Marxism and Myth (1) ကားလ်မာ့စ်နဲ့ ဘာသာရေးမှိုင်း

in #esteem7 years ago

ဘာသာရေးဆိုတာ ဖိနှိပ်ခံနေရတဲ့ လူထုက ဖိနှိပ်ထားသူတွေကို မတော်လှန်ရဲအောင် မှိုင်းတိုက်ဖို့ ဖိနှိပ်သူ
လူတန်းစားက ဘုန်းကြီးတွေနဲ့ ပေါင်းပြီး ထွင်ထားတဲ့ အရာတဲ့။ ဒီစကားဟာ ကွန်မြူနစ်တွေဆီက လာတာ၊ ဒီလို
ပြောတဲ့အတွက် ကွန်မြူနစ်တွေဟာ ဓမ္မန္တရာယ်ဆြိုပီး ကွန်မြူနစ် ဆန့်ကျင်ရေး အပေါစား ၀ါဒဖြန့်မှုတွေမှာ
တွေ့ရလေ့ရှိတယ်။

တကယ်တော့ ခုစာပိုဒ်က ပထမဆုံး ၀ါကျဟာ ကွန်မြူနစ် ပရောဟိတ်အဖြစ် သတ်မှတ်ကြတဲ့ ကားလ်မာ့စ်
(Karl Marx) ရဲ့ ဘာသာရေးနဲ့ ပတ်သက်ပြီး ရေးခဲ့တဲ့ It (religion) is the opium of the people ဆိုတဲ့
ဝါကျနဲ့ ဒီဝါကျပါတဲ့ စာပိုဒ်ကို တလွဲနားလည်ပြီး ထွက်လာတဲ့ အဓိပ္ပါယ် ကောက်ယူမှုလို့ ကျနော်ယူဆတယ်။
ကားလ်မတ်စ် ရေးခဲ့တဲ့ စာတွေထဲမှာ ဒီဘာသာရေးနဲ့ ပတ်သက်တဲ့ စာပိုဒ်ဟာ အဓိပ္ပါယ်ကောက် အလွဲဆုံး
စာပိုဒ် ဖြစ်ဖွယ်ရှိတယ်။ ဒီတော့ ခုရေးမဲ့စာမှာ အဓိပ္ပါယ်ကောက် လွဲစေတဲ့ ဖြစ်နိုင်ချေတွေကို လေ့လာကြည်ြ့ပီး
ဒီစာပိုဒ်ကို ကျနော် အဓိပ္ပါယ်ကောက်ယူပုံ (interpret)ကို ပြောပြချင်တယ်။

