သိတယ် ဆိုပေမဲ့လဲ သိပုံသိနည်းက အမျိုးမျိုးရှိသေးသည် ။
သင်ကြား ကျက်မှတ်လို့ သိတဲ့အသိ ၊
ဆင်ခြင်ကြံဆပြီး သိတဲ့အသိ ၊ ကိုယ်တွေ့ မျက်မှောက်ပြုပြီး သိရတဲ့ ဉာဏ်သိ ။
စာဖတ်လို့ သိတဲ့ သုတမယအသိ ၊ ဆင်ခြင်ကြံဆပြီး သိတဲ့ စိန္တာမယအသိ လောက်နဲ့တော့ သံသရာက မလွတ်မြောက်နိုင် ။
ကိုယ်တရားအားထုတ်စက ဝိပဿ နာတရားနဲ့ ပတ်သက်တဲ့ စာမှန်သမျှ ရသမျှ ရှာဖွေဖတ်ခဲ့သည် ။လယ်တီဒီပနီ တွေ ၊ ဆရာတော်ကြီးများရဲ့ အားထုတ်ပုံ နည်းနိဿယတွေ ၊ ဝိပဿ နာနဲ့ ပတ်သက်တာဆို ဘာမှမချန် ။အကုန်သိချင်ခဲ့သည် ။ကိုယ်က အလုပ်လုပ်တော့မှာကိုး ။ကိုယ်စီးမဲ့မြင်း အထီးလား အမလား သိချင်သည် ။ပြီးတော့ ကိုယ်က ဘယ်နည်းနဲ့ အားထုတ်ရင် အဆင်ပြေမလဲ ဘယ်နည်းက ကိုယ်နဲ့ကိုက်ညီမလဲ ဆိုတာလဲ သိချင်သည် ။
နိဗ္ဗာန်နဲ့ ပတ်သက်တဲ့ စာအုပ်တွေလဲ မျိုးစုံဖတ်သည် ။ကိုယ်သွားမဲ့ ပန်းတိုင်အကြောင်း သိမှ ဖြစ်မှာ ။ဒါပေမဲ့ တက္ကသိုလ် စာသင်ခန်းထဲ မူကြိုကျောင်းသား ရောက်သွားသလိုပါဘဲ ။ပိုဖတ်လေ ပိုရှုပ်လေ ။ အားထုတ်စ လူဆိုတော့ နိဗ္ဗာန်နဲ့ အဝေးကြီးမဟုတ်လား ။နိဗ္ဗာန်မှာ ဘာမှမရှိလို့ မသွားချင်ဘူးလို့ ပြောတဲ့ အန္ဓတွေထက်တော့ နဲနဲတော့သာသွားတာပေါ့လေ ။ကိုယ်မသိနိုင်တဲ့ နိဗ္ဗာန်ဆိုတာကို စာတွေဖတ်ပြီး လျှောက်ဆွေးနွေးနေရင်တော့ ကိုယ်လဲ ဆင်ကိုစမ်းတဲ့ ပုဏ္ဏားလို အဖြစ်မျိုးရောက်သွားမှာပါဘဲ ။ နိဗ္ဗာန်ဆိုရင် ဒို့ကတော့ လက်ရှောင်တယ်လို့ စွန်းလွန်းဆရာတော်ဘုရားကြီးလိုမျိုး ပုဂ္ဂိုလ်ကြီးကတောင် အမိန့်ရှိခဲ့သေ့းတာ မဟုတ်လား ။
လက်တွေ့အားထုတ်တော့ ကိုယ်သိခဲ့တာတွေနဲ့ တခြားစီ ၊၊ စာသိတွေနဲ့ ကိုယ်လဲယောင်ဝါးဝါး ။ကိုယ်လောက် ဖတ်တာလေး မပြောပါနဲ့ ၊ပိဋကတ်သုံးပုံလုံး အာဂုံဆောင်ထါးတောင် ကုသိုလ်အထူးထူး ရချင်ရမည် ၊ ဓမ္မစေတီ ထိုက်ချင်ထိုက်မည် ၊ သံသရာကတော့ မလွတ်နိုင် ။ဒါကြောင့် အချည်းနှီး ပေါဋ္ဌိလ လို့ မြတ်စွာဘုရားက ပြစ်တင်ခဲ့တာ မဟုတ်လား ။
