ကဆုန်- နယုန်ဆွေ့ဆွေ့ခုန်ဆိုသည့်အတိုင်း ကဆုန်လသည် အပူဓာတ်လွန်ကဲသောလ ဖြစ်သည်။နေ့တာရှည်၍ ညတာတိုသော ရက်စုံလဖြစ်သည်။ကဆုန်လသည် မြန်မာ့ဆယ့်နှစ်လရာသီတွင် ဒုတိယလဖြစ်၍ နွေဥတုတွင် ပါဝင်သည်။ဤလတွင် အင်း၊ အိုင်၊ ကန်၊ ချောင်း၊ ရေနုတ်မြောင်းများမှာ ရေခန်းခြောက်၍ သစ်ပင်ပန်းမန်များ ညှိုးရော်ကာ ရေဓာတ်ခန်းခြောက်သော ကာလလည်းဖြစ်သည်။
ကဆုန်ဟူသော အခေါ်အဝေါ်သည် “ကဆိန္န” ဟူသော ပါဠိကို “ကဆုန်” ဟု မြန်မာမှုပြုထားသော ပါဠိသတ် ဝေါဟာရ အမည်ဖြစ်သည်။ဤ ကဆိန္န၌ (က=ရေ၊ ဆိန္န=ပြတ်သည်) ကဆိန္န=မြေဓာတ်မှာ ရေပြတ် သော လဟု အဓိပ္ပာယ်ရသည်။ကံ=ဥဒကံ ဆိန္နတိ ဧတ္ထာတိ ဣတိ-ထိုကြောင့်၊ ကံဆိန္နမည်၏ဟုလည်း ဆို ကြသေးသည်။ကဆုန်လတွင် မြစ်ချောင်း အင်းအိုင်များ ရေခန်းခြောက်သည့် အချိန်လည်းဖြစ်သည်။ ကဆုန် လကို ပြိဿရာသီဟု ခေါ်၍ ထိုလတွင် စန်းယှဉ်နက္ခတ်မှာ ၀ိသာခါနက္ခတ် ဖြစ်၍ တာရာမှာ တံငါတာရာ ဖြစ် သည်။ ရာသီရုပ်မှာ နွားထီးရုပ် ဖြစ်ပြီး ရာသီပန်းကား စကားပန်းဖြစ်ကာ ရာသီပွဲတော်ကား ညောင်ရေသွန်း ပွဲ တော် ဖြစ်သည်။
လရာသီအခါအလိုက် ဘာသာရေးနှင့် ယှဉ်တွဲကာ ပွဲတော်များသတ်မှတ်ထားကြသည်။တန်ခူးလ
နှစ်သစ်ကူးပွဲတော် ကဆုန်လတွင် ဗုဒ္ဓနေ့ အဖြစ် ညောင်ရေသွန်းပွဲတော်၊ နယုန်လတွင် မဟာသမယနေ့ ၀ါဆိုလတွင် ဓမ္မစင်္ကြာအခါတော်နေ့ ၊ ၀ါခေါင်လတွင် မေတ္တာအခါတော်နေ့ ၊တော်သလင်းလတွင် ဂရုဓမ္မ အခါ တော်နေ့၊သီတင်းကျွတ်လတွင် အဘိဓမ္မာအခါတော်နေ့၊တန်ဆောင်မုန်းလတွင် သာမညဖလ အခါတော်နေ့ နတ်တော်လတွင် ဓမ္မစာဆိုတော်များနေ့၊ ပြာသိုလ်လတွင် ရှင်တစ်ထောင်အခါတော်နေ့၊ တပို့တွဲလတွင်
ဩ၀ါဒပါတိမောက်အခါတော်နေ့၊တပေါင်းလတွင် မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့ဖြင့် အသီသီး
သတ်မှတ်ထားသည်။
ဗုဒ္ဓဘာသာဝင် မြန်မာတို့အဖို့ ကဆုန်လပြည်နေ့ကို ထူးမြတ်သောနေ့အဖြစ် သတ်မှတ် ယူဆကာ အလေးအမြတ်ထားကြသည်။ အမှန်တစ်ကယ်လည်း ကဆုန်လပြည့်နေ့ကား ဗုဒ္ဓဘာသာဝင်တို့အတွက် ဗျာ ဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင် နန်းနိဗ္ဗာန်ဆိုသည့် ထူးခြား အလေးအမြတ်ထားရသည့် နေ့ထူး နေ့မြတ် အခါဖြစ် သည်။ထို ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင် နန်းနိဗ္ဗာန်ဆိုသည့် မှာ ဒီပင်္ကရာ ဘုရားရှင်ထံမှ ဘုရား