ငါးကင်ဆိုင်လေး၏ နောက်ဖေးပြတင်းပေါက်
မနက်ခင်း၏နေရောင်ခြည်အလင်းတန်းက ထန်းတစ်ဖျားလောက်မှနေ၍ ကောင်းကင်ထက်သို့ ပျံသန်းနေကြသော ရေငွေ့လေးများကို ဖြတ်သန်း၍ ညင်သာစွာ ဖြန့်ကျက်နေကြ၏။ရေစီးသံ စီစီညံညံဖြင့် ကျေးငှက်အချို့၏ နံနက်ခင်းနှုတ်ဆက်တေးသည် စူးရှနေသည့်တိုင် နားမခံသာသည့်အသံတော့ မဟုတ်ပဲ ဆောင်းမကျတကျနံနက်ခင်း၏ ပြီးပြည့်စုံမှုကို အားဖြည့်နေသည့်အတိုင်း...
တောတောင်စိမ်းစိမ်းညှို့ညှို့များကြားမှ ဖြတ်သန်းစီးဆင်းလာသော ရေစီးနှစ်ခုတို့မှ အသံနှစ်ခုသည် သွယ်ယှက်စီးဆင်းရင်း အသံတစ်ခုထဲကို မြည်တမ်းသွား၏။
ချောမွတ်နေသော ကျောက်ခဲလုံးများ စီရစီဖြစ်ပေါ်နေသော ကျောက်ခဲကွင်းပြင်၏ အနားစပ်ကို ထိခတ်နေသည် ကြည်လင်အေးမြနေသည် ရေပြင်များ၏ ချစ်စဖွယ် လှိုင်းတွန့်လေးများက ကခုန်နေသောအိန်ဂျယ်တစ်ပါး၏ ခြေနားစပ်မှ အဝတ်စလေးတွေနှယ်...
ထိုစဉ် .
ကျောက်ခဲကွင်းပြင်၏အထက်ပိုင်း ကမ်းပါးမြင့်မြင့်နှင့် မြစ်ရေစပ် ထိစပ်နေသော နေရာခပ်ကျဉ်းကျဉ်းတွင်ရှိသော သက်ငယ်မိုး အိမ်လေးတစ်လုံး၏ နောက်ဖေးတံခါးတစ်ချပ် ပွင့်သွား၏။
ပိန့်လှိမ့်နေသော စတီးရေဇလုံတစ်လုံးကို ကိုင်လျက်ထွက်လာခဲ့သော အသက်ခြောက်ဆယ်ကျော် ဝန်းကျင် အမျိုးသမီးကြီးတစ်ဦးတဲအတွင်းမှ ထွက်ပေါ်လာသည်။
အနွေးထည်ခပ်နွမ်းနွမ်းတစ်စုံကို ဝတ်ဆင်ထားလျက် ပွယောင်းနေသော ဆံပင်အချို့ကို ဖြစ်သလို စည်းနှောင်ထားပြီး ကျောက်ခဲလုံးများကြား သတိထားပြီး တစ်လှမ်းချင်းလျောက်သွားနေပြီးမှ မလိခမြစ်အတွင်းရေဇလုံကို နစ်လိုက်ပြီး ဇလုံအတွင်း ရေတစ်ဝက်ခန့် ရစဉ် ပြန်မယူပြီး အလာတုန်းကထက် ပိုလေးလံသော ခြေလှမ်းတို့ဖြင့် တဲလေးဆီသို့ ပြန်လာခဲ့လေသည်။