ကိုယ့် သညာသိ ၊ဆင်ခြင်သိလေးလောက်နဲ့တော့ လက်တွေ့မှာ အလုပ်မဖြစ် ။နောက်ပိုင်း စာတွေသိပ်မဖတ်တော့ ။ ရသမျှ ပေးနိုင်သမျှ အချိန်တွေကို လက်တွေ့အားထုတ်ရာမှာပဲ သုံးတော့သည် ။စိတ်တွေ ရုပ်တွေ မရေတွက်တတ်လဲ ကိစ္စမရှိ ။နိဗ္ဗာန်အကြောင်း မသိလဲ ကိစ္စမရှိ ။ ကိုယ်တိုင်ရောက်ရင် သိလာမှာဘဲ ။ဒီတော့ ကိုယ့်ရဲ့ ခန္ဓာမှာ ဖြစ်ပျက်ပြောင်းလဲ နေတာကိုပဲ ကိုယ်တွေ့ လက်တွေ့ သိအောင် ကြိုးစားတော့သည် ။
ကြုံကြိုက်တုန်း စာသိနဲ့ ဉာဏ်သိ ကွာခြားတာလေးကို တင်ပြချင်ပါသည် ။ မိမိတို့မြို့မှာက အဖိတ်နေ့ ဥပုသ်နေ့တွေဆိုရင် လော်စပီကာတွေက ဆူညံပြီး အသံမစဲ ။အိမ်ခေါင်းရင်းနားမှာက ဓမ္မာရုံ ။ သူမဖွင့်တဲ့ အချိန်ဆိုလဲ မသက်သာပါဘူး ။တစ်မြို့လုံး ရပ်ကွက်တိုင်းမှာရှိတဲ့ ဓမ္မာရုံတိုင်းက အပြိုင်ဖွင့်ကြတာဆိုတော့ ကိုယ့်ခေါင်းပေါ်မှာ အသံပင်လယ်ကြီး ရောက်နေသလိုပါဘဲ ။ဓမ္မနဲ့ ပတ်သက်တာတွေတင်မကပါဘူး ။pop တွေ, rock တွေ ၊ဘကြီးတော်ဘုရား လက်ထက်လောက်က ဇာတ်လမ်းတွေ စုံလို့ စုံလို့ ။နားမခံသာလို့ သွားတော့မပြောလေနှင့် ၊ဘုရားတရားအလုပ်ကို တားတဲ့ မိစ္ဆာဒိဋ္ဌိ လို့ရန်တွေ့လွှတ်လိုက်လိမ့်မည် ။ဘာသာရေးကို ကာဗာလုပ်ထားတာဆိုတော့ တာဝန်ရှိသူတွေတောင် လက်ရှောင်ကြသည် ။
အဲဒီနေ့မျိုးတွေဆိုရင် တရားထိုင်ရတာ ဒုက္ခအရောက်ဆုံး ။အိမ်ခေါင်းရင်းက လော်စပီကာကလဲ အသံကုန်ဖွင့်သည် ။ကိုယ်ကလဲ မထိုင်လို့ မဖြစ် ။အသံတွေက နားထဲတိုးဝင်နေတော့ ဆူလိုက်တာ ညံလိုက်တာ ၊ ဘုရားတောင် ဖြောင့်အောင် မရှိခိုးတတ်တဲ့ အလကားလူတွေ ဘုရားဗန်းပြပြီး ကိုယ့်လော်စပီကာ ငှါးခရချင်တာနဲ့ လူတွေကို ဒုက္ခပေးနေတာ ၊ သူများတရားထိုင်လို့ မရအောင် အနှောက်အရှက်ပေးနေတာ ဓမ္မန္တရာယ်သင့်မဲ့လူတွေ ။ ကြည့်စမ်း.... နားမှာ ကြားနေရတဲ့ အသံတွေကြောင့် လောဘတွေ ဒေါသတွေနဲ့ တုန့်ပြန်နေလိုက်တာများ ။နောက်တော့ ကိလေသာတွေ ကြီးသထက်ကြီးလာပြီး သမာဓိမရတော့ ။လက်လျှော့ တရားဖြုတ်ပေါ့ ။
တစ်နေ့ တရားအားထုတ်လို့ အရှိန်လေးရနေတုန်း ခေါင်းရင်းဓမ္မာရုံက လော်စပီကာက စလာသည် ။ကိုယ်ကလဲ ဇွတ်ပေပြီးဆက်ထိုင်သည် ။ ထိုင်ရင်းနဲ့ အပြင်က အတိုက်ဓာတ်ကြောင့် နားဝမှာ အသံကြားသိစိတ်လေး ဖြစ်လာပြီး ချက်ခြင်းပျောက် ။နောက်အသံ သိစိတ်လေးထပ်ဖြစ်ပြီး ချက်ခြင်းပျောက် ။တစ်ခုကြားလိုက် ပျောက်လိုက်နဲ့ ဖြစ်နေုတာကို စိတ်ထဲ ရှင်းရှင်းလင်းလင်း သိလိုက်ရသည် ။သတိ,သမာဓိအားကောင်းလာတော့ ဘာသံမှန်းမသိတော့ ။ကြားလိုက်ပျက်လိုက် ဖြစ်နေတာပဲ သိနေတော့သည် ။အဲဒီအချိန်မှာ အရင်ကလို လောဘ ဒေါသတွေနဲ့ တုန့်ပြန်မနေတော့ ။
