ဘဝခရီး

in #esteem7 years ago

image

အမှတ်​မထင်​ ကျွန်တော်မနှစ်က ပြင်သစ်ပြည်သွားတုန်းက ဟောပြောပွဲတခုမှာ ပညာရှင်တယောက်က နိုင်ငံတနိုင်ငံက လူတယောက်ဟာ တခြားတနိုင်ငံကို ဘယ်လိုအစီအစဉ်နဲ့ ဖြစ်စေ ဘာအကြောင်းကြောင့်ဖြစ်စေ တနှစ်လောက် သွားနေဖူးခဲ့ရင်... သူဟာ လူတဦးနဲ့ တဦးဟာ ယုံကြည်မှု မတူကြောင်း ယဉ်ကျေးမှု ကွဲပြားကြကြောင်း နားလည်သွားမယ်..သည်းခံစိတ်ပိုလာမယ် တဲ့ .. ကမ္ဘာပေါ်က လူတိုင်း အဲ့လို အပြန်အလှန်မျိုးရှိ သွားကြတဲ့ အလေ့ရှိရင် ဒီကမ္ဘာမှာ စစ်ဆိုတာ ဘယ်တော့မှ မဖြစ်တော့ဘူး တဲ့.. ဟုတ်တယ်..ကျွန်တော်ယုံတယ်... ကျွန်တော် နိုင်ငံခြားရောက်ပြီးမှ သူများအလေ့အထတွေ ယုံကြည်မှုတွေကို ကိုယ်နဲ့မတူလည်း သိပ်မပြောတော့ဘူး.. မတူကွဲပြားတာကို လက်ခံတယ်...တခြားလူ တွေ ကိုယ့်ယုံကြည်မှု ကို နားလည်ကြရင်.. ကိုယ်က သူတို့ယုံကြည်မှု ကို နားလည်ရင် တဦးအမှန် တဦးအမှား ဆိုတဲ့ကိစ္စတွေ နှစ်ဖက်လုံးမှာ နည်းသွားမယ်ဗျ...

ကျွန်တော်ရှိနေတုန်း အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲလုပ်တယ်.. သူတို့ သမတလောင်းတွေ စကားစစ်ထိုးရင် ကျွန်တော် ရေဒီယို နားထောင်တယ်.. အဲ့လိုနေ့တွေမှာ အမေရိကန်တွေဟာ တမြို့လုံးငြိမ်ပြီး တီဗွီကြည့်ကြတယ်..ဆိုင်မှာ ဆီထည့်မည့်လူ.. စားသောက်ဆိုင် လာစားတဲ့လူတောင် မရှိသလောက် ရှားတယ်.. ကျွန်တော်က သမတ Clinton ကလင်တန် ကို ကြိုက်တယ်.. သူနဲ့ Bob Dole ဘော့ဒိုးလ် ဆိုတဲ့ အထက်လွှတ်တော်အမတ်ပြိုင်ကြတာဗျ.. အဲ့ဒီနှစ်မှာ ဘီလီယံနာ ရော့စ် ပီးရော့တ် Ross Perot ဆိုတဲ့ ပုဂ္ဂိုလ်လည်း ဝင်ပြိုင်တယ်.. တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်.. တယောက်အားနည်းချက်တွေ တယောက် အပြန်အလှန်ဝေဖန်ကြတာ .. တိုင်းပြည်ရဲ့ စီးပွားရေး အားနည်းချက်တွေ ပျော့ကွက်တွေ ထောက်ပြီး တယောက်နဲ့တယောက် မထောက်မညှာ ဝေဖန်ရင်း ယဉ်ယဉ်ကျေးကျေး ပြိုင်သွားတာ ကျွန်တော် မလွတ်တမ်းနားထောင်.. နောက်နေ့ သတင်းစာဝယ်ပြီး ပြန်လေ့လာ နဲ့ တကယ်အလုပ်ကြီး တလုပ် လုပ်နေရသလိုပဲ..

အဲ့ဒါတွေ စိတ်ဝင်စားမိတော့ ကိုယ့်တိုင်းပြည်နဲ့ယှဉ်ယှဉ် တွေးရင်း ဒီမိုကရေစီ နဲ့ လွတ်လပ်ခြင်း အရသာ ခံစားလိုစိတ် အမြစ်တွယ်ခဲ့တယ်..

