Father-(koawelay)

in #esteem-awesome7 years ago

အိ အကိုတစ်ယောက် ရဲ့ ဝတ္ထုလေးပါ
ကြိုက်လွန်းလို့ savထားတာကြာပါပီ ခုပြန်လည်ဝေမျှပေးတာပါ steမှာလည်း စာဖတ် ပရိတ်သတ်တွေရှိနေတယ်လို့ သိလာရလို့ပါ ဝတ္ထုဟာ ရသ သုတ ပေးနိုင်တဲ့ စာပေမို့ ဖတ်သင့်တဲ့စာလေးဖြစ်လို့ ဝေမျှတာလည်း ပါပါတယ်

ဗောဓိသစ္စာ မွေးနေ့  အကြို
အဖေ အကြောင်း ဝထ္ထု တို ပြိုင်ပွဲဝင် စာမူ

တန်ဖိုးနည်း အိမ်ရာ

“မပု မအိပ်သေးဘူးလား”
ညဆယ့်နှစ်နာရီထိုးလုထိုးခင် အထိ မပု မအိပ်သေး။ သူ မအိပ်သေးသောကြောင့် စိတ်ချလက်ချ မအိပ်နိုင် ဖြစ်နေမှန်း ဦးမောင်မောင် သိသည်။
“ကျွန်မ မျက်လုံးကြောင်နေလို့ပါ ရှင် ၊ လဖ္ဘက်သုတ် တန်ခိုးထင်တယ်”
“မပုရယ် နင်နဲ့ ငါ ပေါင်းလာတာ သုံးဆယ့် လေးနှစ်ကျာ်ပြီ၊ ငါမအိပ်သေးလို့ မှတ်လား”
မပုက မငြင်းတော့။
“အေး သိလဲ ပြီးတာပဲရှုင် ၊ ရှင် ဘယ်အချိန်အိပ်မှာလဲ၊ ခေါင်းထဲ မှာ သားကြီး မင်္ဂလာဆောင် ကိစ္စ ပဲ တွေးနေတာမလား၊ ပူမနေပါနဲ့၊ စက်ရုံက ငွေစုငွေချေးထုတ်တာနဲ့ ကျွန်မတို့ ရွှေ လေးတွေနဲ့ဆို ဖြစ်ပါပြီ၊ မင်္ဂလာစရိတ် ကျေ မှာပါ”
မပုက မိန်းမသားပီပီတွက်ချက်ပြနေသော်လည်း သူ စိတ်မအေး။ သားကြီး ဝေယံ မိန်းမ ခိုး လာကတည်းက ခေါင်းထဲ အပူမီး တဟုန်းဟုန်း တောက်နေမိသည်။ ကောင်မလေးက တစ်နယ်သူ၊ အဆောင်ကနေ ကျောင်းတက်နေသူ ဖြစ်သည်။ သားရှုင် ပီပီ တာဝန်ရှိလာခဲ့သည့် အတွက် မလုပ်ပေးလို့က မရတော့။
“အင်း မင်းတွက်တော့လဲ အဆင်ကိုချောလို့နော်၊ ငါတို့ မှာလည်း စုထားဆောင်းထားတာလေးတွေပါ ထုတ်သုံးရမှာ၊ အလတ်မ ကျောင်းစရိတ်ကလဲ ပုံမှတ်ထောက်နေရတာ ဆိုတော့”
သူ စကား ရပ်သွားမိသည်။ မပု ခမျာမှာတော့ အပြုံးမပျက်။ သောကကို မြိုသိပ် ထားမှန်းသူသိသည်။
“ကဲပါ ကိုမောင်ရယ် အိပ်ဖို့လုပ် မနက်ဖြန်ရုံးတက်ရမယ်လေ၊ ကျွန်မတို့ ရုံးမှာ ငွေစုငွေချေး ထုတ်ဖို့ လုပ်ကြတာပေါ့”
မပု စကားကို နားထောင်ကာ အိပ်ယာဝင် ခဲ့သော်လည်း အတွေးစ က ရပ်မရ။ ဦးမောင်မောင် တို့ လင်မယား က အစိုးရ စက်ရုံတစ်ခုမှ ၀န်ထမ်းများ ဖြစ်၏။ အိမ်ထောင်သက် လုပ်သက် များကြောင့် ယခု ၀န်ထမ်းလိုင်းခန်းလေးကို ရထားသော်လည်း အစိုးရ ၀န်ထမ်းတို့၏ ထုံးနည်း အတိုင်း ပင်စင် ယူချိန် ပြန် အပ်ရမည်။ နေစရာ အပိုင်ရယ်လို့ စီစဉ် ချိန်မရအောင် များပြားလေးလံသော မိသားစု ၀န် က သူတို့ ထံ တနင့်တပိုး။ သားကြီးက အခု မိန်းမ ခိုးလာသည်။ အခန်းလွတ်နှစ်ခုသာ ရှိသော သူတို့ လိုင်းခန်းအတွင်း သားကြီး အတွက် တစ်ခန်း ပေးလိုက်ရပြန်သည်။ ကျန်တစ်ခန်းမှာအပျိုပေါက် အရွယ်ရောက်နေပြီ ဖြစ်သော သမီးလတ် စိုးစိုး ကိုပေးထားရပြီး သမီးလတ် ကျောင်းသွားတက်နေစဉ် အငယ်နှစ်ယောက်ကို ပေးထားရသည်။ သူတို့ လင်မယား က ဘုရားစင်ရှေ့ အိပ်ပါသည်။
အိမ် ။ သူ့အိမ်မက်ထဲ အမြဲ နေရာယူထားသည့် အရာ။ ထိုအရာအတွက် အိမ်မက်များ မကြာခဏ မက်ခဲ့ရပါသော်လည်း မကြာခဏ ဆိုသလို ပြန်လည် ပျက်ပြယ် သွားရစမြဲ။ ၀န်ထမ်းသက် လေးဆယ် ကပ်နေသည့် သူ့ အတွက် ပင်စင် ချိန် မှာလည်း သုံးနှစ်ခန့်သာ လိုပါတော့သည်။ ဇနီးသည် မပု လည်း ထို့နည်းတူ။ စား ၀တ် နေ ရေး စသည့် အရာများကို သာ နှလုံးသည်းပွတ် တစ်ခုလုံးပြည့်နှက်အောင် ထိုးသိပ်ထည့်ထားရသော သူတို့ လင်မယား၏ အနာဂါတ် ထဲတွင် “ထိမ်းမြားခြင်းလျင်” ဆိုသည့် မိဘ၀တ္တရားတစ်ခု ထပ်ဆောင်းတွဲလျက်ပါလာခဲ့လေပြီ။ သူ မျက်လုံးများ မမှိတ် မီ တွင် ပင်မိုးစင်စင် လင်းခဲ့လေသည်။
“ကိုမျိုးမြင့် ကျွန်တော့်ကို ဆိုက်ကားလေးတစ်စင်းလောက် စီစဉ်ပေးဗျာ”
“ဟ ငါ့ကောင်ကြီး ဘာထဖြစ်တာတုံး၊ အစိုးရ အလုပ်က အဆင်မပြေဘူးလား၊ လုပ်သက်ပဲ အတော်ရနေပြီ”
“ဟုတ်တယ်လေ လုပ်သက်က အတော်ရလို့ ပင်စင်နီးပြီ၊ ကျုပ် အတွက် နေ့တစ်ပိုင်း အလုပ်လေးတစ်ခု လိုတယ်၊အိမ်စရိတ်က များများလာတယ်”
“အေးကွာ ဟုတ်ပါပြီ၊ လုပ်ပေးပါ့မယ်၊ မင်း နင်းနိုင်လို့လား အသက်အရွယ်က ရလာပြီနော်”
“ကျွန်တော် နင်းနိုင်ပါသေးတယ်ဗျာ၊ ကြားပေါက် ၀င်ငွေ ရမှကိုဖြစ်မှာရယ်”
သူ့ဆုံးဖြတ်ချက်ကို သူ နောင်တတော့မရမိခဲ့။ ကလေးငယ်နှစ်ယောက်၏ ကျောင်းစရိတ်၊ သမီးလတ်၏ ကျောင်းစရိတ် နှင့် သာကြီးဝေယံ ၏ စရိတ် စသဖြင့် သူတို့ လစာနှင့် မကာမိသော ၀န်များကို ဖြေရှင်းရန် သူဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။ သားကြီး ဝေယံ က အလုပ်မယ်မယ်ရရ မရှိသေး။ အိမ်တွင် လင်မယားနှစ်ယောက် စလုံး ဘယ်လောက်ကြာကြာ မှီ ဦးမည်မသိ။
