ကြီးကျယ်ခမ်းနားခြင်း
ကြီးကျယ်တာ၊ ခမ်းနားတာကို လူတိုင်းကြိုက်ပါသည်။
ဒါပေမဲ့ ကြီးကျယ်ဖို့၊ ခမ်းနားဖို့ဆိုတာက
လွယ်တဲ့ကိစ္စမဟုတ်ပါ။
အခြေခံလိုအပ်ချက်တွေ ပြည့်စုံပြီးမှ
နောက်တစ်ဆင့်… အချိန်ကုန်၊ ငွေကုန်
လူပန်းခံပြီး လုပ်ယူရတာဖြစ်ပါသည်။
ဒါကိုနားမလည်ဘဲ ဖြတ်လမ်းကနေ
ကြီးကျယ်ခမ်းနားအောင် လုပ်ကြတာတွေ
အများကြီးတွေ့ဖူးပါသည်။
အခြေခံလိုအပ်ချက်ဖြင့် မပြည့်စုံဘဲနဲ့
ကြီးကျယ်ခမ်းနားအောင်…
ဇွတ်လုပ်တာမျိုးကို ဆိုလိုပါသည်။
အဲဒါမျိုးက…
ကြီးကျယ်တာ၊ ခမ်းနားတာတော့ ဖြစ်မလာပါ။
ခေါင်းပေါင်းစတလူလူ၊ တိုက်ပုံတကားကားနဲ့
ပုဆိုးမပါ၊ ဖိနပ်မပါတဲ့သတို့သားလို…
ရယ်စရာသာ ဖြစ်နေတတ်ပါသည်။
သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေကျတော့
ရဟန္တာဖြစ်တာ အကြီးကျယ်ဆုံး
အခမ်းနားဆုံးဟု ထင်ပါသည်။
ရဟန္တာဖြစ်တာချင်းတူလျှင်…
ထေရ်ကြီးဝါကြီး သံဃာတွေထက်
ကိုရင်ကလေးတွေ ရဟန္တာဖြစ်တာက
ပိုတောင်ကြီးကျယ် ခမ်းနားပါသေးသည်။
အရွယ်ကငယ်တော့ ဂုဏ်ကပိုကြီးတယ်လို့
ထင်ရလို့ဖြစ်ပါသည်။
ဓမ္မပဒ၊ ဒဏ္ဌဝဂ်မှာ မှတ်တမ်းတင်ထားတဲ့
သုခသာမဏေသည်…
ခုနှစ်နှစ်သားနဲ့ ရဟန္တာဖြစ်ပါသည်။
ဒါလောက်ဆိုရင်ကိုပဲ ကြီးကျယ်ခမ်းနားလှပါပြီ။
ဒါပေမဲ့ ကိုရင်သုခ၏ ကြီးကျယ်ခမ်းနားမှုက
ဒိထက်အများကြီးပိုပါသည်။
ရဟန္တာဖြစ်ပုံဖြစ်နည်းကိုက သူများနဲ့မတူ
တဆောင်တယောင် တခမ်းတနား ရှိလွန်းလှပါသည်။
မောင်ချမ်းသာ၏ မိဘတွေက အရှင်သာရိပုတ္တရာ၏
တကာရင်းများဖြစ်ပါသည်။
မောင်ချမ်းသာ ခုနှစ်နှစ်အရွယ်ရောက်တော့
အရှင်သာရိပုတ္တရာဆီမှာ ရှင်ပြုပါသည်။
ခုခေတ်လို ထုံးစံရှိလို့၊ မိဘဝတ္တရားရှိလို့
ရှင်ပြုပေးတာမဟုတ်ပါ။
ဘုရားလက်ထက်က ရှင်ရဟန်းပြုတယ်ဆိုတာ
အရွယ်ရောက်ပြီးသား လူကြီးတွေသာလုပ်ကြပါသည်။
