လူသုံးကုန်ပစ္စည်း အမြောက်အများ ထုတ်တဲ့ စက်ရုံတွေမှာ မိမိထုတ်လုပ်တဲ့ , အလိုရှိတဲ့ ပစ္စည်းအပြင် အခြားပစ္စည်းတွေကိုလဲ ရလာတတ်သေးသည် ။အပိုဘေးထွက်အနေနဲ့ပေါ့ ။ အဲဒီဘေးထွက်ပစ္စည်း byproduct တွေကလဲ သူ့တန်ဖိုးနဲ့သူပါ ။ သူ့နေရာနဲ့သူအသုံးဝင်သည် ။
ဝိပဿနာတရား အားထုတ်တဲ့ အခါမှာလဲ နိဗ္ဗာန်မရသေးရင်တောင်မှ အကျိုးကျေးဇူးအချို့ကို အပိုအနေနဲ့ ရရှိတတ်သည် ။ ရလာတတ်တဲ့ အကျိုးကျေးဇူးတွေကတော့ ပြောလို့တောင် ကုန်နိုင်မှာမဟုတ် ။ လောကုတ္တရာ အတွက်သာမက လောကီအတွက်ရော နှစ်ဖြာလုံးအတွက် အလွန်အသုံးဝင်သည် ။
ဒီလောက်အကျိုးကျေးဇူးများတဲ့ အလုပ်ကို လူတွေဘာကြောင့် မလုပ်ကြတာပါလိမ့် ။မသိတာ နားမလည်တာ ကြောင့်များလား ။ သိချင်တတ်ချင်လို့ လေ့လာမယ်ဆိုရင်တောင် စာပေက ဝါသနာမပါ ။ပြီးတော့တရားကို ပါဠိကလဲကွယ်နေ ။ ဒီတော့ တရားနဲ့ပတ်သက်ပြီး အယူမှား အမြင်မှားတွေ ဖြစ်ပြီး လုပ်ရကောင်းမှန်း မသိကြတော့ ။ဒါ့အပြင် တရားထီုင်တာ ဘုန်းကြီးအလုပ် ၊ သွားလုပ်မိလို့ လောဘနဲသွားရင် လောကီ ကြီးပွားရေးအတွက် အနှောက်အရှက် ဖြစ်လိမ့်မယ် ၊ သားပစ် မယားပစ် တောထွက်သွားလိမ့်မယ် ၊ ပြီးတေါ့ တရားထိုင်ရင် ရူးတတ်တယ် ၊ မရူးတောင် အူကြောင်ကြောင်နဲ့ လူ့လောကနဲ့ အံမဝင်ခွင်မကျ ဖြစ်သွားမယ်လို့လဲ ထင်ကြသေးပုံ ။
ဒါမှမဟုတ် အေးငြိမ်းချမ်းမြေ့မှုအစစ်ကို နားမလည်ကြလို့များလား ။ တကယ်တော့ ကာမဂုဏ်တရားတွေကြောင့် ပျော်ရခြင်းထက် အဆပေါင်းများစွာသာတဲ့ မနှိုင်းယှဉ်နိုင်လောက်တဲ့ ပျော်ရွှင်ချမ်းမြေ့မှုမျိုးရှိတာကို မသိကြလို့ ၊အဲဒီ အေးငြိမ်းချမ်းမြေ့မှုမျိုး မတွေ့ဖူး မကြုံဖူးကြလို့ သာ လောကီအပျော်တရားတွေနောက် အထင်တကြီးနဲ့ ကောက်ကောက်ပါလိုက်နေကြခြင်းပါ ။ဒါ့အပြင် ဒေါသနဲ့ပူလောင်နေရတာကို နှစ်သက်တဲ့သူမျိုးတွေလဲရှိသည် ။သူများကို ဒေါသတကြီးနဲ့ ကြိမ်းမောင်းဟိန်းဟောက်နေရတာကို သဘောကျကြသည် ။ ကိုယ့်ကိုယ်ကိုယ် power ရှိတယ် active ဖြစ်တယ် ပေါ့ ။ သူတို့ဒေါသတွေ လျော့သွားမှာစိုးလို့ တရားဆိုရင် ဝေးဝေးရှောင်နေကြပုံ ။
