အိမ်မက်ထဲကတောင်ကုန်းဟာ အောင်လံတလူလူပဲ သားကြီး

in #esteem7 years ago

လူဘုံနဲ့ နတ်ဘုံကြားမှာ ပရမ်းပတာဘုံရှိသတဲ့ သတိရလိုက်တာကွာ
အဲ့ဒီဘုံထဲ လူးလိမ့်နေရင်း မင်းကိုပြင်းပြင်းပျပျရှိနေတာ
အဲ့ဒီမှာ မင်း ရှုတဲ့လေနဲ့ မင်းကို ထိတဲ့ နေရောင်နဲ့ စားသောက်ရေးရာကအစ
အဆင်ပြေပြေရှိရဲ့လား၊ ကျန်းမာ ချမ်းသာရှိရဲ့လား
ငါလား အရူးဘုံမှာ တပည့်တစ်ပိုင်း ပြည်သူတစ်ပိုင်းကို ဖြစ်လို့ဆိုပါတော့ကွာ
ဒီလိုပဲ သားကြီးရာ ဘ၀က အဆင်ပြေတယ်လည်းမဟုတ်
မပျော်ရင်လည်း ငုပ်နေလို့ရတာမဟုတ်တော့
စိတ်ကိုပဲ အလျော့အတင်းလုပ်နေရတယ်ကွ
မင်းသိတဲ့အတိုင်းပဲ
ငယ်ရွယ်နုပျိုမှုနဲ့ ကျန်းမာ သန်စွမ်းခြင်းဟာ
လိုင်းကားတွေပေါ်မှာ
တွန်းတိုက်ခံရရင်း အိုမင်းတွန့်လိမ်နေပြီ
လက်တံရှည်သူတွေ ကစားတဲ့ပွဲတွေမှာ
ငါလည်း အိမ်ဖြည့်လုပ်ရင်းမောလွန်းနေပြီ်
ငါလျှောက်တဲ့လမ်းတွေလည်း
ခဏခဏ အဖော်ခံထားရတဲ့ မြောင်းတွေကိုဖြစ်လို့
တခါတလေတော့ ၁၆ နှစ်တစ်ယောက်ရဲ့ ကတောက်ကတဲ့ စကားတွေနဲ့
တစ်ယောက်တည်း ဇာတ်ဝင်ခန်းတွေရိုက်နေတာ
ငါဟာ Professional ကျကျ ကစားသမားကြီး
ငါရဲ့ အလိမ်ခေါက်တွေမှာ ဟောတစ်ယောက် ဟောတစ်ယောက်နဲ့ ပြတ်ကျန်ခဲ့တာများကွာ
ငါ့ကိုယ်ငါ သနားလိုက်တာ
အရူးတွေကြီးစိုးတဲ့ ဘုံမှာမှ ငါက တိုင်းသူပြည်သားဖြစ်လာခဲ့တာ
သိပ်ဂုဏ်ယူစရာ၊ သိပ်ကြည်နူးပျော်ရွှင်စရာလို့
ထားပါတော့ သားကြီးရာ ငါရဲ့ ပန်းခြံကလေးဆောက်ချင်တဲ့ စိတ်ကူးတွေ
ငါ့အရိုးတွေလို ရင့်ထော်နေခဲ့ပေမယ့်
ငါ မက်လေ့ရှိတဲ့ အိမ်မက်တွေလည်း အရင်လို လုံးစေ့ပတ်စေ့ မရှိတော့ပေမယ့်
အခွင့်သင့်ရင်တော့ ငါတို့ စစ်တုရင် ကစားကြဦးစို့ကွာ။