ကလေးတွေ ရှင်ပြုတဲ့ထုံးစံမရှိသေးပါ။
မိဘမှာလည်း သားကိုရှင်ပြုပေးဖို့ ဝတ္တရားမရှိပါ။
ခုဟာက ကလေးဖြစ်တဲ့ မောင်ချမ်းသာကိုယ်၌က
သူ့ပါရမီနဲ့သူ ရှင်ပြုချင်လို့ မိဘတွေက
လုပ်ပေးရတာဖြစ်ပါသည်။
မိဘနှစ်ပါးသည် သားကို အရှင်သာရိပုတ္တရာထံ
ခေါ်သွားပြီး ရှင်ပြုပေးဖို့ အပ်ပါသည်။
ကျောင်းမှာခုနှစ်ရက်နေပြီး သံဃာတွေဆွမ်းကပ်ပြီးမှ
အိမ်ပြန်သွားကြပါသည်။
ရှစ်ရက်မြောက်တဲ့နေ့ကျမှ ကိုရင်သုခ
သူ့ဆရာနဲ့အတူ ဆွမ်းခံထွက်ပါသည်။
ကျောင်းကနေ မြို့ထဲအသွား လမ်းမှာ
လယ်သမားတစ်ယောက်ကိုမြင်တော့ -
”အရှင်ဘုရား၊
ဟိုဒကာ ဘာလုပ်နေတာတုန်းဘုရား”
”မြောင်းဖေါက်ပြီး…
လယ်ထဲ ရေသွင်းနေတာ သာမဏေရဲ့”
”စိတ်မရှိတဲ့ရေကိုတောင် လိုရာရောက်အောင်
ယူလို့ရသေးတာ။
စိတ်ရှိတဲ့ငါက ဘာဖြစ်လို့ လိုရာရောက်အောင်
တရားအားမထုတ်နိုင်ရမှာလဲ” ဟု
ကိုရင်သုခ အတွေးပေါက်ပါသည်။
တစ်နေရာရောက်တော့…
လေးသမားတစ်ယောက်ကို တွေ့ပါသည်။
”အရှင်ဘုရား၊
ဟိုဒကာကကော ဘာလုပ်နေတာတုန်းဘုရား”
”မြားတံကို မီးကင်ပြီး
ဖြောင့်အောင်လုပ်နေတာ သာမဏေရဲ့”
”စိတ်မရှိတဲ့မြားကိုတောင်
ဖြောင့်အောင်လုပ်လို့ရသေးတာ။
စိတ်ရှိတဲ့ငါက ဘာလို့ နိဗ္ဗာန်ရောက်အောင်
အားမထုတ်နိုင်ရမှာလဲ” ဟု
ကိုရင်သုခ အတွေးပေါက်ပါသည်။
ရှေ့ဆက်လာရင်း…
သစ်ရွေသမားနဲ့တွေ့တော့ -
”အရှင်ဘုရား၊
အဲဒီဒကာ ဘာလုပ်နေတာတုန်းဘုရား”
”သစ်သားကို သူလိုချင်တဲ့ပုံရအောင်
ခုတ်ရွေနေတာ သာမဏေရဲ့”
”စိတ်မရှိတဲ့ သစ်သားကိုတောင်
လိုရာပုံသွင်းယူလို့ ရသေးလျှင်
စိတ်ရှိတဲ့ငါက ဘာလို့ နိဗ္ဗာန်ရောက်အောင်
အားမထုတ်နိုင်ရမှာလဲ” ဟု
ကိုရင်သုခ အတွေးပေါက်ပါသည်။
ဉာဏ်တွေပွင့်လာရုံမက…
တရားအားထုတ်ချင်တဲ့ စိတ်တွေ
တားမရ ဆီးမနိုင်ဖြစ်လာသဖြင့် -
”အရှင်ဘုရားခွင့်ပြုလျှင်…
ကျောင်းကို ပြန်ချင်ပါတယ်ဘုရား” ဟု