တဲအိမ်လေးနှင့် ထိစပ်လျက် ကျောက်ခဲပြင်ကျယ်ဖက်သို့ ထုတ်ထားသော အဖီလေး သုံးလုံးသည် တဲအိမ်လေးဖြင့် ထိစပ်နေသည်ဟုဆိုနိုင်သော်လည်း ဘန်ဂလိုဆန်ဆန်ဖြင့် တသီးတသန့်စီ ဖြစ်နေပေါ်နေ၏။ ထိုအဖီတဲလေးများကို ဝါးများဖြင့် ဖန်တီးထားပြီး ထိုတဲလေးများအပေါ်တွင် ဝါးဖြင့်ပင် ဖန်တီးထားသော ထိုင်ခုံလေးများ စားပွဲလေးများကို တွေ့နိုင်လေသည်။ အဖီတဲလေးများမှ ကြည့်လျှင် မလိခမြစ်နှင့်မေခမြစ်ဆုံရာနေရာသို့ ကောင်းကောင်း မြင်တွေ့နိုင်လေသည်။
တဲအိမ်လေး၏ အပြင်ဖက်သို့ ခဏက အမျိုးသမီးကြီးနီးပါး အသက်အရွယ်ခန့်ရှိ အဖိုးတစ်ဦး ထွက်ခဲ့ပြန်လေသည်။ပြီးနောက် အဖီတဲလေးများ၏ ဆန့်ကျင်ဖက် တဲအိမ်နောက်ဖက်သို့ ဝင်ရောက်ပျောက်ကွယ်သွားပြီး မကြာမီ သစ်ကိုင်းခြောက်လေးများ ပွေ့ယူကာ တဲအိမ်လေး အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားပြန်လေသည်။
မကြာခင် တဲအိမ်လေးအတွင်းမှ မီးခိုးများသည် တောတောင်စိမ်းစိမ်းများကြားတွင် တလူတလူထွက်ပေါ်လာနေလေတော့သည်။
နေလုံးသည် ထင်သာမြင်သာ ဖြစ်နေလောက်အောင် လင်းထင်းခွင့်မရရှာ။တောတောင်တို့၏ အရိပ်တို့ ကြီးစိုးရာ အရပ်တွင် သစ်ပင်တို့ အရွက်တွေအပေါ်တွင်သာ နေရောင်ခြည်တို့အတွက် နေရာရရှာလေ၏။
နေ့လည် ဆယ့်တစ်နာရီ...
တောတောင် သဘာဝနှင့် ပတ်သက်မှု သိပ်မရှိသော အနံ့အသက်နှင့် အသံအချို့ အဖီတဲလေးများရှေ့တွင် ကြားလိုက်ရ၏။
ကျောက်ခဲလုံးများကို တက်ကြိတ်လိုက်သည် ကားတစ်စီး၏ တာယာသံနှင့် ကား၏ စက်ဆီနံ့အချို့သည် သန့်စင်သော လေထုတွင် သိသာစွာ ထွက်ပေါ်လာလေသည်။
ပရာဒို အမြင့်ကားထဲမှ သွက်လက်ရွှင်မြူးနေကြသော အသက်ခပ်ငယ်ငယ် ကောင်လေး သုံးယောက်နှင့် ကောင်မလေး နှစ်ယောက် ထွက်ပေါ်လာပြီး လန်းဆန်းစွာ ဟစ်အော်လိုက်ကြလေသည်။
" ဟေး......."
