဘဲ ။ အဲ့ဒီလိုအမှတ်တရတွေထဲမှာမှ ငယ်ဘဝက ကျွန်မရဲ့ အမှတ်တရလေးတစ်ခုအကြောင်းပြောပြချင်တယ် ။
ကျွန်မက ငယ်ငယ်ကဆို အရမ်းရှက်ပြာရှက်ပြာဖြစ်တတ်တဲ့ မိန်းကလေးတစ်ယောက်ပေါ့ ။ ကျွန်မကို အဲ့ဒီ ရှက်ပြာနိုင်လွန်းတဲ့စိတ်ကဘဲ လွှမ်းမိုးထားခဲ့တာ ။ ဘယ်နေရာမှာဆိုလဲ ရှက်ပြာနိုင်လွန်းတယ် ။ ဒါကြောင့်မို့ သူငယ်ချင်းတွေရဲ့ အစလဲ အခံရဆုံးပေါ့ ။ဘယ်လိုတွေကြောင့် ရှက်ပြာလွန်းတဲ့ကျွန်မ ပြောင်းလဲသွားခဲ့တာပါလိမ့်.…?အကြောင်းမဲ့တော့မဟုတ်ပါဘူး ။ အဲ့ဒီလိုဖြစ်စေခဲ့တဲ့ အချိန်ကတော့ အလယ်တန်းတုန်းကပေါ့ ။ ကျွန်မ ကျောင်းနောက်ကျတဲ့နေ့ပေါ့ ။ အဲ့ဒီအချိန်က မိုးတွင်းဆိုတော့ လမ်းကလည်းရွှံ့ဗွက်တွေနဲ့ ။
ကျွန်မက ကျောင်းကိုအမြဲလမ်းလျှောက်ပြီးသွားတာ ။ သူငယ်ချင်းတွေနဲ့ဆိုတော့ အရမ်းပျော်စရာကောင်းတယ် ။ (စကားများပီးသွားတာဆိုတော့လေ) ။ ဒါပေမယ့် အဲ့ဒီနေ့ကတော့ သူငယ်ချင်းတွေ လာခေါ်ပေမယ့် ကျွန်မ မလိုက်သွားခဲ့ဘူး ။ (အကြောင်းက ကျွန်မ ဗိုက်နာနေလို့အိမ်သာ တက်မလို့) ။ အားလုံးပြင်ဆင်ပြီးတော့ အချိန်က နောက်ကျနေပြီ ။ ဒါနဲ့ဘဲ မြန်မြန်လမ်းလျှောက်ပီး ကျောင်းကိုသွားရတော့တာပေါ့ ။
စိတ်ကလောနေတော့ ဘာမှမသိတော့ဘူး ။ ဘာလို့ဆို ကျွန်မတို့အတန်းရဲ့ အတန်းပိုင်ဆရာမက နဲနဲဆိုးတယ် ။ ကျောင်းနောက်ကျရင်အတန်းရှေ့မှာ နားရွက်ဆွဲထိုင်ထလုပ်တတ်ခိုင်းလို့ ကျွန်မလဲ ကျောင်းကိုအချိန်မှီမရောက်မှာ စိုးရိမ်နေခဲ့တာ ။ ဒီလိုနဲ့ဘဲကျောင်းကို ဘယ်လိုရောက်သွားမှန်းမသိတော့ဘူး ။ ကျောင်းတော့မတက်သေးဘူး ။ ကျွန်မက လမ်းလျှောက်တာ အားချင်းမြန်တာကိုး ။
သူငယ်ချင်းတွေနဲ့ ကျောင်းကို အတူသွားရင်ဆိုလဲ သူတို့က ပြောပြောနေရတယ် ။'ဟေ့နင်လမ်းလျှောက်တာ အဲ့လောက်မမြန်နဲ့လေ နင့်နောက်ဘယ်သူ့မှမလိုက်ဘူးတဲ့လေ '။ အဲ့ကြောင့် သူတို့နဲ့သွားရင်းဖြေးဖြေးဘဲလျှောက်ရတာ ။ အခုကျတော့ နဂိုကလဲ လမ်းလျှောက်တာမြန်တာနဲ့ နားရွက်ဆွဲထိုင်ထ လုပ်ခိုင်းမှာကို ကြောက်ရတာနဲ့ဆိုတော့ ခါတိုင်း ဆယ်မိနစ်နဲ့ ရောက်ဆို အခု ငါးမိနစ်လောက်နဲ့ရောက်သွားတာပေါ့ ။ ကျောင်းရှေ့ရောက်တော့ ကျွန်မ ထင်မိတာပေါ့ ။ကျွန်မကိုများကြည့်နေသလားလို့ပေါ့ ။