လျှောက်ထားရာ ခွင့်ပြုလို့ ကျောင်းပြန်လာခဲ့ပါသည်။
နေရာပြန်ရောက်တော့ ကျကျနနထိုင်ပြီး
အရှင်သာရိပုတ္တရာ သင်ပေးထားတဲ့အတိုင်း
တရားကို ကြိုးစားအားထုတ်ပါတော့သည်။
ကိုရင်သုခ၏ ရှေးဘုန်းရှေးကံကြောင့် သိကြားမင်းက
စတုမဟာရာဇ် နတ်မင်းကြီး လေးယောက်ကိုလွှတ်၍
ကိုရင်သုခအား အနှောင့်အယှက်ကင်းအောင်…
စောင့်ရှောက်ခိုင်းပါသည်။
ကိုရင်တရားအားထုတ်လို့ မပြီးခင် မွန်းတည့်သွားပါက
ဆွမ်းမစားလိုက်ရမှာစိုးလို့ ကမ္ဘာ၊ နေ၊ လတို့၏
လှည့်ပတ်သွားလာနေခြင်းကို ဆွဲရပ်ထားလိုက်ပါသည်။
သူကိုယ်တိုင် ကိုရင်တရားအားထုတ်နေတဲ့
ကျောင်းပေါက်မှာ ရပ်ပြီးစောင့်ပေးပါသည်။
သိကြားမင်းနဲ့ နတ်မင်းကြီးလေးယောက်တို့၏
စောင့်ရှောက်မှုကြောင့် ပတ်ဝန်ကျင်တစ်ခုလုံး
အနှောင့်အယှက်ကင်းပြီး ငြိမ်တိတ်နေပါသည်။
ဒီအခြေအနေက သာမဏေကို
သမာဓိကောင်းကောင်း ရစေပါသည်။
ရလာတဲ့သမာဓိကို အမိအရဆုပ်ကိုင်ပြီး
ဝိပဿနာရှုလိုက်တော့ ကိုရင်သုခ…
အနာဂါမိမဂ်ဖိုလ်ထိ ရောက်တော်မူပါသည်။
ဆွမ်းခံကြွလာတဲ့ အရှင်သာရိပုတ္တရာကို
ဒကာတစ်ဦးက ကျကျနနဆွမ်းကပ်ပြီး
တရားနာချင်ပါတယ်ဆိုလို့ တရားဟောနေရပါသည်။
တရားဟောပြီးမှ ကျောင်းပြန်လာပါသည်။
သာမဏေတော့ ဆာနေတော့မှာပဲ ဆိုတဲ့အတွေးနဲ့
ခပ်သုတ်သုတ်ကလေး ပြန်လာခဲ့ပါသည်။
မြတ်စွာဘုရားတို့ ထုံးစံအတိုင်း မနက်စောစော
မဟာကရုဏာသမာပတ်က ထတော်မူပြီး
ကျွတ်ထိုက်တဲ့ဝေနေယျကို ကြည့်လိုက်တော့
ကိုရင်သုခကို မြင်ပါသည်။
ထို့ကြောင့် ကိုရင်သုခ၏ အခြေအနေကို
မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့ပါသည်။
ကိုရင်က အနာဂါမိမဂ်ဖိုလ်ပဲ ရပါသေးသည်။
ရဟန္တာမဖြစ်ခင် အရှင်သာရိပုတ္တရာ
ပြန်ရောက်လာပြီး ကိုရင်ကို ဆွမ်းစားခိုင်းလျှင်
အနှောင့်အယှက်ဖြစ်တော့မှာ မြင်တော်မူသဖြင့်