တောတောင်တို့၏ ပဲ့တင်ထပ်သံ အဆုံးတွင် အဖီတဲလေးအတွင်းသို့ ရောက်ရှိကုန်၏။ တဲအိမ်လေးဆီမှ ကဗျာကယာထွက်လာသော အမျိုးသမီးကြီး၏ နူးညံ့ပြုံးချိုသော မျက်နှာ ဖော်ရွေသော မျက်ဝန်းများဖြင့် ရောက်လာပြီး
" လူလေးတို့ ဒီမှာတော့ ငါးကင်ပဲ ရတယ် "
" စပ်ဖီ မရဘူးလား ဒေါ်ဒေါ် "
အမျိုးသမီးကြီးက နူးညံ့တို့ အပြံုးတို့ဖြင့်ပင် ခေါင်းခါလိုက်ကာ
" မရဘူး လူလေးရဲ့ "
" ဒါဆို ခေါင်ရည်ရော "
အမျိုးသမီးကြီး ထပ်မံ ခေါင်းခါလိုက်ကာ
" မရပါဘူးကွယ်။ ငါးကင်တစ်မျိုးလေးပဲ ရောင်းတာပါ "
ကောင်လေးတစ်ယောက် အနည်းငယ် စိတ်ညီးညူသွားဟန်ဖြင့် ကောင်းကွာ ဟု ရေရွတ်လေသည်။
သူတို့အထဲမှ မျက်နှာလေး ဖြူနုပြီး ပြုံးချိုနေသော မိန်းကလေးတစ်ယောက်က ရယ်လိုက်ပြီး
" ဒါဆို ငါးကင်လေးပဲ ယူမယ်နော် အဒေါ်။ သုံးကောင် ချပေးပါ "
ဟု မှာလိုက်ပြီး တဆက်တည်းပင် ခုနက ကောင်လေးဖက်သို့ လှည့်ကာ
" နင်တို့ ဝယ်လာတဲ့ ဘီယာတွေ ကားထဲ ရှိနေတယ်လေ "
ဟု ဆက်ပြောလိုက်လေသည်။
သိပ်မကြာခင်မှာပင် တဲအိမ်လေးအတွင်းမှ အဖိုးတစ်ယောက် နှီးဖြင့် ရက်လုပ်ထားသော ဗန်းလေးထဲတွင် ငါးကင်သုံးကောင်ပါသော ပန်းကန်ပြားသုံးချပ်နှင့် ဝါးတူလေးများ ချဉ်ငံစပ်ခွက်သေးသေးလေးများထည့်ကာ သယ်လာချပေးလေသည်။
ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက် အဖိုးကို ဆီးကြိုပေးလိုက်ကြလေသည်။
" ဟာ အဖိုးကလည်း သမီးတို့ကို ပြောရောပေါ့ လာသယ်ပေးမှာပေါ့ "
"ရပါတယ်ကွာ။ ဒါနဲ့ ကောင်လေး ဟိုမှာတွေ့လား အဲ့တဲမှာတော့ စပ်ဖီရော ခေါင်ရည်ရော ရတယ်ကွ။တို့များတော့ အဲ့ဒါတွေ မရောင်းနိုင်တော့ပါဘူးကွာ။ သူတို့ဆီ သွားဝယ်ပြီး သောက်လို့တော့ ရတယ် "
သဘောကောင်းပြီး ပျော်တတ်ပုံရသော အဖိုးစကားကြောင့် ကောင်လေးတွေ ပွဲကျသွားလေသည်။သူတို့ဝိုင်းထဲ အဖိုးကိုပါ ခေါ်လိုက်ကြသည်။
" လာ..အဖိုးပါ ဝင်ထိုင် ကျွန်တော် အဲ့ဒီမှာ ခေါင်ရည်သွားဝယ်လိုက်မယ် ။ ကျွန်တော်တို့နဲ့ အဖိုးနဲ့ စကားပြောကြမယ် "
" ကောင်းပါ့ကွာ "
သူပါ ဝိုင်းထဲ ဝင်ထိုင်ရင်း လူငယ်လေးများ၏ စကားကို နားထောင်လိုက် တချို့အရာများကို သူပါ ဝင်ပြောလိုက်ဖြင့် ပြောနေလေသည်။ငါးကင်ကိုတော့ မစားပေ။
" အဖွားက အဖိုးရဲ့ အမျိုးသမီးပေါ့ ဟုတ်လား အဖိုး "
" အေးပေါ့ကွ "
" သာယာတယ်ကွာ ..ဒီလို သဘာဝပတ်ဝန်းကျင်ကောင်းကောင်းလေးမှာ ဝါးတဲအိမ်လေးဆောက်ပြီး အေးအေးချမ်းချမ်းလေး နေလို့ရတာ။အိဖြူ နင်ရော ငါ့ ယူပါလား ဒီလိုလေး လာနေကြမယ်လေ..."