မျိုးမြင့် နှင့် စကားပြော အပြီး ကလေးနှစ်ယောက်ကို မူလတန်းကျောင်းတွင် အပြေးကြိုရသည်။မပု က အိမ်တွင် ချက်ပြုတ်ကြော်လှော်နေ၏။ သူတို့ လင်မယား နှစ်ယောက်စလုံး နေ့လည် (၂)နာရီခွဲတွင် ရုံးလွှတ်သည်။ ကျန် အချိန်များကို ထိုနည်း အတိုင်းကုန်ဆုံးရ၏။
“ဖေဖေ ကြီး သား တို့ စာအုပ်ဖိုး တွေ မနက်ဖြန် သွင်းရမယ်နော်”
“အေး ပါကွာ ၊ အေးပါ”
နို့ညှာ ကောင်းထက်လေးနှင့် အငယ်ဆုံးပိစိမ တို့က တစ်နှစ်သာ ခြားသည်။ တစ်ယောက်က ရှစ်တန်း၊ တစ်ယောက်က ခုနှစ်တန်းအသီးသီးတက်နေကြပြီ။ စာအုပ်ဖိုးဆိုသည့် အသံကြောင့် သူ ဖျားချင်သလိုလို ဖြစ်မိသည်။ သို့သော် အပြုံး ပျက်လို့တော့ မဖြစ်။ တာဝန်ဆိုလည်း ဟုတ် ၀တ္တရားဆိုလည်း မှန်သည်မဟုတ်လား။ အိမ် ပြန်ရောက် ချိန် မပုက ညနေစာ ချက်ပြုတ်ပြီးစီးနေပြီ။
“ကဲ ရေမိုးချိုးကြ၊ အငယ်ကောင် နားထဲရေမ၀င်စေနဲ့နော်”
“ဟုတ်ကဲ့ မေကြီး ”
မပု ခမျာလည်း ရုံးအလုပ် အိမ်အလုပ်များနှင့် မအားလပ်နိုင်။ငယ်စဉ်ကလို ရေမိုးချိုး လှလှ ပပ ပြင်ဆင် နေချိန်လည်း မရတော့။ တစ်နေ့တစ်နေ့ သားသမီးများ၏ ၀တ္တရားများက မပုကို ပိုပြီး အကျည်းတန် အရွယ်ကျစေခဲ့သည် ထင်ပါသည်။
“မပု”
“ဘာလဲ ကိုမောင်”
“ငါ ဆိုက်ကား နင်းဖို့ ပြောခဲ့တယ်”
“ဘာ . .”
မပု အသံက အောင်သည်။
“ရှင် က ဆိုက်ကားနင်းမယ်၊ ရှုင်ရူးနေလား၊ ဒီအရွယ်ရောက်မှ”
မပု၏ ကရုဏာ ဒေါသော အမေးကို သူ သေချာရှင်းပြဖို့ လိုပါသည်။
“မပု ငါတို့ လက်တလော အခြေ အနေကိုစဉ်းစားပါဦး၊ ငါတို့ မှာ စုထားဆောင်းထားတာတွေ ကုန်တော့မယ်၊ သားကြီး မင်္ဂလာပွဲပြီးရင် ဘာဖြစ်လာမယ်တောင် မသေချာဘူး”
မပု မျက်ဝန်းတွင် မျက်ရည်သီးလေးများ ဝေ့၀ဲလာသည်ကို မြင်ရ၏။ ငါတို့ ၀န်ထမ်းဆိုတာက အသက် ခြောက်ဆယ်ပြည့်လို့ ပင်စင်ယူတာနဲ့ အရာရာကို ပြန်စွန့်လွှတ်ပေးခဲ့ရတာ၊ငါတို့ ဘယ်လောက်မှ စုမထားနိုင်သေးဘူး မပု”
ပင်စင်ဆိုသည့် စကားကြောင့် မပု မျက်ရည် ပေါက်များပင် ကျလာသည်။
“ငါတို့ မျော်လင့်ထားသလို သားကြီးက ဖြစ်မလာဘူး မပု၊ သမီးလတ်ကလည်း ကျောင်းတက်တုန်း၊ အနာဂါတ်က ဘာဖြစ်မယ် မသေချာသေးဘူး၊ ငါတို့ အတွက် တစ်ချိန်ချိန် မှာ အိမ်ပိုင်ရာပိုင်ဆိုတာ မျော်လင့်ဖို့ တအားဝေးနေတယ် “
မပြောချင်ဆုံးစကားများ ဖြစ်သော်လည်း ပြောဖို့လိုမည်ထင်ပါသည်။ မပု က
“ကိုမောင်ရယ်၊ ရှင့် မလဲ တစ်ဘ၀လုံး ပင်ပမ်း လှပါပြီ၊ ခု ဒီသားသမီးဆိုတဲ့ ဒုက္ခ တွေပါ .ထပ်တိုးနေပြီ”