ကျောင်းတိုက်မုခ်ဦးကိုကြွပြီး အရှင်သာရိပုတ္တရာကို
စောင့်နေလိုက်ပါသည်။
ရောက်လာတော့ တရားစကားတွေ မေးမြန်းပြီး
အရှင်သာရိပုတ္တရာကို ဆွဲထားပါသည်။
ကိုရင် ရဟန္တာဖြစ်ပြီးသွားတော့မှ -
”သာရိပုတ္တရာ၊ သင့်ကိုရင်ကို
ဆွမ်းသွားကျွေးလိုက်တော့" ဟု မိန့်တော်မူပါသည်။
ကိုရင်ဆွမ်းစားလို့ပြီးမှ နတ်မင်းကြီးလေးယောက်
ပြန်သွားပါသည်။
သိကြားမင်းကလည်း ကမ္ဘာ၊ နေ၊ လတို့၏
လှည့်ပတ်ခြင်းရပ်ထားတာကို ပြန်လွှတ်လိုက်ပြီး
တာဝတိံသာသို့ ပြန်သွားပါသည်။
သိကြားမင်းလွှတ်လိုက်တာနဲ့ နေကထိုးကျသွားပြီး
ချက်ချင်းညနေစောင်းသွားပါသည်။
ကျောင်းမှာရှိတဲ့ရဟန်းတွေ ရုတ်ရုတ်သဲသဲ
ဖြစ်ကုန်ပါသည်။
”ဘယ်လိုဖြစ်တာလဲ၊ ဘယ်လိုဖြစ်ကုန်တာလဲ။
ဒီနေ့ တယ်ထူးဆန်းပါလား …
မနက်ခင်းကအကြာကြီးပဲ
ညနေခင်းက ခဏလေးပါလား
ဘယ်လိုဖြစ်တာလဲ”
ထို့နောက် …
ကိုရင်သုခ ခုမှဆွမ်းစားလို့ပြီးတာ သိသွားပြီး
”ဒီကိုရင် မွန်းလွဲမှ ဆွမ်းစားတာဖြစ်ရမယ်”
ဟုဆိုကာ ဘုရားကို သွားတိုင်ကြပါသည်။
ဘုရားက -
”ချစ်သားတို့၊ ဘုန်းကံကြီးသူတွေ
တရားအားထုတ်တဲ့အခါ…
သည်လိုပဲ ဖြစ်တတ်ပေသည်။
ဒီနေ့ ကိုရင်သုခ တရားအားထုတ်တဲ့နေရာကို
နတ်မင်းကြီးလေးယောက်…
လာပြီးစောင့်ရှောက်ရတယ် …။
ကမ္ဘာ၊ နေ၊ လတို့လည်း ရပ်တန့်ပေးရတယ်။
သိကြာမင်းက အပေါက်စောင့်ရတယ်။
သာရိပုတ္တရာက ဆွမ်းခံကျွေးရတယ်။
ငါဘုရားလည်း မုခ်ဦးထွက်ပြီး…
သာရိပုတ္တရာကို စောင့်ရတယ်။
ကိုရင်သုခဟာ…
ရေသွယ်တဲ့လယ်သမား
မြားဖြောင့်တဲ့လေးသမားနဲ့
သစ်ရွေသမားတွေကိုမြင်ပြီး
သူ့ကိုယ်သူဆုံးမလိုက်တာ ဒီနေ့ပဲ
အရဟတ္တဖိုလ်ကို ရောက်သွားပြီ”
မြတ်စွာဘုရားက ကိုရင်သုခကို ဘုန်းကံကြီးသူဟု
ပြောပါသည်။
ဘုန်းကံဆိုတာ ရှေးဘဝက လုပ်ခဲ့ဖူးတဲ့
ကုသိုလ်ကောင်းမှုကို ဆိုလိုပါသည်။
ကိုရင်သုခ၏ ရှေးကုသိုလ်က
ပေါ့သေးသေးမဟုတ်တာတော့ သေချာပါသည်။