" ကောင်စုတ် .."
လွတ်လပ်ပေါ့ပါးသော ရယ်သံလေးများကို နားထောင်ပြီး အဖိုး မျက်ဝန်းတွင် မျက်ရည်အချို့ ရစ်ဝဲနေသည်ကို သေချာကြည့်ပါက တွေ့နိုင်မည် ဖြစ်ပေသည်။
" အဖေကြီးရေ ..ကလေးတွေနဲ့ ဘာလုပ်နေတာတုန်း။ ဧည့်သည်တွေကို အားနာစရာ ဒီကိုလာကူပါအုံး .."
အခြားဧည့်သည့်တွေ ထပ်ရောက်လာသလိုတဲအိမ်အတွင်းမှ အော်သံကို ကြားလိုက်သော အခါ အဖိုးကြီးက ထရပ်လိုက်ပြီး
" ကဲ ..ဒီနေရာမှာ အဲ့ဒီလို အသံတွေက တစ်ခါတစ်လေတော့ သီချင်းလိုပဲကွ။တစ်ခါတစ်လေတော့ ငှက်ဆိုးလိုပဲ ကောင်လေးရေ ။သာယာတာတော့ သာယာပါတယ်..သွားလိုက်အုံးမယ်ကွာ ကောင်းကောင်းစားကြ .."
ရယ်မော နှုတ်ဆက်သွားသည့် အဖိုး၏ စကားသည် လူငယ်တစ်စုအတွက် သဘောကျစရာ ဟာသတစ်ပုဒ်ပင်။ကျောခိုင်းသွားသည့် အဖိုးနောက်သို့ ကောင်လေးတစ်ယောက် ပြေးလိုက်သွားပြီး
" အဖိုး ဒီမှာ အဖွားမသိစေနဲ့နော်။ သားတို့မပါဘူး "
ဟုဆိုကာ ဝါးကျည်တောက်တစ်ဘူးကို လက်ထဲထည့်ပေးသွားလေသည်။
အဖိုးက တစ်ယောက်ထဲ ပြုံးလိုက်ပြီး ထိုင်နေရာ ထိုင်ခုံသို့ရောက်သွားပြီ ဖြစ်သည့် ကောင်လေးထံသို့ ကြည့်ကာ " ကျေးဇူးပါကွာ "ဟု တီးတိုးရွတ်ဆိုလိုက်လေသည်။
" ငါ ဒီနေ့တော့ စောစော ပြန်လာခဲ့မယ်နော့။ မင်းတစ်ယောက်ထဲ ရတယ်မဟုတ်လား "
အဖိုးကြီး၏ စိတ်မချလေဟန်မေးခွန်းအပေါ် အဖွားက မျက်စောင်းရေးရေး ထိုးလိုက်လေသည်။
" ဒါတွေကို ကျွန်မနေ့တိုင်း လုပ်နေခဲ့တာပါ။ရှင်သာ ငါးရအောင်ရှာလာခဲ့ "
အဖိုးက စစ်တပ်သုံး ပွိုင့်ဖိနပ်ကို စီးရင်း တဟားဟား အော်ရယ်လိုက်လေသည်။ ပြီးတော့ သူ၏ ဓားပလိုင်းကို လွယ်လိုက်ကာ တဲတိုင်တွင်ချိန်ထားသော ခပ်ပြန့်ပြန့် ခမောက်ကြီးကို ဆောင်းလိုက်လေသည်။ပြီးနောက် တဲအပြင် အစွန်နားတွင် ကြိုးဖြင့်စည်းကာထောင်ထားသော ဝါးငါးမျှားတံများကို ယူလိုက်ပြီး မနေ့ကတည်းက ကျန်နေသေးသော