စင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဘုရားလောင်းတော်သုမေဓာရှင်ရသေ့ နိယတဗျာဒိတ်တော် ခံယူ ရရှိသော နေ့၊ ဘုရား လောင်းတော်ကို မဟာသက္ကရာဇ် ၆၈-ခုနှစ်၊ ကဆုန် လပြည့်နေ့ သောကြာနေ့ နံနက် တစ်ချက်တီး အချိန် ၀ိသာခါနက္ခတ်နှင့် စန်းယှဉ်၍ မယ်တော် မာယာ၏ ၀မ်းကြာတိုက်မှ မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့သည့်နေ့ ၊သက္ကရာဇ် ၁၀၃-ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် သစ္စာလေးပါးကို သိမြင်တော်မူပြီး ဘုရားအဖြစ်သို့ ရောက်ရှိခဲ့ သည့်နေ့၊ (၄) ကာဠု၊ ယသော်၊ ညီတော်၊ ဆန္ဒ၊ ကဏ္ဍက၊ သောဏ္ဏ၊ ဗုဒ္ဓဟေ ဆိုသည်နှင့်အညီ ဖွားဖက်တော် ခုနှစ်ပါးတွင် ပါဝင်သော ညောင်ဗုဒ္ဓဟေ(ဗောဓိပင်) ကဆုန်လပြည့်နေ့တွင် စတင်ပေါက်ရောက်ခဲ့သည့်နေ့၊ (၅) သက္ကရာဇ် ၁၄၈-ခုနှစ်၊ ကဆုန်လပြည့်နေ့၌ ၀ါတော် ၄၅-၀ါ၊သက်တော် ၈၀-၌ ဘုရားရှင် ကုသိနာရုံပြည် ရှိ အင်ကြင်းတောဝယ်ပရိနိဗ္ဗာန်စံဝင်တော်မူသည့်နေ့ စသည့် ဗုဒ္ဓ၀င်နှင့်ဆိုင်သည့် အထင်ကရနေ့ထူး နေ့မြတ်ထားရသည့် နေ့လည်းဖြစ်သည်။
အခါတစ်ပါး၌ မြတ်စွာဘုရားရှင် ဝေနေယျတို့အား တရားရေအေး ချီးမြှောက်ရန်အတွက် ဒေသစာရီ ကြွချီတော်မှုလေသည်။ သာဝတ္ထိမြို့သူ မြို့သားတို့သည် ဇေတ၀န်ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံး နေသည်မှတ်၍ ပူဇော်ကန်တော့ကြရန် ပန်းနံ့သာ လှူစရာများကိုယူဆောင်လျက် ဇေ၀န် ကျောင်းတော်သို့ သွားကြရာ ဘုရားရှင် မရှိသည့်အတွက် ပူဇော်ခွင့်မရကြသဖြင့် မိမိတို့ ယူဆောင်ခဲ့သော ပန်းနံ့သာများကို ဂန္ဓကုဋီကျောင်းတိုက်၏ တံခါးဝ၌ ချထားကြလျက် ပြန်လာခဲ့ကြသည်။
ထိုအကြောင်းကို အနာထပိဏ်သူဌေးကြီးသိရသည့်အခါ အရှင်အာနန္ဒာမထေရ်သို့ကပ်၍-အရှင်ဘုရား ဤ ဇေတ၀န်ကျောင်းတော်ကြီးသည် မြတ်စွာဘုရား ဒေသစာရီကြွချီသောအခါ၌ ကိုးကွယ်ရာမဲ့ နေပါသည်။ ပူဇော်ခွင့်လည်း မရှိပါ။ ဤအကြောင်းကို ဘုရားရှင်အား လျှောက်ထားပြီး ဘုရားရှင်မရှိခိုက် ဘုရားရှင်ကိုယ်စား ကိုးကွယ်ပူဇော်ရာကို လျှောက်ထားပေးပါဘုရားဟု အရှင်အာနန္ဒာအား လျှောက်ထားလေသည်။ ထိုအခါ အရှင်အာနန္ဒာက မြတ်စွာ ဘုရားရှင်အား မဟာဗောဓိ ပင်မှ မျိုးစေ့ကိုယူ၍ ဇေတ၀န်ကျောင်းတော်၏ တံခါးဝ၌ စိုက်ပျိုးခွင့်ပြုရန် လျှောက်ထားလေသည်။