အယင်က စစ်အစိုးရ ကို အဖေတို့ မုန်းလို့သာမုန်းခဲ့တာ.. လူသတ်လို့သာကြောက်ခဲ့တာ.. ဘယ်က စ မုန်းရမှန်း မသိခဲ့ဘူး.. ကိုယ်က တိုက်ရိုက် မှ မခံခဲ့ရတာကိုး... ၈၈ တုန်းကလည်း တိုက်ပွဲဝင်တယ်တာပြောတာ.. စပ်စပ် စပ်စပ် ပါချင်တာလောက်ရှိတာ... ၁၉၉၀ ပုဂံမြို့အဖျက်ခံရတော့ ကျွန်တော်တို့ မိသားစု ဒုက္ခရောက်ရတဲ့အခါ သူတို့အပေါ် ရွံကြောက်ကြီးဖြစ်လာတယ်.. ဒါပေမဲ့ ဒီမိုကရေစီ ကို နားကန်းတလုံး မသိဘူး.. ဒီဟာမကောင်းလို့ ဟိုဟာများကောင်းမလား လို့သာ မျှော်ခဲ့မိပါတယ်..

အဲ့ဒီ က ပြန်လာမှ အာဏာရှင် ကို ကိုယ်ပိုင်အတွေးအခေါ်နဲ့မနှစ်သက်တတ် သွားသလို ကိုယ့် နိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားစေချင်လာတယ်...အဲ့ဒါ အမေရိကားသွားလို့ ကျွန်တော် ရခဲ့တဲ့ အကျိုးအမြတ် တခုပဲ..အဲ့ဒီသွားပြီး ပြန်လာရင် အဲ့လိုအတွေးအခေါ်တွေ ဝင်တတ်လို့ သူတို့ကလည်း နိုင်ငံကူးလက်မှတ် လွယ်လွယ် ထုတ်မပေးချင်တာ နေမှာ...

နောက် သုံးလ မှာ ကျွန်တော် ပုံမှန်အတိုင်း ဆက်နေပြီး အလုပ်တွေ လုပ်တယ်.. အန်တီနန်စီ တို့နဲ့ ပိုခင်မင်လာသလို သူတို့ အားတဲ့အချိန်အတူတူ လျှောက်သွားဖြစ်လာတယ်.. အန်တီ့သားတွေတောင် ကိုယ်နဲ့ ခင်လာတယ်.. ကျွန်တော်အလုပ်ထွက်မယ်ဆိုတာ နောက်ဆုံး တလ မှ ပြောမယ် လို့တွေးရင်း ပိုက်ဆံ ကြိတ်စုနေတယ်..

တရက် အန်ကယ် က ကျော်စွာ Green Card ရရင် အန်ကယ်တို့ ဆိုင်မှာ အလုပ်လုပ်ရင်း ဆိုင်ကိုဖြေးဖြေး ပြန်ဝယ်ပေါ့ တဲ့.....ဒီလိုဆိုင်မျိုးက မင်းလို ဗမာလူမျိုး ပိုင်တာ ပို အဓိပ္ပါယ်ရှိတယ်.တဲ့.. အန်ကယ့် သားသမီးတွေက မြန်မာအစားအစာထက် တခြားဆိုင်မျိုး ဖွင့်တာပိုကြိုက်တယ်.. မြန်မာပြည်လည်း မရောက်ဖူးဘူး.. မြန်မာအစားအစါ အကြောင်းကောင်းကောင်း မပြောတတ်လို့ ဒီဆိုင်ကို ဆက် မလုပ်ချင်ကြဘူး .. မင်းကြိုးစား .. အန်ကယ်ပြန်ရောင်းပေးမယ် လို့ ကျွန်တော့်ကို ပြောတယ်..

တခြားစီးပွားရေး နားလည်တဲ့ လူတယောက် အတွက်တော်တော်စိတ်ဝင်စားစရာကောင်းတဲ့ ကမ်းလှမ်းမှုပါပဲ.. ဆိုင်တန်ဖိုး က ဒေါ်လာ ငါးသိန်း ခြောက်သိန်းလောက်တွက်မလား? ဘယ်နှနှစ်ဆပ်ရမှာလဲ... ကျွန်တော် မမေးခဲ့ဘူး ... ကျွန်တော် ကတော့ စားပွဲထိုးရလွန်းလို့ လန့်နေတာတကြောင်း.. အဲ့ဒီလို ဝယ်တဲ့အခါ ဘာတွေ လုပ်ရမလဲ.. ကိုယ်ဝန်ထမ်းတွေ ဦးစီးနိုင်ပါ့မလား စာရင်းဘယ်လို ကိုင်မှာလဲ.. ဘာအခြေခံ မှ ပါမလာတဲ့ ကျွန်တော် လို လူတယောက်အနေနဲ့ ဒီကိစ္စဟာ စဉ်းစားဖို့ မဖြစ်နိုင်ပါဘူး...ဒီကိုလာတာ အဲ့ဒီပညာတွေသင်ချင်လို့ လာခဲ့တာပါပဲ..အခြေအနေမှမပေးတာ...နားမလည်တဲ့ လုပ်ငန်းတခု ကို ပွပြီကွ ဆိုပြီး ဇွတ် လုပ်ရအောင် အစိုးရ က သစ်တော တတော အလကား ချပေးတာ မှ မဟုတ်တာ .. ပိုက်ဆံ အလကား မဝင်နိုင်ဘူး မလုပ်တတ်ရင် ရှုံး မယ် ဒုက္ခရောက်မယ် ဆိုတာတော့သိတယ်..

