##### ဆရာ ######

in #esteem-awesome7 years ago (edited)

image
photo cr

''ဆရာ ရေအရမ်းဆာတယ် ရေသိပ်သောက်ချင်တယ်''

ကျောင်းသားကျောင်းသူများမှ ကျနော့်ကို
အံ့သြသလို ကြည့်ကြတယ်
ယောကျာ်းလေးအတန်းခေါင်းဆောင်က

''အခန်းထဲက ရေဘူးမှာ ရေကုန်နေလို့ လားဆရာ''

''အခန်းထဲမှာ ရေမရှိဘူးလေ''

''ရှိပါတယ်ဆရာကလဲ''

''မရှိဘူးလို့  သဘောထားကွာ ဆရာရေသိပ်ဆာတယ်''

''သမီးမှာ ရေဘူးပါတယ်ဆရာ''

''သမီးလည်း ရေဘူးမပါခဲ့ဘူးလို့  သဘောထား ဆရာရေဆာတယ်''

အတွေးအခေါ်ခပ်ဆန်းဆန်းနဲ့ 
သင်တတ်တဲ့ဆရာမို့  ကျနော်ဘာလုပ်မလဲလို့  တပည့်များ စိတ်ဝင်စားနေပုံရသည်

''အကယ်၍များ ရေမရှိတဲ့အချိန်မှာ ရေဆာတဲ့ဝေဒနာဟာ သေးသေးမွှားမွှားလား အကြီးကြီးလား တပည့်တို့  ''

'ကြီးပါတယ်ဆရာ''

''အဲ့ဒိတန်ဖိုးကြီး အရေးကြီးတဲ့ရေဟာ
ဆရာတို့ ဆီမှာ သိပ်လွယ်လွယ်ကူကူရနေတော့ တန်ဖိုးက သတိမထားမိလောက်အောင်ပဲ

သားတို့ သမီးတို့ ထဲမှာ ဘယ်သူပြင်းပြင်းပြပြရေဆာဖူးလဲ
ရေမသောက်ရလို့  ဘယ်သူ သေလုမျောပါး အားပြတ်ဖူးလဲ''

တပည့်များတိတ်ဆိတ်နေကြသည်
''အေး ရေဆိုတာ ပေါများတဲ့နေရာမှာပေါများသလောက် ရှားပါးတဲ့နေရာမှာ သိပ်ရှားပါးတယ်
ပေါများတဲ့အချိန်မှာ ပေါများသလောက် ရှားပါးတဲ့ အချိန်မှာသိပ်ရှားပါးပြန်တယ်

အခုရှစ်တန်းအရွယ်မှာ သားတို့ 
သမီးတို့ ကြုံနေရတဲ့ ဒုက္ခတွေ ဘဝအမောတွေဟာ သေးသေးလေးတွေ...
တကယ့် ဒုက္ခအစစ်ဆိုတာကို
သားတို့ မမြင်နိုင်သေးဘူး
ဆရာတို့ က ပြောပြပြန်ရင်လည်း
သားတို့ အလေးအနက်မထားချင်ဘူး
အခုရေလိုမျိုးပေါ့..
သိပ်တန်ဖိုးရှိမှန်းသိတာတောင် ပေါများနေတော့ တန်ဖိုးထားဖို့  မေ့လျော့နေတယ်

တပည့်တို့ ကို ဆရာ ပုံပြင်တစ်ပုဒ် ပြောပြမယ်...
တခါက ကုန်သည်လူတစ်စုထံ အလင်းတန်းကြီးတစ်ခုကျလာပြီး စကားတွေပြောတယ်''
''သင်တို့  ရှေ့ မှာ ရှိတဲ့ ကျောက်စရစ်ခဲတွေကို နိုင်သလောက်ယူပါ... မနက်ရောက်တဲ့အခါ ဝမ်းသာရလိမ့်မယ် နောက်ပြီး ဝမ်းနည်းရလိမ့်မယ်'တဲ့