“တော်စမ်း မပု၊ ငါတို့ လိုချင်လို့ မွေးထားကြတာလေ၊ ပြီးတော့ ကလေးတွေ မွေးခဲ့တာ တွက်ချက်ပြီး မျော်လင့်ချက်တွေ နဲ့ မွေးခဲ့တာ မဟုတ်ဘူး၊ ငါတို့ အသက်ရှင်သရွေ့ ဒါတွေက ငါတို့ တာဝန်ပဲ၊ အထူးသဖြင့် အိမ်ထောင်ဦးစီး ဖြစ်တဲ့ ငါ့မှာ တာဝန်ပိုရှိတယ်၊ ဒုက္ခ ဆိုတဲ့ စကားကို မသုံးပါနဲ့”
မပု တစ်ခွန်းမှ မပြောတော့။ အရာထင်မှာ မဟုတ်မှန်းလဲ နားလည်လက်ခံလိုက်ပုံ ရပါသည်။
“ကဲ ငါတို့ ထမင်းစားကြရအောင်”
ထိုနေ့က သားကြီး ဝေယံ နှင့် သမီးလတ် မပါသော်လည်း မိသားစုထမင်းဝိုင်းလေးကို စိုပြေအောင် အတက်နိုင်ဆုံးဖန်တီး ခဲ့ကြပါသည်။
'' ယုဇန ဘက်မှာ တန်ဖိုးနည်း အိမ်ရာတွေ ရောင်းနေတယ် အရစ်ကျ စနစ်တဲ့ မောင်မောင်ရေ''
ကိုမျိုးမြင့် ပြောစကားကြောင့် သူ ရင်ထဲ လှုပ်ခတ်သွားသည်။
'' တန်ဖိုးနည်း ဟုတ်စ ဘယ်လောက်တဲ့လဲ ဘယ်လို အရစ်ကျလဲ''
'' မသိဘူးကွ ဒါပေမယ့် ငါကြားတာတော့ စစချင်း သိန်း ငါးဆယ် လောက်ပဲ ပေးရမယ်ပြောတာပဲ''
သူ ဆွံ့ အ သွားသည်။ သိန်းငါးဆယ်။ စစချင်းပေးသွင်း ရမည့် တန်ဖိုးနည်း ပမာဏ ။ စိတ်ကူး ထဲမှာတင် '' တာ့တာ '' ပြမိပါသည်။ တန်ဖိုးနည်း ဆိုသည်မှာ ငွေကြေး ပြည့်စုံသူတို့  သတ်မှတ်ထား သော တန်ဖိုး နည်း ခြင်းသာဖြစ်လိမ့်မည်။
'' မလွယ်သေးပါဘူးဗျာ၊ ကျုပ်သား မင်္ဂလာဆောင် က ဒီတစ်ပါတ်ထဲ မှာ ၊ ဒါပဲ အာရုံစိုက်ရမယ်၊ နောင်ကိစ္စ နောင် ခါ ပေါ့''
''အေးပါဗျာ၊ နောင်ကိစ္စ ဆိုတာက နောင်ဆို ခင်များတို့ လင်မယား လမ်းဘေး ရောက်မယ့် အရေး မြင်မိလို့ပါ''
''အဲ့ခါကျ အိမ် ငှားနေကြတာပေါ့ဗျာ''
သူ တစ်ခွန်းသာ ပြောခဲ့ပါသည်။ ပါဆင်ဂျာ တစ်ယောက် ကို ဘာတာဈေး လိုက်ပို့ ကာ အိမ် ပြန် လာခဲ့သည်။ အိမ်တွင် သားကြီး နှင့် သူ့ ဇနီးလောင်းတို့ ရောက်နေ၏။
'' ဟော သားကြီး ဝေယံ ရောက်ပြီလား၊ ဖိတ်စာ တွေရော စေ့ငု အောင်ဝေခဲ့ရဲ့ လား ကွ''
ဦးမောင် ဆိုက်ကားကို လိုင်းခန်းရှေ့  ထိုးရပ်ကာ သောက်ရေအိုးမှ ရေတစ်ခွက်ငှဲ့ သောက်ရင်း မေးလိုက်သည်။
''ဟုတ်အဖေ''
သားကြီးအဖြေက အသက်မပါ။ ကောင်မလေး ကိုကြည့်တော့ လည်း မျက်နှာ မသာမယာ ကို မြင်ရ၏ ။ နောက် သူ မပု ရှိရာ မီးဖိုချောင်သို့  ဝင်ကာ ထမင်းစားရန်ပြင်လိုက်သည်။ ထိုစဉ် အိမ်ရှေ့ ခန်းမှ ကောင်မလေး ၏ တီးတိုးစကား တစ်ခွန်းကို ကြားဖြစ်အောင် ကြားလိုက်သေး၏။