တီကောင်နှင့် မြေကြီး ရောထည့်ထားသည် ဝါးဆစ်ဘူးကို ဓားပုလိုင်းထဲ ထည့်လွယ်ကာ ကုန်းပေါ်တွင် ငုတ်စိုက်ကာ ကြိုးဖြင့်တွဲချည်ထားသောကြောင့် ရေလှိုင်းဖြင့် လှုပ်ခတ်နေသော မလိခမြစ်ကမ်းမှ သူ၏ ဝါးဖောင်လေးပေါ်သို့ တက်လိုက်လေသည်။ရိုးရာသီချင်းတစ်ပုဒ်ကို တိုးတိုးလေး ညည်းကာ ထိုးဝါးကို အသုံးပြုပြီး မြစ်အထက်သို့ ဆန်တက်လိုက်လေသည်။
သူ၏ ပလိုင်းထဲမှ တီထည့်ထားသော ဝါးဆစ်ဘူးကို ယူကာ ဖောင်ပေါ်ချလိုက်သည်။ပြီးနောက် ပလိုင်းထဲတွင် နောက်ထပ်ကျန်နေသေးသည့် ဧည့်သည်ကောင်လေးပေးလိုက်သော ခေါင်ရည်ပါသော ဝါးကျည်တောက်လေးကြောင့် ကျေနပ်သွားသည်။
ဒီနေ့တော့ မလိခမြစ်ကို ဆန်တက်ပြီး မေခမြစ်နှင့် မလိခမြစ်တို့ မဆုံခင် တြိဂံပုံစံကုန်းလေးကို ဖြစ်ပေါ်စေအောင် မြစ်နှစ်စင်း ဟိုဖက်ဒီဖက်ဖြတ်စီးနေသည့် ရေစီးကြောင်းနေရာတွင် သွားမျှားရမည်။
မနက်ဖြန်အတွက် လုံလောက်စွာ ရလျှင် စောစောပြန်မည်။
စိတ်ကူးတို့သည် တည်ငြိမ်စွာ၊ရေစီးတို့သည် ကြည်လင်စွာ၊တောတောင်တို့သည် စိမ်းစိုစွာ၊ သဘာဝတရားသည် သာယာစွာဖြင့်....
" ဝိုး ဒါဆို အဖွားတို့က ကိုယ့်ဘာသာပဲ ရှာတာပေါ့ "
အဖွားက စားပြီးသား ငါးကင်တွေကို သိမ်းလိုက်ပြီး
" နင့်အဖိုးက ငါးရှာတော်တယ်လေ။ငါးဘယ်လိုရှာရမယ်ဆိုတာ သူကောင်းကောင်းသိတာပဲ။အဲ့ဒီလို ရှာလိုက်တော့ ငါးတွေကို မဝယ်ရတော့ဘူးလေ "
" ဝါး ဒါကြောင့် အဖွားတို့ ငါးကင်က လတ်ဆတ်ပေမယ့် ဈေးနည်းပြီး စားကောင်းနေတာကိုး ။ "
" ဟေး လာကြတော့ဟ ..ညနေ တအား စောင်းသွားမယ် "
တစ်နေကုန် ရေဆော့လိုက် ဓာတ်ပုံတွေရိုက်လိုက် ငါးကင်စားလိုက် စကားပြောလိုက်ဖြင့် အချိန်ကုန်ခဲ့ကြသော ကလေးတွေ ပြန်ကြတော့မည် ဖြစ်သည်။
"နောက်လည်း လာစားအုံးမယ် အဖွားရေ "
" အဖွားရေ အဖိုးကို နှုတ်ဆက်သွားတယ်လို့ ပြောပေးအုံးနော် နောက်မှ ထပ်လာတော့မယ်.."