ဒီစာရေးဖို့ စေ့စော်မှုက မနေ့က ဂါဒီးယန် သတင်းစာမှာ ဘာသာရေး ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်ပြီး
စတီဖင်ဟော့ကင်းရဲ့ အပြောကို တွေ့တာကနေ လာတယ်။ ဂါးဒီးယန်းခေါင်းမှာ ပါတဲ့ ဟော့ကင်းရဲ့ အပြောက
“ကောင်းကင်ဘုံ ဆိုတာ မရှိ။ ယုံတမ်း ပုံပြင်သာ (There’s no Heaven. It’s a fairy story.)” တဲ့။ ဒီဆောင်းပါး
ဖတ်ချင်သူတွေကတော့The Guardian အင်တာနက် သတင်းစာမျက်မှာ စာရေးသူ Ian Sampleရဲ့ “Stephen
Hawking: There is no heaven; it’s a fairy story” ဆိုတာကို ရှာဖတ်နိုင်ပါတယ်။ ဟော့ကင်းက
ကောင်းကင်ဘုံတို့၊ နောက်ဘ၀တို့ကို ယုံကြည်တယ်ဆိုတာ သေခြင်းတရားကို ကြောက်တဲ့ လူတွေအတွက်
ယုံတမ်းပုံပြင် သက်သက်လို့ ဆိုတယ်။ သူပြောတာ မှန်ချင်လည်း မှန်နိုင်ပါတယ်။ တကယ်တော့ လူတွေဟာ
သေခြင်းတရားကို စိုးရွံ့ မှုတခုသက်သက်နဲ့ နောက်ဘ၀ကို ယုံကြည်တာမျိုးတော့ မဟုတ်တန်ဖူး။ မတရားမှုလို့
မြင်ကြတဲ့ အရာက တရားမှုလို့ မြင်ကြတဲ့အရာကို အနိုင်ယူသွားတာကို အဖြစ်မခံနိုင်တဲ့ ဗီဇစိတ်ကလည်း
တဘ၀မက ရှိတယ်ဆိုတဲ့ ယုံကြည်မှုကို ဖြစ်စေတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘလော့တပုဒ် ရေးဖူးတယ်။ ခုတော့
အဲဒီစာ ဘယ်နားနေမှန်း မမှတ်မိတော့ဘူး။ ဥပမာ ခုဘ၀မှာ တချို့လူတွေ မကောင်းတာမှန်သမျှ အကုန်
လုပ်တယ်၊ ဒါပေမယ့် ဒီဘ၀မှာ မကောင်းကျိုး ခံမသွားရဘူး။ အများအမြင်မှာ ဒီလူတွေဟာ ချမ်းချမ်းသာသာနဲ့
သေသွားကြတယ်။ ဗမာပြည်က စစ်အုပ်စုကို ကြည့်ပေါ့။ တဘက်မှာ တရားသဖြင့် ကျင့်ကြံနေထိုင်လို့လည်း
တသက်လုံး ချမ်းချမ်းသာသာ နေမသွားရသူတွေ ရှိတယ်။ ဒီတော့ တရားတဲ့အတိုင်း ဖြစ်စေချင်တဲ့ လူ့ဗီဇ
စိတ်က ဒါမျိုးကို သည်းမခံနိုင်ဘူး။ ဒီတော့ ဇာတ်လမ်းက ဒီတဘ၀နဲ့ မပြတ်ဖူးဆိုတဲ့ ယုံကြည်မှုက မှန်၊ မမှန်
ဘယ်လိုမှ မသိနိုင်ရင်တောင် လူကြိုက်များတဲ့ ယုံကြည်မှု ဖြစ်လာဖို့က မခက်ဖူး။ အကောင်းဆုံး ဥပမာအဖြစ်
ပန်းပဲ မောင်တင့်တယ် ပုံပြင်ကိုသာ ကြည့်ပေရော့။ မတရား အလုပ်ခံရပြီး သေသွားသူကို အနည်းဆုံး နတ်
ရာထူးတော့ ပေးဖြစ်အောင်ပေးပြီး ကိုးကွယ်ကြသေးတယ်။

ဘာသာရေး ကိုးကွယ်ယုံကြည်မှုရဲ့ အခြေခံအကျဆုံး အချက်ဟာ ခုပြောခဲ့တဲ့ လူက သူ့ရဲ့  စိတ်ပိုင်းဆိုင်ရာ
လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ဖန်တီးလိုက်တဲ့ အရာသက်သက်လို့ ကားလ်မာ့စ်က ယုံကြည်တယ်။ ၀ိပဿ
နာဆရာကြီး ဂိုအင်ကာလည်း အလားတူ ပြောခဲ့တာပဲ။ တနည်းအားဖြင့် ကားလ်မတ်စ်ရဲ့  “ဘာသာရေးဟာ
လူတွေရဲ့ ဘိန်း” ဆိုတဲ့ ၀ါကျဟာ ဘာသာရေးနဲ့ ပတ်သက်တဲ့ အခြေခံအကျဆုံး အချက်ကို ပြောတဲ့စကားပဲ။
ကိုင်း၊ အသေးစိတ် ဆက်ကြည့်ရအောင်လား ဗျာတို့ရေ။

ရှေ့ မဆက်ခင်မှာ ကားလ်မတ်စ်ရဲ့ ဘိန်း (opium) ၀ါကျကို ကျနော် အဓိပ္ပါယ် ကောက်ထားပုံကို ချရေးထား
ချင်တယ်။ ဒါကို နောက်မှာ မကြာခဏ ကိုးကားမှာ ဆိုတော့ သူ့ကို WI (Watote’s interpretation) လို့ ခဏ
နာမည် ပေးထားမယ်။