''ကို ကို့ အဖေက အစိုးရ ဝန်ထမ်းဆို ၊ ဆိုက်ကား ဘာလို့ နင်းနေတာလဲ''
''မသိပါဘူး ကွာ အသက်ကြီးပြီး စိတ် ဂဏါ မငြိမ် ဖြစ်တာနေမယ်''
''ကို ချစ်မိဘတွေ တော့ အဲ့ဒါ သိလို့  မဖြစ် ဘူးနော်၊ ကို့ ကိုပါ အထင်သေးနေမှာ၊ ဆိုက်ကားသမား သားဆိုပြီး ''
''အေး ပါကွာ အေးပါ ''
ကြားရသော စကားများက ထမင်းစားရန်ပင် မဝင်နိုင်အောင် ဖြစ်မိတော့သည်။ သားကြီးနှင့် ကောင်မလေး တို့ ၏ စကားများ တွင် သိက္ခာ တရား တို့  ရောပြွန်း နေ၏။ခန္ဓာကိုယ် ပေါ်မှ နေလောင် ကွက်တစ်ချို့ ကို သူ ပြန်ကြည့်မိသည်။ တဆစ်ဆစ် နာကျင် ကိုက်ခဲ သော ခါး ရိုး မှ နာကျင်မှုကို ခံ စားမိသည်။ အရာရာသည် အုံနှင့်ကျင်းနှင့် ထိုးဖေါက် လာသော ဓါးသွားများ ပမာ။
''မပု ''
''ရှင် ကိုမောင်''
''ငါ ငါ ဆိုက်ကား မနင်းတော့ဘူး ကွာ''
''ဟော ဖြစ်ပြန်ပြီ၊ အင်းပါ ရှင် သက်သာတာပေါ့၊ ကျွန်မလည်း ကြည့်ရက် လို့  ကြည့်နေတာ မဟုတ်ပါဘူး၊ ကျွန်မတို့ စုဗူး လေး လဲ ရှိပါသေးတယ် ရှင့်၊ သဘော သဘော''
ထမင်း မစားပဲ ဆိုက်ကားပြန်အပ်ရန် ထွက်လာခဲ့မိသည်။ ခေါင်းငုံ့ ထား သည့်အတွက် သူ့ မျက်လုံးမှ မျက်ရည်စ တစ်ချို့ ကို မပု မြင်ဖို့ မလွယ်ပေ။
''အခါတော် ××××× ပေး ×××× တာက ××××× နတ်ရေးငယ် ×ရွှေစာ ''
မင်္ဂ လာပွဲ က အခမ်းနားကြီးမဟုတ်သော်လည်း အတန်အသင့်တော့ စိုပြေခဲ့ပါသည်။ လကုန်ပိုင်း မဟုတ်သော်လည်း ဝန်ထမ်း အများစု က တက်နိုင်သလောက် လက်ဖွဲ့ ကာ ချီးမြှင့် ခဲ့ကြသည်။ သတို့ သမီး ဘက်မှ ဆွေ မျိုး က ဆယ်ယောက်ပင် မပြည့် ချင်။ သားကြီး ဝေယံ ၏ အပြုံးများကို မြင်တွေ့ ရသောအခါ ကြည်နူး မိသော်လည်း အနာဂါတ် ကို ပင်ရေ ရာစွာ စဉ်းစားမထားသော ခဏတာ အပြုံး များ ဖြစ်ကြောင်းတော့ သူ ကောင်းကောင်းသိပါသည်။
မင်္ဂလာပွဲ ပြီးချိန် တွင် သတိုးသမီး ဘက်မှ အမျိုး ငါးယောက်ခန့်  လက်ဖွဲ့  များအနားတွင်ဝေ့သီနေ၏။
''ဟဲ့ ငွေသား ဘယ်လောက်လဲ မြတ်လား''
''အမြတ်တော့ မရဘူး ရှင့် ဒါပေမယ့် အရင်းလောက်တော့ ပြန်ရပါတယ်။ ပစ္စည်းက အမြတ်ပေါ့''
စကားကြားရတော့လည်း ကျေနပ်သလိုလို ရှိသည်။ စုဗူး လေး နှင့် မပု ၏ ရွှေတိုရွှေစ လေးများ ပြန်ရနိုင် သည်လေ။ ရင်ထဲက အလုံးတစ်ခု ကျ သွားသည်။ ဧည့်သည်များ ပြန်သွား ချိန်တွင် သားကြီးနှင့် မပု တို့  စကားလက်ဆုံကြနေ၏။ သူလည်း အလိုက်သင့် နားထောင် နေမိသည်။