အဲ့ဒီအရွယ်တုန်းက ကျွန်တော့် အားနည်းချက် က ဧည့်လမ်းညွှန်ပဲ လုပ်တတ်တယ်.. နိုင်ငံတကာ အတွေ့အကြုံ နဲ့ ကိုယ်ပိုင် လုပ်ငန်းအကြောင်း ဘာမှအတွေ့အကြုံ မရှိသေးတဲ့ ဘဝ... စီးပွားရေး အူကြောင်ကြား အဆင့်ပဲရှိတယ်..

ကျွန်တော်ဟာ ကိုယ် နားမလည်တဲ့အလုပ် နဲ့ လက်လီအလုပ်တွေ ဒီနေ့အထိ စိတ်မဝင်စားပါဘူး..

အန်ကယ့်သား အကြီးဆုံး Ron ရွန် က ရေခဲမုန့်ဆိုင်အကြီးကြီး Walnut Creek မြို့ဖက်မှာဖွင့်ဖို့ပြင်နေတယ်..Terry တယ်ရီ ဆိုတဲ့ နန်ယမ်းဆိုင်က မန်နေဂျာ တရုတ်ကလေးနဲ့ အတူတူဖွင့်မှာတဲ့.. Terry တယ်ရီ က အလုပ်ကြိုးစားတယ်..ထိုင်ဝမ် က ပြောင်းလာတဲ့ တရုတ်လူငယ်လေး.. အမေရိကန်နိုင်ငံသားဖြစ်နေပြီ.. သူက ကြိုးစားတော့ Ron ရွန် က အရင်းအနှီးချေးပေးပြီး ဆိုင်အတူတူဖွင့်ကြဖို့ ပြင်နေကြတာ.. အားကျစရာပဲ.. ဝန်ထမ်းကနေ ပိုင်ရှင်ဖြစ်တော့မယ်...ဒါပေမဲ့ သူက စီးပွားရေးကျောင်းတက်ထားတယ်.. ကိုယ်ကဘာမှမတတ်.. ဘယ်တူမလဲ..

ကျွန်တော် ပုံမှန်အလုပ်လုပ်ရင်း တလ လောက်ကြိုပြီး အန်တီနဲ့ အန်ကယ် ကို အလုပ်ထွက်ပြီး အမေရိကား ပတ်ကြည့်ချင်ကြောင်း.. အပြန်အလုပ်ပြန်ဝင်ချင် လက်ခံမလား မေးကြည့်တယ်.. သူတို့နည်းနည်း အံ့သြသင့်သွားပုံ ရတယ်.. ဘာအခက်အခဲရှိလဲ.. သူ့အိမ်တလုံးပြောင်းနေမလား ဘာကူညီပေးရမလဲ မေးတယ်.. ကျွန်တော် ကတော့ အတွေ့အကြုံ ဗဟုသုတ ရချင်လို့ပါလို့.. ပြန်လာရင်လည်း ဆန်ဖရန် ကိုပဲ ပြန်လာမှာ လို့ ပြောတော့ ကြိုက်တဲ့အချိန် ပြန်လာလုပ်တဲ့.. သူတို့ ကျွန်တော့်ကို မတားတော့ဘူး..

ကျန်တဲ့ ရက်ပိုင်းတွေကတော့ သိပ်ထူးထူးခြားခြား မရှိပါဘူး.. ကျွန်တော် အလုပ်လုပ်လိုက်.. နေလိုက်.. သွားလိုက် နဲ့ ပုံမှန်ဘဝ တခုကို ဖြတ်နေသလိုပါပဲ..

ကျွန်တော် သွားမဲ့မြို့တွေ စီစဉ်ကြည့်တယ်.. L.A သွားကြည့်ချင်တယ်.. ချီကာဂို သွားချင်တယ်.. နယူးယောက်သွားချင်တယ်.. ဝါရှင်တန်သွားမယ်.. နောက် ပုဂံက ကိုယ့်မိဘ လိုနေတဲ့ အန်တီ ဒေါ်အေပရယ် ရှိတဲ့ ဖီလာဒဲလ်ဖီးယား မြို့ဆီ သွားတွေ့ချင်တယ်.. နောက် ကိုယ့်ကိုဖိတ်တဲ့ Nancy Reynolds နန်စီရေးနိုး မိသားစုရှိရာ Santa Fe ဆန်တာဖေး မြို့.... ကျန်တာကတော့ ပိုက်ဆံကျန်သလောက်ပေါ့..