အသံက သူ့ဟာသူ နားမှာလာတိုက်လို့ ကြားစိတ်ဖြစ်ပြီး သူ့ဟာသူပျောက်သွားသည် ။ငါနဲ့ မဆိုင် ၊ငါလုပ်တာလဲမဟုတ် ၊ သူ့သဘာဝနဲ့သူ ဖြစ်ပျက်နေခြင်းသာ ။ ဒီအထဲမှာ မဆီမဆိုင် ငါဝင်ရှုပ်နေလို့ ဒုက္ခတွေ့နေရတာ ။ ဒီလို ကိုယ်တွေ့သိလိုက်ရတော့ စိတ်ထဲမှာ အေးချမ်းသွားသည် ။အသံကြောင့် ဘာအနှောက်အရှက်မှ မဖြစ်တော့ ။နှစ်သက်တာ မနှစ်သက်တာ တွေမလာတော့ ။ လော်စပီကာသံ ဆက်ကြားနေရပေမဲ့ မကျေနပ်တာတွေ ၊မကြားချင်တာတွေ ဖြစ်မလာတော့ ။
အခြားဒွါယတွေ အားလုံးမှာလဲ ဒီအတိုင်းပဲ ဆိုတာကို ချက်ခြင်း ဖျတ်ကနဲ သဘောပေါက်သွားပြီး စိတ်ထဲလွတ်လပ် ပေါ့ပါးသွားသည် ။
တရားဖြုတ်ထားချိန်တွေမှာတော့ လောဘ ဒေါသ တုန့်ပြန်မှုရှိနေပေမဲ့လဲ ခန္ဓာထဲ ဉာဏ်စိုက်လိုက်တာနဲ့ တုန့်ပြန်မှုတွေပျောက် အေးငြိမ်းမှု ရောက်သွားတော့သည် ။
ကိုယ်ပိုင်ဉာဏ်နဲ့ တစ်ခါသဘောပေါက်ထားမိရင် ဘယ်တော့မှ မမေ့တော့ ။
အရင်စာတွေ့နဲ့လဲ ဒါတွေသိခဲ့သည် ။အတိုက်ဓာတ်,အခံဓာတ်,အပွင့်ဓာတ်တို့ ဘာတို့ပေါ့ ။စာသိသိနေပေမဲ့ လဲ လက်တွေ့ကြုံတဲ့အခါ လောဘ ဒေါသတွေ ပေါ်လာတာပါဘဲ ။ ကိုယ်တိုင် မျက်မှောက်ပြုပြီး ဉာဏ်နဲ့ တကယ်သိတဲ့ အခါကျတော့ နောက်က လောဘ ဒေါသ တွေလိုက်မလာတော့ ။ဒုက္ခကလွတ်ပြီ။
ဒါကြောင့် ဓမ္မအကြောင်းတွေ ပြောနေ သိနေပေမဲ့ အကုသိုလ်အလုပ် ၊ အကုသိုလ်အပြော ၊ အကုသိုလ်အတွေးတွေနဲ့ မကင်းသေးရင် ကိုယ်သိတဲ့အသိဉာဏ်သည် အစစ်အမှန် မဟုတ်သေး ။ ပညာလို့လဲ မဆိုနိုင်သေး ။
လေ့လာသိ ၊မှတ်သားသိအဆင့်လောက်သာ ရှိနေသေးသည် ။လိုချင်စိတ်နဲ့ စိတ်ကိုလှည့်စား ကြံသိစိတ်လဲ ဖြစ်နေနိုင်သည် ။
ဉာဏ်သိ ပညာသိ အစစ်အမှန်သာဆိုရင်တော့ အကုသိုလ်နဲ့ ပတ်သက်တဲ့ ပြုမူ ၊ ပြောဆို ၊ကြံစည်မှုတွေ၊ လောဘ ဒေါသ မာန ဣဿာ မစ္ဆရိယ တွေကို ပယ်ရှားနိုင်ပါကြောင်း ။
ဉာဏ်သိ ပညာသိ ဖြစ်ဖို့ကလဲ ကိုယ်တိုင် အားထုတ်ပွားများမှ ရနိုင်ပါကြောင်း ။
မေတ္တာဖြင့်
Sort: Trending