" အေးပါ..ကောင်းကောင်းပြန်ကြနော့ "
စားပြီးသားတွေကို ရှင်းလင်းရင်းမှ ရပ်တန့်ကာ တရွေ့ရွေ့ထွက်ခွာသွားသော ကောင်လေးတွေ၏ ကားလေးကို ငေးကြည့်ရင်း အဖွား သက်ပြင်း ချလိုက်မိလေသည်။ ပြီးနောက်လုပ်လက်စကို ဆက်သိမ်းကာ တဲအိမ်လေးသို့ ထွက်လာခဲ့စဉ် ဟိုဖက်ဆိုင်က ကောင်လေးက သူမရှိရာသို့ သုတ်သုတ်လျှောက်လာနေရင်း
" ကြီးကြီးရေ ဂျာမိုင် စာပါးလိုက်တယ် ။ကျွန်တော် မြစ်ကြီးနားကို ဈေးဝယ်သွားတာ။တက္ကသိုလ်ဖက် ဝင်ခဲ့တော့ ဂျာမိုင်နဲ့ တွေ့ပြီး ပါးခဲ့တာ ကြီးကြီးရေ "
" အေး အေး ဟုတ်ပြီ..မင့် ဘကြီးပြန်လာမှ ဖတ်ခိုင်းမယ် "
ဖုန်းလိုင်းမကောင်းသလို ဖုန်းမပြောတတ်ကြသော သူတို့လင်မယားအတွက် ဖုန်းမဝယ်နိုင်တာကြောင့်လည်း ပါသည်ဆိုလျှင် ပိုမှန်ပါလိမ့်မည်။
ဗမာစာကို သူမ လုံးဝမဖတ်တတ်ပေမယ့် အဖိုးကြီးကတော့ ဖတ်တတ်သေးသည်။
ဒီနေ့အတွက် တစ်နေ့တာလုပ်ကိုင်ထားသမျှတွေကို ရှင်းလင်းပြီး အဖိုးကြီးကို စောင့်ရမည်။သူက ဒီနေ့စောစော ပြန်လာမယ်ဟု မှာထားခဲ့တယ်လေ..။
" ဂျာမိုင် စာပေးလိုက်တယ်။ ဟိုဖက်ဆိုင်က ကောင်လေးနဲ့ ပါးလာတယ်။ ဒီမှာ ...."
ညနေစာ ထမင်းစားပြီးချိန် တဲအိမ်လေးအတွင်း ဖယောင်းတိုင်မီး မှိန်ပြပြလေးက လေညှင်းတို့၏ ကျီစယ်မှုနှင့်အတူ ယိမ်းထိုး ကခုန်နေလေသည်။
အဖိုးက စာကို ယူလိုက်ပြီး ဖယောင်းတိုင်မီးနားကပ်ကာ တစ်လုံးချင်း ဖတ်လိုက်သည်။
"( အဝှါနဲ့ အနူးရေ..
အဆောင်ကြေးတွေသွင်းဖို့ ငွေလိုနေပြီ ။ မနက်ဖြန် ဇော်ဘောက် ပြန်လာမယ်တဲ့။ငွေတစ်သိန်းလောက် သူနဲ့ ထည့်ပေးခဲ့လိုက်ပါအုံးနော့
သမီး
ဂျာမိုင် ) တဲ့ "
ဖယောင်းတိုင်မီးလေး၏ အလင်းအားကိုးဖြင့် တဲအိမ်လေးအတွင်းတွင် လူနှစ်ယောက် သက်ပြင်း ကိုယ်စီချလိုက်မိကြသည်။
တောတောင်ထဲမှ တစ်ခါတရံ တောကောင်တို့ အော်မြည်သံနှင့် ဉာဥ့်သတ္တဝါတို့၏ အော်မြည်နေသံတို့သည် ည၏ ခြောက်ခြားဖွယ် တိတ်ဆိတ်သံတို့ကို ဖြိုခွဲလျက် ထွက်ပေါ်နေကြ၏။