ကုန်ဝန်စည်တွေနဲ့ မို့  ကျောက်စရစ်ခဲတွေကို ကောက်ဖို့  စိတ်မပါကြဘူး... ကောင်းကင်ဘုံက အလင်းတန်းဆိုတော့လည်း နည်းနည်းယုံချင်သလိုလိုပေါ့ အဲ့ဒါနဲ့  တစ်ယောက်ကို တစ်ခဲနှစ်ခဲလောက် ကောက်ပြီး ခရီးဆက်ကြတယ်

မနက်လည်း လင်းရော သူတို့  ကောက်လာတဲ့ ကျောက်ခဲတွေဟာ စိန်တုံးတွေဖြစ်နေတာမို့  ဝမ်းသာကြတယ်
ဒါပေမယ့် နိုင်သလောက် မကောက်ခဲ့မိလေခြင်းဆိုပြီး ဝမ်းနည်းကြတယ်လေ

ညတုန်းကတော့ အလင်းရောင် မှိန်ခဲ့လို့  ဒါကိုကျောက်ခဲလို့ ပဲ ထင်ခဲ့ကြတယ် အလင်းရတဲ့အခါမှာ စိန်တုံးမှန်းသိပေမယ့် ကောက်ယူဖို့  အခွင့်အရေးတွေဟာ ညမှာ ကျန်ရစ်ခဲ့ပြီ''

ကျနော်စကားစခဏဖြတ်ရင်း
ရေသွားသောက်သည်
''အား... ရေသာမရှိရင် ဆရာဆက်သင်ဖို့  မဆင်မပြေလောက်တော့ဘူး

ကဲ... ဒီပုံပြင်က ဘာကို ဆိုလိုသလဲသိလား

သားတို့ သမီးတို့ မှာ စိန်လိုတန်ဖိုးရှိတဲ့ အချိန်တွေရှိတယ်
အဲ့ဒိအချိန်တွေကို ဘယ်လိုသယ်မလဲ ဘယ်လောက်သယ်မလဲ

စိန်တွေအများကြီးသယ်ရင် တန်ဖိုးတော့ရှိမယ် ဒါပေမယ့် လေးလံသွားမယ်
လုံးဝမသယ်ဘူးဆိုရင် ပေါ့တော့ပေါ့ပါးမယ်
ဒါပေမယ့် တန်ဖိုးမရှိတော့ဘူး
ဒီတော့ နိုင်သလောက် သယ်ရမယ်

တစ်ခုတော့သိရမယ်
ဒါဟာ ကျောက်စရစ်ခဲတွေမဟုတ်ဘူး
ဒါဟာစိန်တွေဖြစ်တယ်
တန်ဖိုးလည်း ရှိတယ်

ဒါပေမယ့် ဒါဟာစိန်တွေဖြစ်ကြောင်းကို သားတို့  မယုံဘူးမဟုတ်လား
ဘယ်ယုံမလဲ သားတို့ ဥာဏ်ဟာ ညလိုမှောင်မိုက်နေသေးတယ်
ကျောက်ခဲလား စိန်လား မကွဲပြားသေးဘူး
အေး ဆရာ့တုန်းကလည်း မယုံခဲ့ဘူး
မယုံလို့ လည်း ''အလင်းတန်းကြီးလို ဆရာတွေ မိဘတွေရဲ့အကြံပြုစကားကို နည်းနည်းပဲယုံခဲ့တယ် နည်းနည်းပဲ လိုက်နာခဲ့တယ်

အခုဆရာ့လက်ရှိအချိနှ်''မနက်ခင်း''မှာ
သားတို့ အရွယ်''ညတုန်းက ကျန်ခဲ့တဲ့ စိန်တုံးတွေကို သိပ်နှမြောမိတာပဲ

ဆရာမကောက်ဖြစ်ခဲ့ဘူး
မကောက်ခဲ့မိဘူး
အခုဆရာ ဘာကို ရရှိနေလဲတပည့်တို့ သိလား''

တပည့်များက ပြန်မဖြေ

''ဆရာမေးတာလေးဖြေပေးပါ
သိရင်သိတယ် မသိရင်မသိဘူး ဖြေပေးပါ
ဆရာအခုဘာကို လက်ခံရရှိနေလဲသိလား''

''မသိဘူးဆရာ''

'အေး... ဆရာရနေတာက
တော့ နောင်တပဲ...

