အရွယ်တွေရလာတော့
ငယ်ငယ်တုန်းက ကိုယ့်ကို ထိရင်
ဆတ်ဆတ်ထိမခံတဲ့ မာနတွေကို
လှလှပပလေး ခေါက်သိမ်းတတ်လာပြီး
တုန့်ပြန်ချင်တဲ့စိတ်ထက် ခွင့်လွှတ်ပေးဖို့ကိုပဲ
ကြိုးစားတတ်လာတယ်
အရွယ်တွေရလာတော့
ငယ်စဉ်အခါက ကိုယ်မှကိုယ်ပဲ
ဦးစားပေးအလေးထားခံချင်စိတ်တွေကို
ဖြေလျော့လာတတ်ပြီး
ကိုယ့်အတွက်ဆိုတာထက် အများအတွက်ကိုပဲ
တွေးတော လုပ်ဆောင်တတ်လာတယ်
အရွယ်တွေရလာတော့
ငါ အတ္တ ၊ ငါ့မာန ၊ ငါ့အကျိုး ၊
ငါ့ ဂုဏ်သိက္ခာတွေဆိုတာထက်
ဖြစ်သင့်တာတွေအတွက်
"ငါ ”ဆိုတာကြီးကို မုန်းတီးစွာ
ခွာချတတ်လာတယ်
အရွယ်တွေရလာတော့
အရင်က အပေါင်းအသင်းအများကြီးထားမှ
ပျော်ရွှင်ရတာထက် မိတ်ဆွေအနည်းငယ်နဲ့ပဲ
ဘဝကို လေးနက်စွာ ဖြတ်သန်းချင်လာတတ်တယ်
အရွယ်တွေရလာတော့
ငြိတွယ်ပြီးဖြစ်တဲ့ သံယောဇဉ်တွေကို
ရူးမိုက်စွာ ချည်နှောင်ထားဖို့ထက်
မေတ္တာနဲ့ ပဲ သူရော ကိုယ်ပါ
အေးချမ်းအောင် စိတ်ကိုနေရာချတတ်လာတယ်
အရွယ်တွေရလာတော့
အောင်မြင်မှုတွေ ထွေးပိုက်ထားဖို့ထက်
တည်ငြိမ်ရင့်ကျက်အေးချမ်းတဲ့
ဘဝရဲ့ အနှစ်သာရတွေကိုပဲ
မက်မောခုံမင်လာတတ်တယ်
အသက်အရွယ်ဆိုတာ
လူတစ်ယောက်ရဲ့ အတွေးအခေါ်
အသိအမြင် ခံယူချက်တွေကို
များစွာပြောင်းလဲပေးနိုင်တဲ့
လောကဓံတစ်ခုလို့ ပြောရင် မလွန်ဘူးထင်ပါတယ်
Sort: Trending
[-]
gaman (-5)(1) 7 years ago
$0.00
Reveal Comment