''ဟဲ့သား ကံကောင်းတယ်နော် မိတ်ဆွေ တွေ ကြောင့် နို့ မို့  အမေတို့  စုဗူးလေးတောင် ပြန်ဖြည့် နိုင်မှာမဟုတ်ဘူးရယ်၊ ဒီလောက်ဆို နင့်အဖေ အိမ်ရာ အိပ်မက်လေး ပြန်မက် လို့ ရနိုင်လောက်သေးရဲ့  ''
'' အမေ ကလဲ သားသမီး ကို လုပ်ပေးတာ ဆုံးခန်းတိုင်အောင်တော့ လုပ်ပေးလေဗျာ''
''ဟင် ဘာတုံး ခုပဲ မင်္ဂလာဆောင်ပြီးတာလေ၊ နောက် နင်အလုပ်မရခင် ငါတို့ ပဲ ကျွေး ထားရဦးမယ်''
''သူတို့ က မှာသွားတယ် အမေ ၊ သတိုးသမီးဘက်မှာ လည်း ဆောင်ဖို့''
'' ဘာ ''
မပု ၏ အသံအတွင်းက ဒေါသ ရိပ်မှာ အိမ်ခန်းကလေးထဲ သိသိသာသာ လွှမ်းမိုးသွားသည်။
''ကျွန်တော့်မိန်းမ လည်း ပြောတယ်အမေ ၊ သူမျက်နှာမငယ်ဖို့  အမေတို့  လုပ်ပေးမယ်လို့  သားပြောလိုက်တယ်''
''ဟင် နင် နင် ငါတို့ ကိုတောင်မတိုင်ပင်ပဲ ''
''မပု ''
သူ ဝင်ဟန့် လိုက်သည်။ ကောင်မလေးကို ကြည့်တော့ ကုပ်ကုပ်ကလေး ။
''မင်္ဂလာနေ့ မှာ ဒီလိုမပြောရဘူး မပု၊ ငါ တို့  က မိဘ ၊ တစ်ဖက်က ကြည့်ရင်လည်း ဒါ ဖြစ်သင့်ပါတယ်''
မပု က ဝေခွဲရ ခက်စွာ သူ့ ကို ကြည့်နေသည်။ မပု ငိုချင်နေတာ သိသာ၏'။
''အဖေ လုပ်ပေးပါနော် ဒီ တစ်ခါ ပြီးရင် ပြီးပါပြီ''
သားကြီး ၏ တီးတိုးစကား ။ သူ ခေါင်း ငြိတ် မိလား မငြိတ်မိလား မရေ ရာတော့။
ရွာမင်္ဂလာဆောင်စရိတ်နှင့် အတူ မပု ကိုသာ ထည့်ပေးလိုက်သည်။ ရွာအထိ သူမလိုက်တော့ ။ ရှည်လျားလေးလံသော အတွေး အပိုင်းအစများနှင့် ပက်လက်ကုလားထိုင်တွင် ထိုင်နေမိသည်။ လက်ထဲတွင် ငွေသား တစ်ပြားမှ မရှိသည့် စုဗူးလေး။
''ဖေကြီး သမီး တို့  ကျောင်းကပွဲ အတွက် ပိုက်ဆံ ပေးရမှာ''
''သားလည်း ပေးရမှာ ဖေကြီး''
အငယ်နှစ်ယောက် ၏ စကားကို ခေါင်းညိတ် ပြလိုက်သည်။ နောက် ဖုန်းဆက် ကာပြောခဲ့သော သမီးလတ် ၏ စကားတစ်ချို့ က ခေါင်းထဲ ဝင်လာပြန်သည်။
''အဖေ သမီး ကျောင်းလခ သွင်းရတော့မယ်၊ အဆောင်လခလည်း ဈေးတက်သွားတယ်၊ ပြီးတော့ စာအုပ်ဖိုးတွေ ကျန်သေးတယ်နော်အဖေ''
သူ လက်ထဲက ခလုတ်ဖုန်လေးကို နှိပ်လိုက်သည်။
''ဟလို ကိုမျိုးမြင့် ၊ ကျွန်တော် ပင်စင် ယူဖို့  သိပ်မလို တော့ဘူး ဗျာ၊ အဲ့တော့ လခစား အလုပ်လေး တစ်ခုလောက် ကြိုလုပ်ချင်တယ်''
'' . . . . . . . .''