စိတ်တွေညှိုးနွမ်း ဆင်းရဲနေမှလဲ နေသာထိုင်သာ ရှိတတ်သူမျိုးတွေကလဲ ရှိသေးသည် ။ စိတ်ညစ်စရာ ၊ စိတ်ဓာတ်ကျစရာ တွေကို ကြံဖန်တွေးပြီး ခိုလိုငြီးနေရတာကို အရသာခံ။ ကိုယ့်အကြောင်း မကောင်းပြောတာတွေကို သိအောင် စုံစမ်းပြီး အခြောက်တိုက် ဒေါသဖြစ် ၊၊ သူများအကြောင်းတွေကိုလဲ မရမက စုံစမ်းပြီး ဣဿာ မစ္ဆရိယ တွေဖြစ် နဲ့ ။ ငြီးငြူတတ်တဲ့ အကျင့်ဆိုး ကလဲ ကပ်ပါးပိုးလို တွယ်ငြိပြီး ခွာလို့မရကြ ။ မငြီးငြူရတော့မှာစိုးလို့ တရားမထိုင်ကြတာလားမသိ ။
သူတို့ခမျာ ဓမ္မရဲ့ အအေးဓာတ်ကို မခံစားဖူးကြတော့ ပူလောင်ဆူပွက်နေတာကိုပဲ လူ့သဘာဝလို့ ထင်နေကြပုံ ။ ဣဿာ မစ္ဆရိယ တွေနဲ့ လုယက်တိုက်ခိုက် နေရတာကိုပဲ လောကဓမ္မတာလို့ ထင်နေကြပုံ ။ ဓမ္မအေးရိပ်ဆာယာအောက် ရောက်သွားဖူးသူတွေကတော့ အပူကိုကြောက်သွားကြပြီ ။ပူလောင်ဆူပွက် တိုက်ခိုက်နေကြတဲ့ လောကကြီးကို ငြီးငွေ့သွားကြပြီ ။ခဏလေးသာနေရတဲ့ လူ့ဘဝမှာ နေရတဲ့အခိုက် အေးအေးချမ်းချမ်းပဲ နေချင်ကြတော့သည် ။
ု့ သမာဓိရပြီး စိတ်တည်ကြည်ငြိမ်သက်နေတဲ့အခါမျိုးမှာ Dopamine ဟော်မုန်းထွက်လာပြီး ပျော်ရွှင်မှု ၊စိတ်ကြည်လင် ချမ်းမြေ့မှုကို ဖြစ်စေတတ်လို့ တရားအားထုတ်သူတွေ ကိုယ်ရောစိတ်ပါ အမြဲလိုလို ကြည်ကြည်လင်လင် ငြိမ်းငြိမ်းချမ်းချမ်း ။အကောင်းမြင်စိတ်တွေလဲ တိုးပွားလာပြီး Depression စိတ်ကျခြင်းမျိုးမရှိတော့ ။ဝမ်းနည်း ပူဆွေး အားငယ်စိတ်တွေ မရှိတော့ ။
စိတ်ပျိုတော့ ကိုယ်နုသတဲ့ ။ ရောဂါ ဘယတွေလဲ အနားမကပ်နိုင် ။ကြည်လင်အေးချမ်းတဲ့ မျက်နှာပိုင်ရှင်ဖြစ်လာလို့ အသရေတင့်ပြီး မျက်နှာမြင် ချစ်ခင်ပါစေ ဆိုတဲ့ဆု မတောင်းဘဲနဲ့ ပြည့်လိမ့်မည် ။