တပည့်တို့ ရော ဆရာလိုနောင်တရချင်လား
စိန်တုံးရချင်လား''

''စိန်တုံးရချင်ပါတယ်ဆရာ''
တပည့်များက သံပြိုင်ဖြေကြသည်

''ဒါဆို တစ်နည်းပဲရှိတယ်
အဲ့ဒိစိန်တုံးတွေကို ကောက်ရမယ်
နိုင်သလောက်ကောက်ရမယ်
ဒါပေမယ့် မလေးလံစေနဲ့ ...
ဘယ်လို ကောက်ရမလဲဆိုတာ ဆရာပြောပြမယ်''

''ဟုတ်''

''အကယ်၍ဆရာသာ လက်ရှိဥာဏ်ရည်နဲ့  ၈တန်းကျောင်းသားဘဝကို ရောက်နေမယ်ဆိုရင် ဆရာ့ တစ်နေ့  စာအချိန်ဇယားက တပည့်တို့ နဲ့  ကွဲပြားနေမှာ

သားတို့ ထဲမှာ သင်တဲ့စာကို အကုန်မကူးပဲ
အနှစ်ချုပ်ပြီး မှတ်စုထုတ်ရေးတဲ့သူရှိလား''

တပည့်များတိတ်နေကြပြန်သည်
''စာအုပ်ထဲက စာတွေကို ဒီအတိုင်း ကူးနေကြတုန်းပဲလား''

''ဟုတ်''

''ပုံနှိပ်စာအုပ်ထဲမှာ ရှိတဲ့စာက ကူးဖို့  မဟုတ်ဘူး... ကိုယ်အားသန်သလို ထုတ်နှုတ်မှတ်သားဖို့ ပဲ
တပည့်တို့ အရွယ်က စာတွေကူးပြီး လက်ရေးကျင့်ရမယ့် အရွယ်မဟုတ် တော့ဘူး... အချိန်ဖြု န်းရမယ့် အရွယ်မဟုတ်တော့ဘူး

တပည့်တို့ ထဲမှာ ငါအရွယ်ရောက်ရင် ဘာအလုပ်လုပ်မယ် လို့  တိတိကျကျ ဆုံးဖြတ်ထားသူပါလား...
ကဲ ဆရာ တစ်ယောက်ချင်းစီကို မေးမယ် စိတ်ထဲရှိတဲ့အတိုင်း ရဲရဲရင့်ရင့်ဖြေ

သမီး သန္တာအောင် သမီးရဲ့ ရည်မှန်းချက်အလုပ်အကိုင်က ဘာလဲ''

''ဆရာဝန်ပါဆရာ''

''ဒါဆိုဆရာမေးခွန်းနည်းနည်းမေးမယ် သမီး တိုက်ဖိုက်ရောဂါကိုသိလား
မြန်မာလို ဘာရောဂါလဲ ''

''အူရောင်ငန်းဖျားပါဆရာ''

''အဲ... သမီးသွေးပေါင်ချိန်တတ်လား''

''ချိန်တော့မချိန်တတ်သေးဘူးဆရာ သဘောတရားတော့ နားလည်တယ်''

''ဟိုက်ရှားပါး... ဆရာ့ကို ပြောပြပါဦး ''