''အော် ရပါတယ်၊ ကျွန်တော် က နေ့ တစ်ဝက်ပဲ အလုပ်ဆင်းရတာလေ၊ လုပ်ပါ့မယ်''
''. . . . . . ''
'' အင်း ဒီလိုပဲပေါ့ဗျာ ၊ ကျွန်တော်တို့  အသက်အရွယ်ပိုင်းအရ လုံခြုံရေး ဆိုတဲ့ အလုပ်က လွဲပြီး တခြား အဆင်ပြေတာ ဘာရှိတော့မလဲ နော့ ''
ဖုန်းချလိုက်သည်။ ရုံးပိတ်ရက်မို့  နံဘေး အခန်းများမှ မိသားစုများ၏ စကားသံ စာစာ များကို ကြားရ၏။ နုစဉ်က မပု နှင့်သူ၏ မင်္ဂလာဓါတ်ပုံ ကလေးကို ပြန်ကြည့်ကာ ပြုံး မိသည်။ ဝတ္တရား ။ လှပသေသပ်စွာ ဖြစ်တည်နေသော စကားလုံး။ လှသည်ဆိုခြင်းထက် မိဘ များ အတွက် ဆိုလျင် ပိုမို ပြည့်စုံစွာ စနစ်တကျ တည်ဆောက်ထားသော အဆောက်အဦ တစ်ခုဖြစ်သည်ဟု သူထင်သည်။ ချိ နဲ့ စပြု နေသော သူ့ ပုံစံကို သူ ပြန်ကြည့်ကာ လုံခြုံ ရေး အဝတ်အစား နှင့်တွဲ မြင်မိသည်။ နှစ်အနည်းငယ် အတွင်းရောက်လာတော့မည့် '' ပင်စင် ''ဆိုသည့် အရာအတွက် အကောင်းဆုံးပြင်ဆင်မှု တစ်ခု ကို သူ လုပ်ဖို့  ဆုံးဖြတ်ထားလိုက်ခြင်းပင်။
ယခု ဆို သားကြီးဝေယံ က မြေးမလေး တစ်ယောက်ကို မွေးပေးထားသည်။ မပု အတွက် အဖော်တစ်ယောက် ဟု လည်း ဆိုနိုင်သည်။ သားကြီးက Taxi မောင်းကာ ဇနီးသည်နှင့် သမီး အတွက် ငွေရှာ ပေးသည်။ သူ တို့ အတွက်တော့ မတောင်းဆိုဖြစ်။ သူတို့လင် မယား လည်း ပင်စင် ယူရန် တစ်နှစ်ခန့် သာ လိုတော့သည်။ သမီးလတ် လည်း ကျောင်းပြီး တော့မည်။ ပြန်လည်စုဆောင်းထားသော ငွေတိုငွေ စလေးများကို စုဗူးဟောင်းလေးထဲ ပြန်သိမ်းရင်း သူ တို့  ၏ '' အိမ်ရာအိပ်မက်ကလေး'' ကို အသက်ဆက် ဖို့  တက်စွမ်းသရွေ့  ပြန်လည် ကြိုးစားလာကြသည်မှာ သုံးနှစ်တိုင်တော့မည်ဖြစ်သည်။

''ယီးလေးလေ့ ယီးလေ့ယို''

မြေးမလေး နှင့် ရယ်မော ပျော်ရွှင်နေသော မပုကို ကြည့်ကာ သူ ကျေနပ်ပြုံးပြုံးရင်း သတင်းစာ တစ်စောင်ကို ကောက်ဖတ်နေစဉ်
''အမေ အဖေ အဟင့် ဟင့်''
အိမ်ပေါ် ငိုယိုကာ တက်လာသော သမီးလတ်။
'' သမီး ဘာဖြစ် လာတာလဲ''
''သ သမီးလေ သမီး . . သူနဲ့ လက်ထပ်မှ ဖြစ်တော့မယ်''
''ဟင်''
'' ဘာဖြစ်လို့လည်းသမီးရယ် အထိတ်တလန့် ''
"သမီး . . . သမီး မှာ သူ့ ကိုယ်ဝန် လွယ်ထားရတယ်အမေ''
''ဘာ ''
သည်တစ်ကြိမ် ဦးမောင်မောင် ကိုယ်တိုင် ''ဘာ'' လိုက်မိခြင်းဖြစ်ပါသည်။ မပုက သမီးငယ်ကို အိပ်ခန်း ထဲ ခေါ်သွားသည်။ဒေါသကို သူ အတန်တန် ထိမ်းချုပ်ထားသော်လည်း မအောင်မြင်ခဲ့။ နံရံပေါ် လက်သီးတစ်လုံး ရောက်သွားသည်။ ဒုန်း ကနဲ မြည်သံကြောင့် အခန်းတွင်းမှ သမီးလတ်၏ ငိုသံ ထွက်လာသည်။ နောက် မပု က အခန်းပြင် ထွက်လာပြီး
''ကျွန်မတို့ က သမီး ရှင်လေ၊ ဒေါသနဲ့ ဖြေရှင်းရမယ့် ကိစ္စ မဟုတ်တော့ဘူး ကိုမောင်''