(ဘာလို့ဆို ကျောင်းသားလေးတွေက ကြည့်နေတာကိုး) ။ ဒါနဲ့ ကျွန်မလဲ မဆီမဆိုင်တွေးလိုက်သေးတယ် ။ (ဟယ်…ငါဒီနေ့တော်တော်တောင်လှနေလို့လားပေါ့ ) ။ ထုံးစံအတိုင်းကျွန်မပြုံးမိပြန်ပီ ။ နောက်ပြီးပြန်ကြည့်လိုက်တော့လဲ ကြည့်နေကြပြန်ပီ ။ဒီတစ်ခါတော့ ကျောင်းသားလေးတွေသာမကတော့ဘူး မိန်းကလေးတွေရော ကလေးတွေပါ ကွက်ကြည့်ကြည့်နေကြတာပါ ။ ကျွန်မ အရမ်းသိချင်နေပီ ။ ကျွန်မ ဘာများဖြစ်လဲပေါ့ ။ ဒါပေမယ့် ရိုးရိုးလေးဘဲ တွေးမိတဲ့ ကျွန်မ မသိသေးဘူး ။ စိတ်ထဲမှာတောင်တွေးလိုက်သေးတယ် ။(အော်…လူတွေလူတွေ တော်တော် စပ်စုကြတာပါလား ကိုယ့်ဘာကိုယ်တောင်အေးဆေးမနေရပါလားလို့ပေါ့ ) ။
ဒီလိုနဲ့ဘဲ ကျွန်မ အတန်းထိရောက်လာတယ် ။ မိုးကာအင်္ကျီ ချွတ်ပီးလှမ်းနေလိုက်တယ် ။ အဲ့ဒီအချိန်မှာ နောက်ကျောပေးထားတာဆိုတော့ သူငယ်ချင်းက မြင်သွားတယ်ထင်တယ် ။ ရယ်နေတယ်လေ ။ ကျွန်မလဲ မိုးကာလှမ်း ထီးချိတ်ပီး ကျွန်မတို့ထိုင်ခုံကိုပြန်လာတဲ့အထိ သူတို့ရယ်နေတုန်း ။ ကျွန်မလဲ စာအုပ်တွေထုတ်နေရင်းနဲ့မေးလိုက်တဟ် ။'ဟဲ့ ဘာတွေရယ်နေကြတာလဲဟ ' ။ သူတို့က အဲ့ချိန်ကျမှ ပြုးံစိစိနဲ့ 'နင့်ကို လူတွေ ဝိုင်းကြည့်ရဲ့လားတဲ့' ။
ကျွန်မလဲ အစကတော့ကြောင်သွားတာပေါ့ ။ (ဟုတ်တယ်လေ…သူ့စကားက အစပ်အစပ်မှမရှိဘဲ) ။ နောက်မှ ကျွန်မ အံ့သြပီး 'ဟင် နင် ဘယ်လိုတောင်သိတာလဲ .? သူက ချက်ချင်းမဖြေသေးဘူး ဘေးနားက သူငယ်ချင်းနဲ့ ကြည့်နေကြပီးမှ 'အော် ငါတို့ သူငယ်ချင်းက ဒီနေ့အရမ်းလှနေလို့ မေးကြည့်တာပါကွာ ' ။ ဟုတ်တယ် မဟုတ်လားဆိုပီးဘေးနားက တစ်ယောက်နဲ့ပြောနေကြတာ မျက်နှာဘေးတွေက ပြုံးစပ်စပ်နဲ့ ။
ဆက်လက်ဖေါ်ပြပေးပါမည်။
Bawk San Tun ( Flawra )
အရေးအသာ အရမ်းကောင်းပါတယ် ညီမလေး .... စာလုံးပေါင်း သတ်ပုံ လေးတွေသာ သေချာ ဂရုစိုက်ပေးပါ။