တဲအိမ်လေးအတွင်းမှာလည်း ဖယောင်းတိုင်မီးရောင်လေးကို အားပြုလျက် မျက်နှာချင်းဆိုင်ကာ တိတ်ဆိတ်နေကြသော လူသားနှစ်ဦးသည် ကျောက်ရုပ်သဖွယ် ငြိမ်သက်နေကြသည်။
စတင်လှုပ်ရှားလာသူက အဖွား ဖြစ်ပြီး ဖယောင်းတိုင်မီးထွန်းထားသည် ကျောက်တုံးလေးကို အနည်းငယ်မြင့်သည့် ခုံပေါ်တွင် တင်လိုက်ကာ မနက်က သိမ်းလိပ်ထားသော အိပ်ယာတွေကို ခင်းကျင်ပြင်ဆင်လေသည်။
အဖိုးသည် နေရာမှ လေးကန်စွာ ထရပ်လိုက်ပြီး အိမ်အတွင်းဖက်သို့ ဝင်သွားပြီးနောက် ဝါးဆစ်ဘူးတစ်ခုကို ဆွဲထုတ်လာကာ ဝါးဆစ်ဘူး၏ တစ်ဖက် အဆစ်နေရာကို ဆွဲဖွင့်၍ အဖွားခင်းထားသော အိပ်ယာခင်းပေါ်တွင် သွန်ချလိုက်လေသည်။
ငွေစက္ကူအချို့ ပြန့်ကျဲသွားပြီး အဖိုးက မီးထွန်းကို ယူချလိုက်ပြီး အိပ်ယာခင်းပေါ်တွင် ထိုင်ချလိုက်သည်။အဖွားက သူလုပ်ကိုင်သမျှကို တိတ်ဆိတ်စွာ ငေးကြည်နေလေ၏။
သူ မီးထွန်းကျောက်တုံးလေးကို အိပ်ယာခင်ပေါ်တွင် တည်ငြိမ်အောင် ချလိုက်ပြီး
ပိုက်ဆံများကို စတင် ရေတွက်လိုက်သည်..
" တစ်သောင်း...
ငါးထောင်....နှစ်သောင်း......
တစ်ထောင်....
နှစ်ထောင်.....
သုံးထောင်...."
( ပြီး )
I'm ATM
MSU 021.
nice story
Thanks အက်ဒ်မင်
nice post
ကျေးဇူး
nice
သင့်ခ်
good
ကျေးဇူးပါ
အရမ်းကောင်းတယ် sis. ငါးမျှားတဲ့ အကြောင်းလဲ ရေးဉီးနော်
အဟီး ကြိုးစားကြည့်ပါ့မယ်
nice
Thanks
အားပါး မခံစားနိုင်ဘူးဗျာ နောက်တစ်ပိုဒ်လောက်ထပ်ဖတ် လိုက်ရရင် ငိုမိတော့မယ် ဒီတစ်ခါတော့ ဒီလောက်နဲ့တင် တော်သင့်သွားပီ 😢
နဲနဲတော့ ပြောမယ်ဗျာ " စီရစီ " မဟုတ်လောက်ဘူးထင်တယ်နော်
" စီရရီ "လို့ ထင်နေလို့
ဟုတ်..ကျေးဇူး သတိထားပါ့မယ်..ဖုန်းနဲ့ပဲရေးတာမို့ ကီးဘုတ်အခြေအနေကြောင့်ပါ..သည်းခံပေးပါနော်
ရပါတယ် ခင်ဗျာ ကျနော်က မသိဘဲ ရေးမိတယ် ထင်လို့ ပြောပြတာပါ 👍
ကျေးဇူးပါ ဂရုတစိုက်ဖတ်ပေးတဲ့အတွက်
ဟုတ် ဂရု တစိုက်ဖတ်တာ မဟုတ်ပါဘူး ဖတ်လို့ကောင်းလို့ပါ 😊 👍
ကျေးဇူး ဖတ်ကောင်းတယ်ဆိုလို့
nice nice nice...
Thanks.Thanks.Thanks.😁😁