WI: ဘာသာရေးဟာ လူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့ အရာဖြစ်တယ်။

အရင်ဆုံး opium ၀ါကျကို အပြည့်အစုံ ဖတ်ကြည့်ရအောင်။ ဒီစာပိဒ်ုက မာ့စ်ရဲ့  Introduction to A
Contribution to the Critique of Hegel’s Philosophy of Right မှာပါတယ်။

Religious suffering (တချို့ ကလည်း suffering အစား distress လို့ ဘာသာပြန်ကြတယ်) is at the same
time the expression of real suffering and the protest against real suffering. Religion is the sigh
of the oppressed creature, the heart of a heartless world, just as it is the spirit of a spirit-less
condition (တချို့ ကလည်း spirit ကို soul, soul-less situation လို့ ဘာသာပြန်ကြတယ်). It is the opium
of the people.

The abolition of religion as the illusory happiness of the people is required for their real
happiness. The demand to give up the illusions about its conditions is the demand to give up a
condition which needs illusions. The criticism of religion is therefore in embryo the criticism of
the vale of woe, the halo of which is religion.

ပထမဆုံးဝါကျကို ကြည့်။ religious sufferingဟာ real sufferingကို ထုတ်ဖော် ပြသချက်လို့ မတ်စ်က
ပြောတယ်။ ဆိုတော့ ဒီဝါကျကို ဘယ်လို နားလည်လဲ။ (စကားမစပ် ဖီလော်ဆော်ဖီ သင်တယ် ဆိုတာ
တနည်းအားဖြင့် စာဖတ်နည်း၊ စာရေးနည်း သင်တာပဲ။ ၀ါကျတခုကို interpret လုပ်နည်းတွေကို သင်တာပဲ။
ဒီတော့ ခုလုပ်နေတာ ဖီလော်ဆော်ဖီ အလုပ်ပေါ့။) အရင်ဆုံး x is the expression of y ဆိုတဲ့ ၀ါကျကို
ဘယ်လို အဓိပ္ပါယ် ကောက်မလဲ။ အရင်ဆုံး ပြောနိုင်တာက x နဲ့ y နဲ့က တခုနဲ့ တခု မတူဘူး။ တူနေရင် x is
the expression of x ဆိုတဲ့ဝါကျက ငပေါဝါကျ ဖြစ်မှာပဲ။ tautology သက်သက်ဖြစ်မှာဘဲ။

ဒီတော့ real suffering ဆိုတာ ရှိတယ်ပေါ့။ အဲဒိ real sufferingက ဘာလဲ ဆိုတာကိုတော့ ဒီဝါကျမှာ
မတွေ့ရဘူး။ ဒါပေမယ့် အဲဒီိ တကယ့် ဒုက္ခကို ဖော်ထုတ်ပြသတဲ့ အရာဟာ ဘာသာရေးတဲ့။ နောက်ပြီး
religious sufferingဟာ expression ထုတ်ဖော်ပြသမှုလည်း ဟုတ်တယ်၊ တကယ့် ဒုက္ခ real suffering ကို
လက်မခံတဲ့ တွန်းလှန်မှု protestလည်း ဖြစ်တယ်တဲ့။ ဒီမှာတင် WIရဲ့ ဆိုလိုရင်းက ရေးတေးတေး
ပေါ်လာနေပြီလို့ ထင်တယ်။ ဆက်ဖတ်ကြည့်။