ဘုရားရှင်သည် အရှင်အာနန္ဒာ၏လျှောက်ထားခြင်းကို ခွင့်ပြုကာ စိုက်ပျိုးခွင့်ကိုပေးလျက် “ ဤသို့ ဗောဓိပင်ကို စိုက်ပျိုးထားခြင်းသည် ဇေတန်ကျောင်းတော်၌ ငါဘုရား အမြဲ သီတင်းသုံးနေတော်မှုသည် နှင့် အတူတူပင်ဖြစ်လတ္တံ့” ဟု မိန့်ကြားတော်မှုခဲ့သည်။ ဘုရားရှင်သည် မိမိကိုယ်စား ဖူးမြော်နိုင်ရန် အရှင်အာနန္ဒာ အား မူလဗောဓိပင်မှ မျိုးစေ့ကို ဆောင်ယူစိုက်စေသည်။ ရှင်မဟာ မောဂ္ဂလာန် မထေရ်မြတ်သည် ယူဇနာ ၆ဝ ဝေးကွာသော ဗောဓိမဏ္ဍိုင်ကုန်းတော်သို့ ကောင်းကင်ခရီးဖြင့် ကြွကာ ကြွေကျဆဲဖြစ်သော မူလမဟာမျိုးစေ့ကို သင်္ကန်းဖြင့်ပတ်ကာ ယူဆောင်လာခဲ့ပြီး အရှင်အာနန္ဒာအား ပေးအပ်သည်။ ထိုယူဆောင်လာသည့် ဗောဓိမျိုး စေ့ကို ဇေတဝန်ကျောင်းဝင်းတံခါးမုခ် သတ်မှတ်နေရာတွင် အနာထပိဏ်သူဌေး မြေသို့ချစိုက်လိုက်သည်နှင့် တန်ခိုးတော်ကြောင့် မြေသို့မရောက်မီ ထွန်တုံးပမာဏခန့် အတောင် ၅ဝ မြင့်သော မဟာဗောဓိပင်သည် ပရိသတ်များ၏ ရှေ့မှောက်၌ပင် ခက်မငါးဖြာနှင့် ပြည့်စုံစွာ အံ့သြဖွယ်ရာ ရုတ်ခြည်းပေါက်ဖွား လာခဲ့သည်။
တိုင်းသူပြည်သားတို့မှာ ထိုမဟာဗောဓိပင်ကို ဘုရားရှင်ကိုယ်တော်အလား ပန်းနံ့သာ၊ ဆီမီး စသည် တို့ဖြင့် နေ့စဉ်ပူဇော်သက္ကာရ ပြုခဲ့ကြသည်။ ထိုမှ အပူရှိန်ပြင်းသည့် ကဆုန်လသို့ ရောက်သည့်အခါတိုင်း မဟာဗောဓိပင် မညှိုးရော်စေရန် ရေသွန်းပူဇော်ပွဲ သဘင်ကို ကျင်းပခဲ့ကြရာမှ ကဆုန်ညောင်ရေသွန်း ပွဲတော် ပေါ်ပေါက်လာဟန် ရှိသည်ဟု ရှေးပညာရှိများက ယူဆကြသည်။
ဘုရားရှင်ကိုယ်စား ဗောဓိပင်ကို အမွှေးနံ့သာ ပန်း ဆီးမီးတို့ဖြင့် ဆက်ကပ်ညှိထွန်းခြင်းက အကျိုးထူး သလို မဟာဗောဓိပင်မှာ ဗုဒ္ဓဘုရားရှင်၏ စေတီ(၄)မျိုးတို့တွင် ပရိဘောဂစေတီတော်လည်း ထိုက်သဖြင့် မြတ်ဗုဒ္ဓ နှင့် ပတ်သက်နေသော ဗောဓိညောင်ပင်ကို ဗုဒ္ဓဘာသာဝင် မြန်မာတို့အဖို့ အလေး အနက် ကြည်ညို လေးစားကြသည်။ ထို့ကြောင့် ရေအပြတ်ဆုံးလဖြစ်သော ကဆုန်လတွင် မဟာဗောဓိပင် သေမ သွားစေရန် နှင့် ဘုရားရှင်ကိုယ်စား ကိုးကွယ်သည့် အနေဖြင့် ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြသည့် ဓလေ့စဉ်လာမှာ ရှေးယခင်ကပင်ထွန်းကားလာခဲ့သည်။