ဗာရာဏသီ သူဌေးကြီးမှာ ”ဂန္ဓ” ဆိုတဲ့
သားတစ်ယောက်ရှိပါသည်။
သူဌေးကြီးသေတော့ ရှင်ဘုရင်က
သူဌေးသားဂန္ဓကို သူဌေးရာထူးဆက်ခန့်ပါသည်။
ထိုခေတ်က သူဌေးရာထူးဆိုတာ ဝန်ကြီးတို့
အမတ်ကြီးတို့လို ဘုရင်ကခန့်တဲ့…
ရာထူးတစ်ခုဖြစ်ပါသည်။
ဒီတော့မှပဲ ဂန္ဓသူဌေး သူဘယ်လောက်ထိ
ချမ်းသာတယ်ဆိုတာ အတိအကျသိရပါသည်။
သည်လောက်များတဲ့ စည်းစိမ်ဥစ္စာတွေကို
ရိုးရိုးတန်းတန်း စားသုံးသွားရုံနဲ့တော့
သူ့တစ်သက် ဘယ်လိုမှမကုန်နိုင်။
ထို့ကြောင့် ဂန္ဓသူဌေးက ထမင်းကိုရိုးရိုးမစားဘဲ
အလွန်ကြီးကျယ်ခမ်းနားစွာ စားဖို့လုပ်ပါသည်။
အိပ်စားကာမဤသုံးဝမှာ စားတာတစ်ခုပဲ
ကြီးကြီးကျယ်ကျယ် လုပ်လို့ဖြစ်တာမဟုတ်လား။
တစ်သိန်းတန် ရေချိုးခန်းကို
အပြင်ကလူတွေမြင်ရအောင်
ဖန်တွေမှန်တွေနဲ့ချည်း ဆောက်ပါသည်။
ရေချိုးတဲ့စင်ကိုလည်း တစ်သိန်းအကုန်ခံပြီး
ဖန်နဲ့ပဲလုပ်ပါသည်။
ထမင်းစားခန်းကို တစ်သိန်းတန် ရှယ်လုပ်ပါသည်။
လူတွေကြည့်ဖို့အပေါက်ကို…
ခြင်္သေ့ရုပ်တွေဘာတွေခံပြီး တစ်သိန်းကုန်လုပ်ပါသည်။
သူထိုင်မဲ့ခုံ၊ သူစားမဲ့ထမင်းပန်းကန်
ထမင်းပန်းကန် ထည့်စရာအုပ်တွေကိုလည်း
တစ်သိန်းတန်ချည်း လုပ်ပါသည်။
အဲဒီလိုစီစဉ်ပြီး မနက်စာက တစ်ထောင်တန်
ညစာက တစ်ထောင်တန်ထမင်းကို နေ့တိုင်းစားပါသည်။
လပြည့်နေ့မှာတော့ အထူးစပါယ်ရှယ်
တစ်သိန်းတန်ထမင်းကို စားပါသည်။
အဲဒီနေ့မှာ မြို့ကို…
တစ်သိန်းကုန် လှပအောင်ပြင်ဆင်ပြီး
”ဂန္ဓသူဌေး တစ်သိန်းတန်ထမင်း စားတာကို
ဝါသနာပါတဲ့လူ လာကြည့်နိုင်ကြောင်း”
မြို့ကိုပတ်ပြီး ကြေငြာပါသည်။
ဒါမျိုးကျတော့ မြို့သူမြို့သားတွေကလည်း
သိပ်ဝါသနာပါကြပါသည်။
လာကြည့်တဲ့ပရိသတ်က ကြိတ်ကြိတ်တိုး
စည်ကားလှပါပေသည်။
လပြည့်နေ့တစ်နေ့မှာ တောသားတစ်ယောက်
မြို့ရောက်လာလို့ မြို့ခံမိတ်ဆွေက…