စိတ်ကြည်လင်နေတော့ စာတွေကျက်ရမှတ်ရတာမှာ ၊ တွေးခေါ်ကြံဆမှုတွေမှာ အဆင်ပြေ တိုးတက်လာတတ်သည် ။ လူငယ်များအတွက် အလွန်တန်ဖိုးရှိတဲ့ အကျိုးကျေးဇူးပါ ။ဒါကြောင့် လူငယ်များကို အားထုတ်စမ်းစေချင်သည် ။
မိမိဘော်ဒါမှာ ကလေးတွေကို မနက်အစောဆုံး ပထမဆုံးအချိန် စာမသင်မီ နဲ့ ညဘုရားဝတ်ပြုပြီး စာကျက်ဆောင်မဝင်မီမှာ ငါးမိနစ်လောက်စီ အာနာပါန ရှုခိုင်းသည် ။ ဆရာတော် ရှင်ဆန္ဒာဓိကရဲ့ လမ်းညွှန်တာကို နှစ်သက်လို့ပါ ။ ကလေးတွေကို အာရုံစူးစိုက်တတ်တဲ့ အကျင့်ကောင်းလေး ရစေချင်တာအပြင် သာသနာ့မျိုးစေ့လေး ၊ဘာသာရေးအသိလေးတွယ်သွားစေချင်သည် ။
လူငယ်တွေဆိုတော့ ငရဲတို့ နတ်ပြည် တို့နဲ့ ခြောက်လို့ မြှောက်လို့ရမှာမဟုတ် ။ မသိနားမလည်နိုင်တဲ့ နိဗ္ဗာန်နဲ့လဲ ဆွယ်လို့ရမှာမဟုတ် ။ ပါဠိတွေနဲ့ ရှုပ်နေတဲ့ စာတွေလဲ ဖတ်ချင်မှာမဟုတ် ။ဒါကြောင့် လူငယ်တွေ စိတ်ဝင်စားလာအောင် လတ်တလောရမဲ့ အကျိုးထူးလေးတွေကို ပါဠိဝေါဟာရတွေ တတ်နိုင်သမျှ ရှောင်ပြီး ရေးရခြင်းပါ ။
သန္တိသုခ ငြိမ်းအေးရာ အမွန်မြတ်ဆုံး နိဗ္ဗာန်အကျိုးကျေးဇူးတို့ ၊ ဉာဏ်စဉ်တွေ ရအောင်ထိ အားထုတ်ထားလို့ ရလာတဲ့ အကျိုးကျေးဇူး တို့ကို ထားဦး ၊လောလောဆယ် တရားမထိုင်ခင် ပရိကံ လုပ်တဲ့အနေနဲ့ မေတ္တာပို့တာတို့ ၊သမာဓိအားတို့လောက်က ရတဲ့ အကျိုးကျေးဇူးတွေကကိုပဲ လောကီအတွက် တန်ဖိုးမဖြတ်နိုင် ပါ ။
၂၀၀၀ ခုနှစ်လောက်က ရန်ကုန်ကို မိမိကားဝယ်သွားခဲ့သည် ။ အဲဒီခေတ်အခါတုန်းက ဝယ်ပြီးကားကို နယ်ထွက် ၊ဓာတ်ဆီဝယ်ယူခွင့်ကို ရန်ကုန်ကနေ နယ်ကိုပြောင်း ၊ ပြီးရင်ကိုယ့်နယ်မှာ ကားလိုင်စင်ပြန်ဝင် ၊ဓာတ်ဆီဝယ်ခွင့် ပြန်လျှောက် ။အဆင့်တွေများလို့ အလုပ်ရှုပ်ပေမဲ့ ဓာတ်ဆီဝယ်ခွင့်ရဖို့အတွက် သည်းခံရသည် ။ဓာတ်ဆီမှထုတ်မရရင် ကားကရွေ့ဖို့မလွယ် ။အပြင်ဓာတ်ဆီဈေးက ခေါင်ခိုက်လို့ ။