''လူ့ ခန္ဓာကိုယ်မှာ သွေးခုန်နှုံးတစ်ခုရှိတယ်
အဲ့ဒါကို ဘယ်လောက်လဲသိချင်ရင်
အဲ့ဒိထက်များတဲ့ ဖိအားနဲ့  သွေးခုန်နှုံးစမ်းမယ့် နေရာကို ညှစ်တယ်
ညှစ်အားသိပ်များရင် သွေးခုန်နှုံးကို မကြားရဘူး
အဲ့ဒိညှစ်အားကို ဖြေးဖြေးချင်းပြန်လျှော့ချပြီး သွေးခုန်နှုံးကို
နားကြပ်နဲ့ နားထောင်တယ်
သွေးဖိအားနဲ့  စက်ဖိအားမညီရင် မကြားရဘူး ပုံမှန်အားဖြင့် စက်ကို၂၀၀လောက်တင်ပြီး ပြန်လျှော့ချရင်း ၁၂၀လောက်အရောက်မှာ သွေးခုန်နေတာကို စကြားရတယ်
၇၀လောက်အရောက်မှာ မကြားရတော့ဘူး

စကြားရတဲ့နေရာကိုအပေါ် သွေးလို့  ခေါ်ပြီး နောက်ဆုံးကြားရတဲ့နေရာကို အောက်သွေးလို့  ခေါ်တယ်ဆရာ
ဆေးစစ်စာရွက်တွေမှာတော့
Bp 120/70လို့  ရေးတယ်
ဒါကတော့ normal blood pressureပေါ့''

''Wow ကြိုက်တယ်သမီး... တကယ်သဘောကျတယ်... ကိုယ့်ဝါသနာနောက်ကိုယ်လိုက်ဖို့  လက်ရှိပညာရေးရဲ့ သင်ခန်းစာတွေက မလုံလောက်ဘူး ကိုယ်ဝါသနာပါရာ ပညာရပ်အတွက် ကိုယ်ကိုယ်တိုင်လေ့လာနေရမယ် မေးမြန်းစူးစမ်းနေရမယ် ကိုယ့်ရဲ့တွေ့  ရှိမှုတွေကို မှတ်တမ်းတင်ထားရမယ်
ထိုင်လို့ ရပြီ သမီး''

''သား အောင်လင်း ထပါဦး
သားရဲ့ဝါသနာကို ပြောပါဦး''

တပည့်ဖြစ်သူအောင်လင်းမျက်နှာက
ပြောဖို့ မဝံ့မရဲ...
''သား ရဲရဲပြော ''

''သားက ဂီတသမားဖြစ်ချင်တာ
သီချင်းဆိုချင်တယ် ဂီတာတီးချင်တယ် သီချင်းရေးချင်တယ်''

ကျနော် ချွေးတွေတောင်ပျံလာသည်အထိ ကျေနပ်အားရမိသည်
''သားက ဘာလို့  ရဲရဲမပြောတာလဲသားရဲ့''

''အိမ်မှာ အဖေ့ကိုပြောရင် အဖေက မင်းခွေးဖြစ်မယ့်ကောင်လို့  အမြဲပြောတယ်
နောက်ပြီး ဆရာတွေက
ဘွဲ့  ရပညာတတ်ကြီးဖြစ်စေချင်ကြတာဆိုတော့ သားမပြောရဲဘူးလေ''

တပည့်လေးကို အနူးညံ့ဆုံးပြုံးပြပြီး
''လူဆိုတာ ကိုယ်ဝါသနာပါရာ အလုပ်အကိုင်ကို လွတ်လပ်စွာ လုပ်ကိုင်ဖို့ အခွင့်အရေးရှိတယ်သား
တစ်ခုပဲလိုတာ... အဲ့ဒိဝါသနာပါရာအလုပ်အကိုင်ကို လုပ်ကိုင်နိုင်မယ့်အစွမ်းအစပဲ

