စေတန်ရဲ့သားတော် (ဒုတွဲ) အပိုင်း(၂)

in #esteem6 years ago

စေတန်ရဲ့သားတော် (အတွဲ-၂)
အပိုင်း(၂): ဒေဝပုတ္တမာရ
================
image
"နိမ် . . . နိမ် . . ."
မီရာက နိမ်အရင်ကရှိနေခဲ့ဖူးသော သစ်ခေါင်းအိမ်လေးရှိရာဆီသို့ ပြေးထွက်သွားခဲ့သည်။ မဟာရာဇ်ရွာတစ်ခုလုံး စစ်ပွဲများဖြစ်ပွားလျက်ရှိပြီး ကောင်းကင်ကြီးတစ်ခုလုံးကလည်း မီးခိုးတိမ်လိပ်များစွာနှင့် ရောယှက်လျက်ရှိနေသည်။
မီရာက ကောင်းကင်ကို ခဏတာမျှသာကြည့်လိုက်ပြီးနောက် နိမ်ရှိရာ သစ်ခေါင်းဆီသို့ ပြေးသွားသည်။ စစ်ဖြစ်လည်း သူဂရုမစိုက်။ သူ ငယ်စဉ်တုန်းက မဟာရာဇ်ရွာသားတွေက သူ့အပေါ်မှမကောင်းကြပေပဲကိုး။
"ဟင် . . . "
သစ်ခေါင်းအိမ်နားလေးကိုရောက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ပြေးလာရသမျှ နှစ်ဆပင်အမောဆို့ဆက်သွားသည်။
နိမ့်ရဲ့သစ်ခေါင်းအိမ်မှာ ပြုကျပျက်စီးလုနီးအောင် ပျက်နေပြီဖြစ်ပြီး နိမ်လည်းမရှိတော့ . . .။
"နိမ် . . . နိမ် . ."
မီရာက ပတ်ဝန်းကျင်ကို လှည့်ပတ်ကာအော်ခေါ်မိသော်လည်း နိမ့်အသံကို စိုးစိမျှမကြားမိဘဲ သူ့ရဲ့ပဲ့တင်သံကိုသာ သူပြန်ကြားနေရမိလေသည်။
"အဖျက်မ . .ဒီကောင်မပြန်လည်ထမြောက်လာပြန်ပြီ . . .ဘာလုပ်မယ်မှန်းမသိဘူး . .နင်ထွက်သွား . "
မီရာ အသံကြားရာလှည့်ကြည့်လိုက်တော့ မဟာရာဇ်ရွာသားတွေ အုပ်စုလိုက် မီရာရှိရာဆီသို့ ပြေးလာနေကြသည်ကိုတွေ့လိုက်ရသည်။ မီရာကတော့ ခပ်တည်တည်နှင့် ရွာသားများကိုမျက်နှာမူကာ ခပ်ပြတ်ပြတ်ပင်ပြောလိုက်သည်။
"ရှင်တို့တစ်လှမ်းမှ ရှေ့တိုးမလာနဲ့နော် . .ရှင်တို့ကို ကျွန်မ ဖျက်ဆီးနိုင်တယ်ဆိုတာ ရှင်တို့သိထားပြီးသားမဟုတ်လား . . .
ရှေ့တိုးရဲတိုးလာကြည့် . . ရောဂါ ၉၆ ပါးနဲ့ စစ်ပွဲထက်ဆိုးတာတွေ အကုန်ဖြစ်ကုန်မယ် . . ."
မီရာ့ စကားကြောင့် ထိုလူများတွန့်ဆုတ်ဆုတ်ပင်ဖြစ်သွားကြမိသည်။ တကယ်တမ်းတော့ မီရာ့မှာ ဘာပါဝါအစွမ်းမှမရှိတော့ . .။ ယုတ်စွအဆုံး အရင်က ကိုင်ခဲ့ဖူးသော halo စေကြိုးတောင် မီရာ့ ထံတွင်မရှိတော့ပြီ ဖြစ်သည်။
မီရာက မာန်ပါပါနှင့် မျက်နှာကိုမော့လျက်ပင်ဆက်ပြောလိုက်သည်။
"ပြောစမ်း . . နိမ် ဘယ်မှာလဲ . ဒီသစ်ခေါင်းထဲက ကောင်လေး ဘယ်ရောက်သွားပြီလဲ . . ."
"ဒီသစ်ခေါင်းထဲက ကောင်လေးတော့ မသိဘူး . . သူလည်းပါသွားချင် ပါသွားမှာပေါ့ . . .ပြည်ထောင်အချင်းချင်းစစ်တိုက်တဲ့စစ်ပွဲကြားမှာ ဒေဝပုတ္တမာရ ဆိုတဲ့သူ ကြားဖြတ် အမြတ်ထုတ်ပြီး ဖမ်းခေါ်သွားကြပြီ . . ."
"ဘာ . . . သူက ဘယ်ကလဲ . .နောက်ပြီး ဘာလို့ဖမ်းခေါ်သွားတာလဲ . . ဘယ်ကိုဖမ်းခေါ်သွားကြတာလဲ . "
"ဘာလို့ဖမ်းခေါ်သွားလဲတော့မသိဘူး . . ဒါပေမယ့် . . . သူနေတဲ့ ပရနိမ္မိတဝသဝတ္တီပြည်ကို ဖမ်းခေါ်သွားတာပဲဖြစ်မှာပေါ့ . . ."
"ဘယ်လို . . ဝသဝတ္တီပြည် . . ဟုတ်လား . . "
"စကြဝဠာမှာ ကာမဂုဏ်ကို အတပ်မက်ဆုံးပြည်ထောင်တစ်ခုပဲ . . အဲ့မှာရှိတဲ့ သူတွေအားလုံးရဲ့ အလှတရားက စကြဝဠာရဲ့ ဘယ်အလှတရားနဲ့မှယှဉ်လို့မရဘူး . . . "
"ကျွန်မ . . . ကျွန်မ အဲ့ဒီ ဒေဝပုတ္တမာရ ဆိုသူကို မကြားဖူးဘူး . .သိလည်းမသိဘူး . "
"စကြဝဠာက သူတော်တော်များများကတော့ မာရ်နတ်လို့ သိထားကြတယ် . . ဂေါတမဗုဒ္ဓရဲ့အကြီးဆုံးပြိုင်ဘက်ဖြစ်ခဲ့သူပေါ့ . ."
မီရာကတော့ မဟာရာဇ်ရွာသားများကို မနှုတ်ဆက်တော့ဘဲ အိမ်လေးထဲသို့ သဲလွန်စတစ်ခုခုတွေ့လိုတွေ့ငြားရှာဖွေရန် ကြိုးစားကြည့်မိသည်။
နိမ် ဘယ်ရောက်နေပါလိမ့် . . . ။