ကိုယ့်မှာ ကားသာ ရန်ကုန်ဆင်းဝယ်တာ အချိန်ကရတာမဟုတ် ။ ကျောင်းကပိတ်လိုက်လို့မဖြစ် ။သူများသားသမီးတွေ ခေါ်စုထားပြီး မျက်နှာလွဲခဲပစ်လုပ်ထားလို့ကလဲမကောင်း ။ဒီတော့ ကိုယ်လိုချင်တဲ့ကား အမျိုးအစား ၊မော်ဒယ် ၊တတ်နိုင်တဲ့ဈေးကို ရန်ကုန်မှာနေတဲ့ ညီဆီလှမ်းပြောထား ။သူကကားရှာထားပေါ့ ။အဆင်ပြေပြီဆိုရင် ရောက်တဲ့နေ့ကားဝယ် ၊နောက်နေ့မနက်ပိုင်း ကညနမှာ သက်တမ်းတိုးနယ်ပြောင်း ။နေ့လည်ပိုင်း ppsc မှာ ဓာတ်ဆီစာအုပ်နယ်ပြောင်း , ပြီးညကျတော့ပြန်နဲ့ ဒီလိုတက်သုတ်ရိုက်ရသည် ။
ကားဝယ်ပြီးတဲ့ နောက်တစ်နေ့မနက် မြင်သာ ကညနကို သွားကြသည် ။နယ်ထွက်လုပ်ဖို့ပေါ့ ။အကျိုးဆောင်ကို အပ်လိုက်တဲ့အခါမှာ ကားကိုကိုယ်အမှန်တကယ်ပိုင်ကြောင်း ကိုယ်နေတဲ့နေရာက ရယကထောက်ခံစာ လိုနေသေးသတဲ့ ။ဝယ်တာကရန်ကုန်မှာ ၊ဒီကားကြီးကို နယ်ကိုမောင်းသွား ၊လူကြီးကိုပြ ထောက်ခံစာယူ ၊နောက်ရန်ကုန်ပြန်မောင်းလာ ၊တကယ့်ကို မလွယ်ကြော ။ဘာစနစ်ကြီးပါလိမ့် ။ အကျိုးဆောင်ကတော့ ပြောပါတယ် ။့ ဦးစီးကို ဝင်ပြောကြည့်ဦးပေါ့ ၊ မလွယ်လောက်ပေမဲ့ သူကမှခွင့်ပြုရင်တော့ ရနိုင်ပါတယ်တဲ့ ။
ညီက ရန်ကုန်မှာနေတာဆိုတော့ လူရည်လယ်တယ် ၊သူဝင်ပြောမယ်ပေါ့ ။ကိုယ်ကစိတ်မချ ။ပြောခွင့်က တစ်ခါထဲရှိတာမဟုတ်လား ။ဒီတော့ ကိုယ်ပဲ ဝင်ပြောဖို့ဆုံးဖြတ်ရသည် ။ ရုံးခန်းထဲ မဝင်မီ စိတ်ကိုတည်ငြိမ်အောင်လုပ် ၊ပြီးသူ့ကို ရည်မှန်းပြီး မေတ္တာစူးစူးစိုက်စိုက်ပို့ပေါ့ ။ကိုယ့်အခက်အခဲတွေကို ကြာကြာတောင်မှ မပြောလိုက်ရပါဘူး ၊ပြက္ခဒိန်တော့ ဝယ်သွားတဲ့ ။အကျိုးဆောင်ရော ကိုယ်ရော ဝမ်းသာသွားကြသည် ။ကိစ္စတွေပြီးလို့ အကျိုးဆောင်ကို သွားနှုတ်ဆက်တဲ့အခါ တခြားလူတွေလဲ ဝင်ပြောကြသေးတယ် ၊ဘယ်သူ့ကိုမှ ခွင့်မပြုဘူး ခင်ဗျားသိပ်ကံကောင်းတာဘဲတဲ့ ။မေတ္တာရဲ့ တန်ခိုးအစွမ်းကို လေးလေးနက်နက် ယုံကြည်မိလိုက်သည် ။