ကဲဒီတော့ သားတကယ်ဝါသနာ ပါလားမပါလား ဆရာ စမ်းသပ်ကြည့်မယ်
ဆရာ့ကို သီချင်းတစ်ပုဒ်ဆိုပြ''

အတန်းထဲမှ အတန်းဖော်များကို လှမ်းကြည့်ပြီး
''သားမဆိုရဲဘူးဆရာ''

''သားကိုသားယုံကြည်ချက်အဲ့လောက်နည်းနေရင် သားအောင်မြင်ဖို့  ခက်ခဲလိမ့်မယ်''

''နောက်ပြီး သားက စည်းလွတ်ဝါးလွတ်မဆိုချင်ဘူးလေ
ဂစ်တာလေးနဲ့ မှ ...''

တပည့်လေး စကားမဆုံးခင်မှာပဲ
''Ok ခဏစောင့် ကျောင်းစောင့်ဆီမှာ ဆရာ ဂစ်တာသွားယူလိုက်ဦးမယ်''

ကျနော်ခပ်သွက်သွက်သွားယူပြီး
ပြန်တက်လာသည်
''ဘာသီချင်းဆိုမလဲသား''

''မင်းနဲ့ မှချစ်တတ်ပြီပေါ့''

'ဟား အတန်းထဲက ဘယ်သူ့ ကို ရည်ရွယ်ပြီးဆိုမှာလဲ''

အတန်းသားများက ရယ်ကြပြီး အောင်လင်းက ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်

''ဒီတိုင်းပဲ ကြိုက်လို့ ဆိုတာပါဆရာ''

''သားဘာသာတီးမလား ဆရာတီးပေးရမလား''

''ဆရာတီးပေးပါ''

''သားရောတီးတတ်လား''

''တီးတတ်ဆရာ''

''အဲ့ဒါဆိုသားပဲတီးပါ အတိုင်အဖောက်မညီရင် သားရဲ့ပထမခြေလှမ်းက ဖရိုဖရဲ ဖြစ်သွားလိမ့်မယ်''

အောင်လင်း ဂစ်တာသံမှန်သော်လည်း ပထမဆုံး အဝင်အပိုဒ်မှာ အသံက ယိုင်နေသည်
သို့ သော် အတန်းသားများက ငြိမ်သက်ကြည်နူးစွာ နားထောင်ပေးကြသည်ကိုမြင်ပြီး အားတက်သွားကာ အမြင့်သံတွေကိုပါ ကောင်းအောင်ဆိုနိုင်သည်

သီချင်းအပြီးမှာ ကျနော်က စပြီးလက်ခုပ်ကို အားရပါးရတီးပေးလိုက်ရာ အတန်းသားများကပါ လက်ခုပ် ဝိုင်းတီးကြသည်

အောင်လင်းကတော့ ပီတိပြုံးတွေဝေလို့ ...
မျက်ရည်တွေပါဝဲနေသည်
ကျနော့်ကိုပြုံးပြတော့
အဲ့ဒိအပြုံးထဲက စကားလုံးကို ကျတော်နော် ဖတ်မိသွားပြန်ရဲ့

''ကျေးဇူးတင်ပါတယ်ဆရာ ကျနော်အင်အားတွေ သိပ်ရှိသွားပြီ''
လို့ ပြောနေလေသလား

''တပည့် ... တပည့်ကို ဆရာ တစ်ခုတော့သတိပေးမယ်...
ကာယချည်းသက်သက်လုပ်တော့ ကာယလုပ်သားတဲ့
ကာယနဲ့  ဥာဏတွဲလုပ်တော့ ပညာရှင်တဲ့
ကာယ ဥာဏအပြင် နှလုံးသားကို ပါ ထည့်လုပ်တဲသူကို အနုပညာသမားလို့  ခေါ်တယ်...