ဘာသာရေးဟာ ဖိနှိပ်ခံ သတ္တ၀ါရဲ့ ပင့်သက်ရှိုက်မှု၊ နှလုံးသား မရှိတဲ့ ကမ္ဘာရဲ့ နှလုံးသား၊ (လူ)စိတ်
ပျောက်နေတဲ့ အခြေအနေတခုရဲ့ (လူ)စိတ် ဖြစ်တယ်။ ဘာသာရေးဟာ လူတွေရဲ့မှိုင်း ဖြစ်တယ်တဲ့။
တနည်းအားဖြင့် ဘာသာရေးဟာ x in an x-less world, x-less conditionလို့ ကားလ်မတ်စ်က ပြောတာ
ဖြစ်တယ်။ x in an x-less world, x-less condition ဆိုတဲ့ ၀ါကျကို ခဏ အရင်ကြည့်။ ပြောချင်တာက x
မရှိတဲ့ လောက၊ အခြေအနေက x ဆိုတဲ့ အပြောကို နည်းနည်းလေး အတွေးဆန့်ကြည့်။ သဲကန္တရထဲမှာ
ဘာမရှိဘူးလဲ။ သဲကန္တရဆိုတာ ပူပြင်းခြောက်သွေ့တဲ့ နေရာကို ပြောတာမလား။ ဒီတော့ ပူပြင်းခြောက်သွေ့တဲ့
နေရာမှာ မရှိတာက အေးမြမှုပေါ့။ သဲကန္တရမှာ အေးမြမှုဆိုတာ ရှိနေရင် သဲကန္တရဆိုတဲ့ ဝေါဟာရက အဓိပ္ပါယ်
မရှိတော့ဘူး။ ဟုတ်တယ်မလား။ ဒုက္ခတောထဲမှာ ဘာမရှိဘူးလဲ။ ချမ်းသာပျော်ရွှင်မှု မရှိလို့ ဒုက္ခတောလို့
ခေါ်တာပေါ့။ ဒီတော့ religion is an x in an x-less world, condition ဆိုတာကို အဓိပ္ပါယ် ပြန်ရရင်
ဘာသာရေးဟာ ဒုက္ခတောထဲက ချမ်းသာ ပျော်ရွှင်မှုပေါ့။ ဘယ်နှယ့်လဲ..အကြင်နာတရား ကင်းမဲ့တဲ့ ကမ္ဘာ၊
လောက၊ အခြေအနေရဲ့  အကြင်နာတရား၊ ခိုကိုးရာမဲ့တဲ့ ကမ္ဘာ၊ အခြေအနေရဲ့ ခိုကိုးရာ လို့ပြောချင်တယ်။
မရှိတာကို အရှိလုပ်ထားတာ။ တနည်းအားဖြင့် ဘာသာရေးဟာ လူကဖန်းတီးထားတာလို့ သူက ပြောချင်တာ
ဖြစ်တယ်။ (ဒီမှာတင် မာ့စ် ပြောတဲ့ “ဘိန်း”၀ါကျဟာ၊ ဘာသာရေး ဆိုတာ လူထုကို မှိုင်းတိုက်ဖို့ ဖိနှိပ်သူ
လူတန်းစားက ဖန်တီးထားတဲ့ အရာအဖြစ် အဓိပ္ပါယ် ကောက်ကျတာ ရေလိုက် လွဲနေတယ်ဆိုတာ ထင်ရှား
လာနေပြီ။ လူဟာ ဘာသာရေးနဲ့ ကိုယ်ကြုံတွေ့နေရတဲ့ ဒုက္ခတွေကို ဖြေသိမ့်တယ်၊ ဘာသာရေးကို
အားကိုးမှုတခု အဖြစ် မြင်တယ်လို့ Karl Marx က ဆိုလိုချင်တာသာ ဖြစ်တယ်။ (စကားမစပ် ဒီအဓိပ္ပါယ်
ဖွင့်ဆိုချက်အရ ဆိုရင် အတ္တဟိ အတ္တနောနာထော သမားတွေကို ဘာသာတခုကို ကိုးကွယ်ယုံကြည်သူလို့
ပြောလို့ ရမယ်မထင်။ မိမိကိုယ်သာ ကိုးကွယ်သူတွေ မဟုတ်လား။)