ဟု ဆိုပါသည်။နောက်အခန်းတွင်းပြန်ဝင်သွားပါသည်။
သူ နုတ်ခမ်းများကို ပြတ်လုမတတ် ကိုက်ထားမိ၏။စိတ်ကို အတက်နိုင်ဆုံး ပြန်လည်ဖြေလျော့ ပစ်ခဲ့ရ ပြန်သည်။
အချိန်အနည်းငယ် ကြာသော အခါ မပု အခန်းအပြင် ထွက်လာပြီး စကားဆိုသည်။
'' ကျွန်မတို့  လက်ထပ်ပေးမှ ရမယ်ကိုမောင်''
သည်အတိုင်းသာဖြစ်လာရတော့မည်။ငြင်းပါယ်ဖို့ ရာလည်း မစွမ်းသာတော့။
''ပြီးတော့ သမီးကောင်လေးက မင်္ဂလာစရိတ် မနိုင်သေးဘူး၊ ကျွန်မတို့ အကျဉ်းချုံး လုပ်ပေးရမယ်၊ သူတို့ နောင်မှ အလုပ်နဲ့ ပြန်ဆပ်မယ်တဲ့''
image
မပု၏ နောက်ဆက်တွဲစကားကြားချိန်တွင် ချေပစ်လက်ပစ် လဲကျ ချင်စိတ်ပေါက်သွားခဲ့ရသည်။ မပု က ပြောပြောဆိုဆိုနှင့် လည်ပင်း မှ ဆွဲကြိုးလေးကို ဖြုတ်ပေးသည်။ သူ မျက်ရည်တစ်ပေါက်ထပ်ကျမိသည်။ နောက် လင်မယား နှစ်ယောက်စလုံး၏ အကြည့်များက ''အိမ်ရာ အိပ်မက်'' စုဗူး ကလေးဆီသို့  ။
''လာပြီဗျာ ၊ အားလုံးအတွက် တန်ဖိုးနည်း အိမ်ရာလေးတွေ''
အိမ်ရှေ့ လမ်းပေါ်မှ လူတစ်ယောက်၏ အသံ။
''စာချုပ်မလို ၊ ပွဲစားမလို၊ လူတိုင်းဝယ်နိုင်တဲ့ဈေးနဲ့ ကိုရမှာ''
ခေတ်စနစ် တိုးတက်ပြောင်းလဲ မှုကြောင့်ထင်ရဲ့ ။ အိမ်ရာ များကိုပင် အော်ဟစ် ကာ အိမ်တိုင်ယာရောက် လိုက်ရောင်းနေကြသည်။ သူ ဖတ်လက်စ သတင်းစာကို ချကာ အိမ်ရှေ့ အပြေးနှင်ခဲ့သည်။
'' အရှုပ်အရှင်းလဲ ကင်းတယ်နော် လာကြ လာကြ၊ အခန်းတွေ လည်း ကျယ်တယ်''
အညွှန်းကောင်းဟု ဆိုရမည်။ မပုက
'' ကိုမောင် ရှင်ဘယ် ထပြေးတာလဲ ရုတ်တရတ်''
'' ဟ ငါတို့ အိပ်မက်နဲ့ အနီးစပ်ဆုံး ကိစ္စလေ မကြားဘူးလား၊ တန်ဖိုးနည်းအိမ်ရာ တဲ့၊ အော်ရောင်းနေတာ''
မပုကို အဖြေပေးကာ အိမ်ရှေ့ လမ်းမပေါ်မှ အသံလာရာဆီသို့ အပြေးထွက်ခဲ့သည်။ အိမ်ရှေ့ သို့  ရောက်သောအခါ . . .
''ဟင် ''
'' တန်ဖိုး နည်း အိမ်ရာ '' ဟု အာဘောင်အာရင်းသံသံ အော်ရောင်းနေသော လူတစ်ဦး ၏ လက်ထဲတွင် သစ်သားနှင့်ပြုလုပ်ထားသော အရောင်စုံ စာကလေး အိမ်ကလေးများ ကို တွေ့ လိုက်ရလေသည်။

မောင်သြလေး

စာကိုသေချာဖတ်ရှုပြီးချိန် အိရင်နာမိပါတယ် အိတို့ မိဘတွေ သားသမီးတွေကို ဘယါလို ပေးဆပ်ကြလဲ သူတို့အိမ်မက်တွေ ဘဝတွေ အားလုံးရင်း ပေးဆပ်ခဲ့ကြပါတယ်

ဒါဆို အိတို့ကရော ဘာပြန်ပေးဆပ်ပီးပီးလဲ

ဒီအတွေး ဟာ အိ မိုက်မဲစဉ်အချိန်က လိမ္မာစေသောအတွေးဖြစ်လာခဲ့ပါတယ် အစားထိုးမရတဲ့မိဘတန်ဖိုးသိလာခဲ့တယ်
ခု အသိတရားရချိန် ဒီစာလေး တွေ့တော့ တအားသဘောကျမိတယ် ပြန်လည် မျှဝေချင်လာတယ် အသိတရား မျှတဲ့သဘောပါ အားလုံး မိဘတွေကိုတန်ဖိုးထား ကျေးဇူးသိတတ် ဆပ်တတ်သူတွေ ဖြစ်ကြပါစေ လို့ ဆုတောင်းလိုက်ပါတယ်

mee chit

Sort:  

ကောင်းတယ် မအိရေ