အစောဆုံးအနေဖြင့် ကျမ်းဂန်များအရ ပုဂံခေတ်တွင့်ပင် ကဆုန်လတွင် ညောင်ရေသွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြပြီဟု ယူဆထားကြသည်။ ထိုသို့ ကျင်းပလာသည့် ကဆုန်ညောင်ရေသွန်း ပွဲတော်မှာ ရှေးမြန်မာမင်းများ၊ ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ်မှသည် ယနေ့ထက်တိုင် အစဉ်အဆက် ကျင်းပလာခဲ့ကြသည်။ နှစ်စဉ် ကဆုန်လပြည့်နေ့ ရောက်တိုင်း မြန်မာနိုင်ငံ အနှံ့အပြားတွင် ကဆုန်ညောင် ရေသွန်း ပွဲတော်ကို ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့ကြသည်။
ဗုဒ္ဓနေ့ဖြစ်သည့် ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင်တို့မှာ ငါးပါး၊ ရှစ်ပါးစသည့် သီလများကို ခံယူ ဆောက်တည်ကြပြီး ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှု များကို ကြိုးစားပြုလုပ်ကာ ရပ်ရွာအလိုက်စုစည်း ၍ မိမိပတ်ဝန်းကျင်ရှိ စေတီပုထိုးများရှိ ဗောဓိညောင်ပင်များသို့ သွားရောက်ကာ အမွှေးနံ့သာရည် တို့ဖြင့် သွန်း လောင်းကုသိုလ်ယူကြသည်။ ညောင်ရေသွန်းလောင်းကြပုံမှာ ဗောဓိပင်ကိုဗြဟ္မာ၊ နတ်၊ သိကြား၊ နဂါး၊ ဂဠုန်များက အရပ်ရှစ်မျက်နှာဝန်းရံ၍ စတုလောကပါလနတ်မင်းကြီး လေးပါးတို့မှ အရပ်လေးမျက်နှာတွင် နေရာယူပြီး တာဝန်ကျသူများက ညောင်ရေသွန်း၍ အချိန်တန်ပြီ ဖြစ်ကြောင်း ပြန်ကြားလိုက်သည်နှင့် ကုသိုလ်ယူသူတို့က ညောင်ရေအိုး ကိုယ်စီဖြင့်''ဇယောဟိ ဗုဒ္ဓဿ သီရိမတောအယံ'' အစချီသော ဂါထာကို သံပြိုင်ရွတ်ဆို ပူဇော်ပြီး ပြိုင်တူ ညောင်ရေသွန်းလောင်း ပူဇော်ကြခြင်းဖြစ်သည်။
ပုဂံခေတ်ကပင် ဗုဒ္ဓဘာသာထွန်းကားခဲ့သည့် မြန်မာနိုင်ငံတွင် ယခုအခါ ရုပ်ပိုင်းဆိုင်ရာတိုးတက်မှု ၊ဘာသာရေအတွန်းအတိုက်များကြောင့် ဗုဒ္ဓဘာသာနှင့်သက်ဆိုင် သည့် နေ့ထူးနေ့မြတ်၊အခါကြီး ရက်ကြီး များမှာ လူငယ်လူရွယ်တို့ ၊နောက်လူတို့ စိတ်ဝင်စားမှု တစ်နှစ်ထက် တစ်နှစ် လျော့နည်းလာသည်ကို တွေ့လာရသလို ဘာသာရေး လေးမြတ်ရိုသေကိုင်းရှိုင်းမှုမှာ လျော့ပါးလာသည်ကို စိတ်မကောင်းစွာ တွေ့လာရသည်။
ဗုဒ္ဒဘာသာဝင်တို့ အလေးအမြတ်ထားရသည့် ဗုဒ္ဓနေ့လည်းဖြစ် ၊ ကုသိုလ်ပြုရသည့် ကဆုန်ညောင် ရေသွန်းပွဲကဲ့သို့ နေ့ထူးလည်း ဖြစ်သည့် ကဆုန်လပြည့်နေတွင် ကုသိုလ်ပြုသည့် အစဉ်အလာကောင်း ညောင် ရေသွန်းပွဲကို ဘာသာရေး အသိနှင့် ယှဉ်ကာ တန်ဖိုးထားဆင်နွှဲခြင်းဖြင့် ပွဲခါညောင်ရေ သွန်းလောင်းသည့် ရှိပြီး သား ဓလေ့အစဉ်အလာကောင်းကို နောက်လူတို့ လက်သို့ လက်ဆင့်ကမ်းစောင့်ထိန်းသင့်လှပေသည်။