ဒုတိယ စာပိုဒ်ကို ဆက်ရအောင်။ တကယ့် ပျော်ရွှင်မှု happiness အတွက် ဘာသာရေးကို illusory happiness
အဖြစ်မြင်နေမှုကို ဖျက်ပစ်ရမယ်တဲ့။ စာကို သေချာဖတ်နော်၊ ဘာသာရေးကို ဖျက်ပစ်ခိုင်းတာထက် ဘာသာ
ရေးကို တကယ့် ပျော်ရွှင်မှုအဖြစ် မြင်နေတဲ့၊ တနည်း illusory happiness ကို ဖျက်ဖို့ လိုတယ်လို့ ပြောတာသာ
ဖြစ်တယ်။ သူ့အခြေအနေပေါ် တလွဲထင်နေမှုတွေ illusions about its conditionsကို စွန့်လွှတ်ဖို့ တောင်းဆို
တာဟာ illusionsကို လိုအပ်နေတဲ့ အခြေအနေကို စွန့်လွှတ်ဖို့ တောင်းဆိုမှု ဖြစ်တယ်တဲ့။ ဒီဝါကျရော၊
သူ့နောက်က ၀ါကျရော နှစ်ခုစလုံးကို ဖတ်ရတဲ့အခါ ကားလ်မာ့စ်ရဲ့ နက်နက်နဲနဲ တွေးခေါ်နိုင်စွမ်းကို လက်ဖျား
ခါမိတယ်။

“တလွဲထင်မှု illusion နဲ့  တလွဲထင်မှုကို လိုအပ်တဲ့ အခြေအနေ condition ကို Marx က ခွဲခြားပြီးပြောတယ်။
တခုက တလွဲထင်မှု၊ နောက်တခုက တလွဲထင်မှုကို လိုအပ်တဲ့ အခြေအနေ ဖြစ်တယ်။ ဒါပေမယ့် အဲဒိ illusion
ကို စွန့်လွှတ်ဖို့ တောင်းဆိုမှုဟာ အဲဒိ illusion ကိုလိုအပ်တဲ့ အခြေအနေကို စွန့်လွှတ်ဖို့ တောင်းဆိုမှုလည်း
ဖြစ်တယ်” တဲ့။

ဒီဝါကျနဲ့ နောက်ဆုံး ၀ါကျနှစ်ခုကို ဆက်စပ်ပြီး အဓိပ္ပါယ် ကောက်ရရင် ဖိနှိပ်ခံနေရတဲ့ အခြေအနေက လူတွေ
ဟာ ကိုယ့်ဒုက္ခတွေကနေ ချမ်းသာ ပျော်ရျွှင်မှု ရှာရာမှာ (မာ့စ်ကတော့ vale of woe ဆိုတဲ့ စကားစုကို
သုံးတယ်) ဘာသာရေးကို ခိုကိုးရာအဖြစ် သတ်မှတ်ဆည်းကပ်ပြီး ဖြေသိမ့်မှု ရှာကြတယ်။ ဒါကို မတ်စ်က
illusory happiness လို့ ယူဆတယ်၊ တကဲ့ happiness အဖြစ် မယူဆဘူး။ ဒီတော့ တကဲ့ happiness အတွက်
တလွဲ ယုံကြည်နေတဲ့ illusionကို ဖျက်ခိုင်းမဲ့အစား၊ အဲဒိ illusionကို ဖြစ်စေတဲ့ အခြေအနေတွေကို ဖျက်ပစ်
ရမှာလို့ ပြောချင်တာ ဖြစ်တယ်။ (ကြည့်စမ်း ဒီထက်insightful ဖြစ်တဲ့ အရေးအသား ဘယ်မှာ တွေ့နိုင်မလဲ။)
တနည်းအားဖြင့် ခုမြင်ခဲ့ရတဲ့ အတိုင်းဆိုရင် မတ်စ်ဟာ ဘာသာရေးကို ကွန်မြူနစ် ဆန့်ကျင်ရေးသမားတွေ
ဝါဒဖြန့်သလို လူထိုကို တိုက်တဲ့ မှိုင်းသက်သက် အဖြစ် မြင်တာ မဟုတ်တော့ဘဲ လူတွေရဲ့ ကိုးကွယ်ယုံကြည်မှု
အရင်းခံကို ခြေရာကောက်ခဲ့တာသာ ဖြစ်တယ်။ ဘာသာရေးတွေကို စာနာတဲ့ အမြင်မျိုးတောင် ရှိတယ်လို့
ပြောနိုင်မယ် ထင်တယ်။