ဂန္ဓသူဌေး တစ်သိန်းတန်ထမင်းစားတာကို
လိုက်ပြပါသည်။
ကိုရွှေတောသားက မြို့သားတွေလို
ကြည့်ရရုံမြင်ရရုံနဲ့ ကိစ္စမပြီး။
အဲဒီတစ်သိန်းတန် ဆိုတဲ့ထမင်းကို
တစ်လုပ်လောက်ဖြစ်ဖြစ် စားကြည့်ချင်ပါသည်။
မစားရလျှင်ဖြင့် သေရပါတော့မည်ဟု ဆိုပါသည်။
မြို့ခံမိတ်ဆွေက ကြားပွဲစားလုပ်ပြီး
သူဌေးကိုပြောပြတော့ …
သုံးနှစ်ကျွန်ခံလျှင် တစ်သိန်းတန်ထမင်းတစ်နပ်
အဝကျွေးမယ်ပြောလို့ သဘောတူပြီး ကျွန်ခံပါသည်။
အဲဒီနေ့ကစပြီး အဲဒီတောသား
ဘတ္တဘတိကအမည် တွင်သွားပါသည်။
(ဘတ္တ= ထမင်း။ ဘတိက= အလုပ်သမား)
ကျွန်ခံတာ သုံးနှစ်စေ့တဲ့နေ့ ရောက်တော့
သူဌေးက -
”ယနေ့ ဘတ္တဘတိကသည် သုံးနှစ်ကျွန်ခံလို့ရတဲ့
တစ်သိန်းတန်ထမင်းကို အဆောင်အယောင်
အခမ်းအနားနဲ့စားမှာမို့ လာကြည့်နိုင်ကြောင်း”
ကြေငြာပါသည်။
လူတွေလာကြည့်လိုက်ပုံမှာ
သူဌေးကိုယ်တိုင် ထမင်းစားတာကို
လာကြည့်တဲ့ပရိသတ်ထက် အပုံကြီးပိုများပါသည်။
တစ်သိန်းတန် ဖန်ရေချိုးခန်းထဲက
တစ်သိန်းတန် ဖန်ရေချိုးစင်ပေါ်မှာထိုင်ပြီး
တစ်ဆယ့်ခြောက်အိုးသော နံ့သာရေနဲ့
ဘတ္တဘတိက ရွှေတောသား ကျကျနန ရေချိုးပါသည်။
ပြီးတော့ သူဌေး၏ ပုဆိုးအင်္ကျီတွေဝတ်၊
သူဌေးရာထူး အဆောင်အယောင်တွေပါတပ်ပြီးမှ
တစ်သိန်းတန် ထမင်းစားခန်းထဲဝင်ပါသည်။
တစ်သိန်းတန်ခုံပေါ် ဘတ္တဘတိက ထိုင်လိုက်တာနဲ့
ကျွန်မတွေက တစ်သိန်းတန်အုပ်နဲ့ ထည့်ထားတဲ့
တစ်သိန်းတန်ပန်းကန်ပြားထဲကို တစ်သိန်းတန်
ထမင်းတွေ ခူးခပ်ပြင်ဆင်ပေးကြပါသည်။
တီးဝိုင်းက ဂီတသံထွက်လာတာရယ်၊
ကချေသည်တွေ စပြီးကတာရယ်၊
တစ်သိန်းတန်ခြင်္သေ့ခံတဲ့ ပြတင်းပေါက်ကိုဖွင့်လိုက်လို့
ပရိတ်သတ်တွေအလုအယက် ကြိတ်ကြိတ်တိုး
ကြည့်ကြတာရယ်တွေက တစ်ပြိုင်တည်းဖြစ်ပါသည်။
ဘတ္တဘတိက ထမင်းစားဖို့ လက်ဆေးနေတုန်း
ပစ္စေကဗုဒ္ဓ အရှင်မြတ်တစ်ပါး ဆွမ်းခံကြွလာပြီး