× × × × × × × ×

အိုင်းစတိုင်းရဲ့ ခန္ဓာကိုယ်က လိပ်ပြာနှုတ်ခံရသူတစ်ဦးနှယ်လေဟာနယ် ထဲတွင်လွင့်မျောလျက်ရှိ၏ ။ အိုင်းစတိုင်းက သူလွင့်မျောနေသော ပတ်ဝန်းကျင်ကို ကောင်းကောင်းကြီးမြင်နေရသေးပြီး သူ့ပတ်ဝန်းကျင်မှာတော့ မီးခိုးရောင်အခိုးအငွေ့များက ရစ်ဆိုင်းလျက်ရှိနေသည်။ ခဏကြာတော့ အလွန်သြဇာညောင်းလှသော အသံကြီးကို အိုင်းစတိုင်းကြားလိုက်ရသည်။ ထိုအသံမှာ စေတန့်အသံပင် . .။
"မလန့်ပါနဲ့ သားတော် . . ."
"ခမည်းတော် . . .ခမည်းတော် . . သားတော်ဘာဖြစ်နေတာလဲ . "
"သားတော်အခု မီရာ ဘာသာရပ်ကို သင်ကြားအပြီးမှာ ညီမျှခြင်းတွေက ငြိမ်းချမ်းမှုဆိုတာကို လုပ်ယူလို့မရနိုင်ကြောင်း သားတော် သိပြီးလောက်ရောပေါ့ . . .အခု သားတော်ကို တာဝန်တစ်ခု စတင်အပ်နှင်းဖို့အချိန်ရောက်ပြီ . . သားတော် ကမ္ဘာဂြိုဟ်က မြန်မာနိုင်ငံကို သွားဖို့အချိန်တန်လာပါပြီ . . ."
"ဗျာ . . .မီရာ . . မီရာ ကကော ဘာဖြစ်နေပြီလဲ . သားတော် မီရာ့ကို ချစ်နေတုန်းပဲ . သူဒုက္ခရောက်နေတာကို ပစ်မထားရက်ဘူး . . "
"မီရာ့ ကို ခဏမေ့ထားပါ သားတော် . . .ဒီတာဝန်ပြီးဆုံးခဲ့ရင် မီရာ့အချစ်ကော ခန္ဓာကိုယ်ကောက သားတော်ပိုင်ဆိုင်လာရမှာပေါ့ . ."
"ဟာ . . ခမည်းတော် . ခမည်းတော် တကယ်ပြောနေတာလား ."
"တကယ်ပြောနေတာပါ သားတော် . . . ခမည်းတော်ရဲ့ စကားတွေက ဘယ်တုန်းကလွဲခဲ့ဖူးလို့လဲ . . . မီရာဖျက်ဆီးမယ်ဆိုတုန်းကလည်း ဘယ်သူမှမယုံခဲ့ကြဘူးလေ . . နောက်ဆုံးတော့လည်း ရှေ့ဖြစ်ဟောလွှာအတိုင်း တကယ်ဖြစ်ခဲ့တာပဲမဟုတ်လား . . "
"ဟုတ် . . သားတော် တာဝန်ကို ထမ်းရွက်ပါ့မယ် . . ဒါနဲ့ သားတော်က ဘာလုပ်ပေးရမှာပါလဲ . . . ."
"ဂေါတမဗုဒ္ဓရဲ့ တရားတော်တွေဖျက်ဆီးပြီး ကမ္ဘာမြေငြိမ်းချမ်းဖို့အတွက် လုပ်ပေးရမှာပါပဲ . . ."
"ဘယ်လို . . ."
"သားတော် တာဝန်ထမ်းရမယ့်အချိန်ကျတော့မယ်နော် . . .ဟားဟားဟားဟားဟားဟား"
စေတန်ကတော့ ဒါပဲပြောရင်း သူ့အသံက နောက်ထပ် ထွက်မလာတော့ပါ . . ။ သို့သော်လည်း စေတန့်ရဲ့ ပြောစကားအချို့ကတော့ အိုင်းစတိုင်းရဲ့နားထဲမှာ ပဲ့တင်ထပ်လျက်ရှိနေပါတော့သည်။

သူက ဂေါတမဗုဒ္ဓတရားတော်တွေ ဖျက်ဆီးပစ်ရမည်တဲ့လား . . .။

အပိုင်း(၃) ကိုစောင့်မျှော်ဖတ်ရှုကြပါရန် . . . ။

Own Feeling @ 2017 by
ကာရှိုင်း (ကြယ်စင်ချစ်သူ)
@AuroKarshine