ကိုင်း အပေါ်မှာ တကြောင်းချင်း အဓိပ္ပါယ်ပြန်ခဲ့တာတွေကို ခု ချောအောင် ပြန်ရေးကြည့်မယ်။ လူတွေဟာ
ဘာသာရေးကိုလိုတယ်။ ဘာ့ကြောင့်လဲဆိုတော့ vale of woe ဒုက္ခတွေဖုံးနေတဲ့ လောကမှာ နေနေရလို့တဲ့။
ဒီဒုက္ခတွေကနေ ကိုယ့်ကိုကိုယ် ဖြေသိမ့်ဖို့ လူတွေဟာ ကိုးကွယ်ယုံကြည်မှုကို ဖန်တီးတယ်။ ကိုးကွယ်
ယုံကြည်မှုဟာ လူသားတွေရဲ့ ပင့်သက်ရှိုက်မှုပဲ။ ကိုးကွယ်ယုံကြည်မှုက လူသားအတွက် သူရောက်နေတဲ့
ဒုက္ခကမ္ဘာထဲက အိုအေစစ်ပဲ (မလိုအပ်ဘဲ ကဗျာဆန်မိတာ ခွင့်လွှတ်ပါလေ)။ ဒါပေမယ့် ဒီအိုအေစစ်ဟာ
အစစ်အမှန် မဟုတ်ဖူး။ အတုအယောင် illusionသာ ဖြစ်တယ်။ ဒီ တလွဲထင်နေတဲ့ လူသားကို သွားပြီး “မင်း
ကိုးကွယ်ယုံကြည်နေတာကတော့ အစစ်အမှန် မဟုတ်ဖူး”လို့ သွားမပြောနဲ့။ အဲ့သလို ပြောမယ့်အစား
အတုအယောင်ကို အစစ်အမှန် ထင်နေစေတဲ့ အခြေအနေတွေကိုသာ ဖျက်ဆီးပြစ်ပေးချေ။ အဲဒီအခါမှာ
လူသားဟာ အစစ်အမှန် သဘောကို မြင်လာလိမ့်မယ်လို့ ကားလ်မာ့စ်က ဆိုလိုတာ ဖြစ်တယ်။ ဒီ
interpretationကို ထောက်ခံနေတဲ့ မာ့စ်ရဲ့ နောက်ရေးသားချက် တခုကို ထပ်ပြချင်တယ်။ မာ့စ်က သူနဲ့
ခေတ်ပြိုင် ဂျာမန် ဖီလော်ဆော်ဖာ Arnold Ruge ဆီပေးတဲ့
စာမှာ ဘယ်လိုရေးလဲဆိုတော့

We do not then set ourselves opposite the world with a doctrinaire principle, saying: ‘Here’s the
truth, kneel down here!’ … We do not say to her, ‘Stop your battles, they are stupid stuff. We
want to preach the true slogans of battle at you.’
The reform of consciousness consists solely in letting the world perceive its own consciousness
by awaking it from dreaming about itself, in explaining to it its own actions.

တွေ့လား။ လူတွေကို မင်းတို့ ယုံနေတာတွေဟာ အလကားဟာတွေ၊ အရည်မရ အဖတ်မရတွေလို့ မပြောနဲ့။
လူတွေကို ငါတို့ ပေးချင်တဲ့ တိုက်ပွဲရဲ့ ကြွေးကြော်သံက consciousness အသိအမြင်ကို ပြင်ဖို့ (ပြောချင်တာက
လူတွေရဲ့ အတွေးမှား အမြင်မှားတွေကို) ပြောတာ မဟုတ်ဖူး။ အဲဒီ အတွေးမှား အမြင်မှားတွေကို မြင်နေတယ်
ဆိုတာ သူတို့ဘာသာ သဘောပေါက်လာပစေ၊ အဲ့သလို သဘော ပေါက်လာစေဖို့ စိတ်ကူးယဉ် အိပ်မက်
မက်နေတာကနေ သူတို့ကို လှုပ်နှိုးရမှာသာ ဖြစ်တယ်လို့ မာ့စ်ကပြောတာ။