ဘတ္တဘတိက၏ရှေ့မှာ ရပ်တော်မူပါသည်။
"ဤတစ်သိန်းတန်ထမင်းကို ငါစားလိုက်လျှင်
ချေးဖြစ်သွားတာပဲရှိမည်။
ပစ္စေကဗုဒ္ဓါအရှင်မြတ်ကို လှူလိုက်ပါက
ပစ္စုပ္ပန်သံသရာမှာ ကျေးဇူးများဖို့ဖြစ်သည်”
ဟု အတွေးပေါက်တဲ့ ဘတ္တဘတိက -
တစ်သိန်းတန်ထမင်းကို မစားတော့ဘဲ
ပစ္စေကဗုဒ္ဓ၏သပိတ်ထဲသို့ သဒ္ဓါတရား
ထက်ထက်သန်သန်နဲ့ လောင်းထည့်ပါသည်။
သပိတ်ထဲ ထမင်းတစ်ဝက်ရောက်တော့
ပစ္စေကသပိတ်ကိုပိတ်ပြီး တားပါသည်။
”အရှင်ဘုရား၊ တပည့်တော်ကို
ပစ္စုပ္ပန်အတွက်သာမက…
တမလွန်အတွက်ရော ချီးမြှောက်တော်မူပါ"
"ကိုယ့်အတွက်ချန်ထားပြီး လှူတာမျိုး
တပည့်တော်မလုပ်ချင်ပါ ရှိသမျှ
အကုန်လှူချင်ပါသည်၊ ခွင့်ပြုတော်မူပါဘုရား”
ဆိုတော့မှ -
ပစ္စေကဗုဒ္ဓါက အကုန်လုံး အလှူခံတော်မူပါသည်။
”အရှင်ဘုရား၊ တပည့်တော် ဒီထမင်းအတွက်
သုံးနှစ်ကျွန်ခံခဲ့ရပါသည်။
ဒီနေ့ကစပြီး ဖြစ်လေရာဘဝတိုင်းမှာ
ချမ်းသာပါရစေပါဘုရား၊ အရှင်ဘုရားတို့ သိတဲ့
တရားထူးကိုလည်း သိပါရစေပါဘုရား”
ပစ္စေကဗုဒ္ဓါက လိုရာဆုနဲ့ ပြည့်ပါစေဟုဆိုကာ
ကောင်းကင်ကနေ ပျံကြွတော်မူပါသည်။
ဘတ္တဘတိက၏ ပြုနိုင်ခဲတဲ့ဆွမ်းအလှူကို
ရင်သပ်ရှုမော အံ့သြခြင်းကြီးစွာနဲ့
အသက်တောင်မရှူနိုင်ဘဲ ငြိမ်ပြီးကြည့်နေတဲ့
ပရိတ်သတ်သည် ပစ္စေကဗုဒ္ဓါ ပြန်ကြွသွားတော့မှ
ဆူညံစွာ ခုန်ပေါက်အော်ဟစ်ပြီး သာဓုခေါ်ကြပါသည်။
ဂန္ဓသူဌေးက ဘတ္တဘတိက၏ ဆွမ်းအလှူကို
အလွန်သဘောကျပြီး ငွေတစ်ထောင်ဆုချပါသည်။
ဗြဟ္မဒတ်မင်းကြီးကလည်း ဘတ္တဘတိကကို
ပစ္စည်းဥစ္စာတွေ အများကြီးပေးရုံမက…
အဆောင်အယောင်တွေ အခမ်းအနားတွေနဲ့
သူဌေးဘွဲ့ကိုပါ အပ်နှင်းလိုက်ပါသည်။
အဲဒီဘတ္တဘတိက ဆိုတဲ့လူသည်
ဤသာသနာတော်မှာ…
ကိုရင်သုခဖြစ်လာတယ် ဆိုတာကိုတော့
အထူးပြောနေဖို့ မလိုတော့ဘူးဟု ထင်ပါသည်။
ဓမ္မဗျူဟာစာစောင်မှ -