ကညနပြီးတော့ မနက်စာ ခပ်သုတ်သုတ်စားပြီး မြို့ထဲက ppsc ရုံးချုပ်ကို ဓာတ်ဆီစာအုပ် နယ်ရွှေ့ဖို့သွားကြသည် ။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ copier ဆိုင်သွားကူးတော့ ရယက ထောက်ခံစာလိုသေးသတဲ့ ။ကညနမှာ ထောက်ခံစာမပါဘဲ ရခဲ့တယ်ပြောတော့ ဆိုင်က ဘယ်မှာရရ ဒီမှာမရနိုင်ဘူးတဲ့ ။အချိန်အလဟဿ မဖြစ်အောင် ထောက်ခံစာသာ သွားယူပါတဲ့ ။ကိုယ်ကလဲ မတတ်နိုင်ဖူး ရှိတာတွေပဲ ကူးပေးလိုက်ဖို့ပြောပြီး စာရွက်တွေနဲ့ ဓာတ်ဆီထုတ်ခွင့်စာအုပ်ကို သွားထပ် ၊ ပြီးတော့အပြင်ကထိုင်စောင့်ပေါ့ ။
ကိုယ့်စာအုပ်လေးရောက်သွားတဲ့ စားပွဲက လူကို အပြင်ကနေ စူးစူးစိုက်စိုက် မေတ္တာပို့ ၊ သူကစာရွက်စာတမ်းတွေ လှန်လှောကြည့်ပြီး ရေးချွတ်လက်မှတ်ထိုး နောက်စားပွဲကိုပို့ ။ကိုယ်ကတော့ ရောက်သွားတဲ့ နောက်စားပွဲကလူကို မေတ္တာဆက်ပို့ပေါ့ ။ဒီလိုနဲ့ စားပွဲ သုံးခုလောက် ဖြတ်ပြီးတော့ ရပြီတဲ့ ။ဝမ်းသာလိုက်တာ ။စာရွက်စာတမ်းတွေ သူတို့စစ်ကြတာဘဲ ၊ဘာကြောင့် ထောက်ခံစာ လိုနေတာကို မတွေ့ကြတာပါလိမ့် ။
မှတ်ပုံတင်တို့ အိမ်ထောင်စုစာရင်းတို့ကို မိတ္တူတောင်မဟုတ် မူရင်းပါပြမှ ဆိုတဲ့ ခေတ်ကျပ်ကြီးမှာ အခုလိုအဆင်ပြေခဲ့တာ အံသြောလောက်စရာပါ ။မေတ္တာစွမ်းအားက ပြောရင်မယုံနိုင်လောက်စရာ ။
ကိုယ့်မှာ ပြဿ နာပေါ်ရင် ထုတ်သုံးရမဲ့လက်နက်ရပြီ၊ အရေးကြုံရင် သက်လုံးကောင်းနိုင်ပြီ ။ လောကကို ရဲရဲ ရင်ဆိုင်ရဲပြီ ။
ဝိပဿ နာအားထုတ်လို့ ရလာတဲ့ စွမ်းအားက ပိုကြီးသေးသည် ။တရားစောင့်သူကို တရားက ပြန်စောင့်တာ အသေအချာပါ ။ တရားဘာဝနာ တန်ခိုးနဲ့ အခက်အခဲတွေပြေလည် ၊ လိုအင်ဆန္ဒပြည့်ခဲ့ရတာတွေ မိမိဘဝမှာ အများကြီး ။ကြုံကြိုက်ရင်တော့ ရေးခွင့်ကြုံရင်တော့ ရေးပြပါဦးမည် ။ လောကီ လောကုတ္တရာ နှစ်ဖြာစလုံးမှာ အကျိုးပေးလှတဲ့ ဝိပဿ နာတရားကို လူတိုင်း အားထုတ်စေချင်တဲ့ စေတနာနဲ့ပါ ။
မေတ္တာဖြင့်....
ထင်ကျော် (စက်မှုတက္ကသိုလ်)
Sort: Trending