သီချင်းရေးချင်တယ်လို့  သားပြောခဲ့တယ်နော်
သီချင်းရေးဖို့ ဆိုတာ
စာပေဝမ်းစာပြည့်ဖို့ သိပ်လိုတယ်
ဒါကြောင့်သုတစာတွေဖတ်ရမယ်
သီချင်းရေးဖို့ ဆိုရင် ခံစားတတ်ဖို့  သိပ်လိုတယ် ဒါကြောင့်လည်း ရသစာတွေဖတ်ရမယ်
နောက်ပြီး ဒီလမ်းကို ဆုံးအောင်လျှောက်ဖို့  ခွန်အားတွေ သည်းခံနိုင်စွမ်းတွေလိုပြန်တယ်
ဒါကြောင့်နှလုံးသားအဟာရဖြစ်မယ့်စာတွေလည်း ဖတ်ရလိမ့်မယ်

သားရွေးချယ်တဲ့လမ်းကြောင်းအရ
တက္ကသိုလ်ဘွဲ့ ရတစ်ယောက် ဖြစ်ချင်မှလည်း ဖြစ်လိမ့်မယ်
ဒါပေမယ့် ပညာသင်ကြားခြင်းဟာ
ပညာရှင်ဖြစ်ဖို့ ထက် ပညာရှိဖြစ်ဖို့  ကိုဦးစားပေးတယ်..
သားရဲ့ အလုပ်အတွက် သားပညာတတ်ရမယ်

သားပတ်ဝန်းကျင်မှာရပ်တည်ရှင်သန်ဖို့  နေထိုင်မှုပညာတွေ
ကိုယ့်မျိုးဆက်သစ်တွေကို ဆုံးမဖို့  သင်ကြားမှုပညာတွေအတွက် သားပညာရှိဖြစ်ရမယ်

လူတွေက ပညာရှိဆိုတဲ့ စကားကို အကြီးကြီးထင်ကြတာ...
တကယ်က မီးဖိုချောင်ဝင်နေတဲ့ အိမ်ရှင်မဟာ လည်း ကိုယ့်သားသမီးသွန်သင်ဖို့  ကိုယ့်လင်သားကို ထိန်းကြောင်းဖို့ 
ပညာရှိဖြစ်ဖို့ လိုတယ်လေ''

ကျနော်စကားပြောနေစဉ်မှာ အတန်းချုပ်ဆရာမ ရောက်လာပြီး
''ဆရာ ဆရာ့အခန်းမှာ ဂစ်တာတီးပြီး သီချင်းဆိုနေလို့  ကျောင်းအုပ်ကြီး ခေါ်နေတယ်''

''ဟုတ်ကဲ့ဆရာမ ကျနော့် စာသင်ချိန်ပြီးရင်လာခဲ့မယ် ''

အတန်းချုပ်ဆရာမပြန်ထွက်သွားတော့

''ကဲတပည့်တို့  ဆရာ နောက်အချိန်မှ ဆက်ဆွေးနွေးမယ်
တပည့်တို့ မှာ ရှိနေတာ စိန်တုံးတွေနော်
ကျောက်စရစ်ခဲလို့  မထင်နဲ့ 
နောက်တစ်ခုက ကိုယ်ဘာဝါသနာပါတယ်ဆိုတာကို
ကိုယ်သိအောင် လုပ်ဖို့  လိုတယ်
ကဲ မင်္ဂလာပါတပည့်တို့ ''

''မင်္ဂလာပါဆရာ''

ကျောင်းအုပ်ကြီးရုံးခန်းဘက်သို့  ခြေလှမ်းတွေပြင်ရင်း တပည့်တွေကို တကယ်တော်စေချင် တတ်စေချင်တဲ့
ဆရာတစ်ယောက်ရဲ့ သင်ကြားမှုလွတ်လပ်ခွင့်အကြောင်းကို ခေါင်းထဲတွေးနေမိတော့သည်။

Sort:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://steemit.com/artzone/@soesandar/sayaatseyakae-kang-32836cc2bfd8