လက်တွေ့ အခြေအနေနဲ့ ဥပမာပေးကြည့်ရင် နိုင်ငံတကာဖိအား၊ နောက် ကလေးချီပြ ဖဲကြိုးဖြတ်ပြရုံ၊ ကျားကို
သက်သတ်လွတ်စားဖို့ မေတ္တာရပ်ခံနေရုံနဲ့ တွေ့ဆုံဆွေးနွေးမှု ဖြစ်လာမယ်လို့ ယုံကြည်နေတာဟာ စိတ်ကူး
ယဉ်မှုသက်သက်သာ ဖြစ်တယ်ဆိုတာ သူတို့ကိုယ်တိုင် မြင်လာအောင်၊ သူတို့ မိန်းမောနေမှုကနေ လှုပ်နှိုး
ချေလို့ ပြောရမလားဘဲ။ မင်ဒဲလားတို့ တောင်အာဖရိက လူဖြူအစိုးရကို တွေ့ဆုံဆွေးနွေးရေး စကားဝိုင်းခေါ်
လာနိုင်တာ ဘာ့ကြောင့်လဲ ပြန်ကြည့်ပေါ့။

ပြန်ဆက်ရရင် ကားလ်မာ့စ်အတွက်က ဘာသာရေး၊ ကိုးကွယ် ယုံကြည်မှုဟာ လက်ရှိထက် ကောင်းမွန်တဲ့
အခြေအနေတခုကို စိတ်ကူးယဉ် အိပ်မက်မှု သက်သက်ပဲ။ ဒါပေမယ့် အဲဒီအတွက် ဘာသာရေးကို ဖျက်ခိုင်း
တာထက် စိတ်ကူးယဉ်မှုကို ဖြစ်စေတဲ့ ရုပ်အခြေခံ အကြောင်းအရင်းတွေကို မြင်အောင်ပြ၊ အဲဒီအခါမှာ
လူသားဟာ ဘာသာရေး စိတ်ကူးယဉ်နေမှုကနေ ရုန်းထွက်နိုင်လိမ့်မယ်လို့ ကားလ်မာ့စ်က ဆိုလိုတာဖြစ်တယ်။

ဘာသာရေးဟာ လွတ်မြောက်မှုကို ရှာနေတဲ့ လူသားအတွက် (လိုအပ်ချက်) လူသားရဲ့ တောင်းဆိုချက်
ဖြစ်တယ်၊ တချိန်ထဲမှာ အဲဒီ လွတ်မြောက်မှုအတွက် အဟန့်အတားလည်း ဖြစ်တယ်လို့ ဆိုလိုတာ ဖြစ်တယ်။
ဒါကို တချို့  မာ့စ်ဝါဒီတွေက dialectical languageလို့လည်း ပြောကြတယ်။ ကျနော်ကတော့ မာ့စ်နဲ့ သူ့ဆရာ
ဟေဂယ်ရဲ့ dialecticကို အဲ့သလို အဓိပ္ပါယ် မကောက်မိဘူး။ နောင်တချိန်မှ အကြောင်း တိုက်ဆိုင်ရင် ဆက်ရေး
ပါအုံးမယ်။

ဒီလောက်ဆို It is the opium of the people ဆိုတဲ့ ၀ါကျကို ကွန်မြူနစ် ဆန့်ကျင်ရေးသမားတွေ အပေါစား
ဝါဒဖြန့်သလို ဘာသာရေးဟာ ဖိနှိပ်ခံရသူတွေ သူတို့ကို ဖိနှိပ်နေသူတွေကို မလှန်ရဲအောင် မှိုင်းတိုက်ဖို့ ဖိနှိပ်သူ
လူတန်းစားက ဖန်တီးထားတဲ့ အရာလို့ အဓိပ္ပါယ်ကောက်တာ မှားနေတယ်ဆိုတာ ရှင်းလောက်မယ် ထင်ပါ
တယ်။

ဝတုတ်

(မကွေးဆေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက
ထုတ်ဝေခဲ့တဲ့ ဆေးမင်တံ စာစောင် ဇူလိုင် ၁၅| ၂၀၁၇
အတွဲ(၂) အမှတ်(၂) မှ)
image
Writer by @ dellcrazy
Thank esteemapp