ဒီကြားထဲမှာ ကျွန်တော် အမှတ်မထင် ကိုယ် ရန်ကုန်မှာ သုံးရက်လောက် ဧည့်လမ်းညွှန်လုပ်ခဲ့ဖူးတဲ့ Ken Hastings ဆိုတဲ့ မိတ်ဆွေအဖိုးကြီးတယောက် ဖုံးနံပါတ်လည်း ပါလာတော့ သူဘယ်မှာနေမှန်းမသိပေမဲ့ တခြားလူတွေဆီ မဆက်ခင် ပထမဆုံး ဆက်ကြည့်မိတယ်.. ဖုံးနံပါတ်က မစ်ဇူရီပြည်နယ် နံပါတ်တခုပဲ...

ကျွန်တော် Ken ကင် နဲ့ဖုံးတည့်တည့် တိုးပါတယ်.. သူက တအံ့တသြနဲ့ မြန်မာပြည်က တယောက် အမေရိကား ရောက်နေမယ် ဆိုတာ သူဘယ်လိုမှ မထင်ထားဘူးတဲ့.. ဘာလုပ်နေလဲမေးတယ်.. ကျွန်တော်အကြောင်းစုံရှင်းပြလိုက်တော့ ပိုအံ့သြသွားတယ်..သူက မင်းငါ့ကို ကံကောင်းလို့ ခေါ်လို့ရတာ.... ငါကမနက်ဖြန် နဗားဒါးပြည်နယ်ထဲက ရွာလေးတရွာကို နှစ်လ သုံးလ လောက် သွားနေတော့မှာ.. ဒီဖုံးနံပါတ်ယူထား ဆိုပြီးဖုံးနံပါတ်အသစ်ပေးတယ်.. ပြီးတော့ မင်း ငါ့ရွာ ကို ပျော်သလောက်လာနေ.. ငါ L.A မှာ လာကြိုပေးမယ် တဲ့.. ပြီးမှ မင်းကို အနီးနားတဝိုက်လိုက်ပြမယ်တဲ့.. အင်း ဒီလို ဂုံးဆင်းလိမ့်ရမယ်ဆိုရင်ပိုက်ဆံကုန် သက်သာတယ်.. ငါ အလုပ်ထွက်ခါနီး ဆက်သွယ်လိုက်မယ် လို့ ပြောပြီး ဖုံးချလိုက်တယ်.. ဒါဆို L.A အယင်သွားမှပဲ..လေယာဉ်လက်မှတ်ဝယ်... ဓါတ်ဆီ ဆိုင်က ထွက်.. ကိုဇော် တို့ မဖြူပြာ တို့ မျိုးမင်း တို့ ကိုစော တို့ ပတ် နှုတ်ဆက်.. အိမ် မှာ ဝယ်ထားတဲ့ ပစ္စည်းတွေ အောက်က ကားဂိုဒေါင်ထဲ ခဏ သိမ်းပေးဖို့ အပ်ခဲ့ နဲ့.. တလ လုံး အလုပ်တွေရှုပ်နေခဲ့တယ်... ကျွန်တော် အမေရိကား ပတ်သွားကြည့်ဦးမယ် ဆိုတော့ တချို့ မြန်မာမိတ်ဆွေ တွေ က အံ့အားသင့်ကြတယ်.. ကျွန်တော် ခရီးထွက်ဖို့ ဒီလိုခြေထောက်ဗွေ ပါတာ ကျွန်တော် ကျင်လည်တဲ့ ခရီးသွားလုပ်ငန်း က ရလာတဲ့ သွေးပဲ.. ကျွန်တော့်အတွက် ထမင်းစား ရေသောက် ကိစ္စ တခု.. ကျွန်တော် ဟာ ဗိုက်အဆာခံပြီး မျက်စိ အစာကျွေးဖို့ သိပ်ဝန်မလေးဘူး

People who don't travel can not have global view. All they see is what's in front of them. Those people can not accept new things because all they know is where they live.

ခရီးမသွားတဲ့ လူတွေမှာ ကမ္ဘာ့ အမြင် မရှိနိုင်ဘူး.. သူတို့ မြင်တာ သူတို့ရှေ့က ကိစ္စတွေပဲ.. သူတို့ ဟာ အသစ် တွေ ကို လက်မခံ ကြဘူး.. ဘာလို့လဲ ဆိုတော့ သူတို့ နေထိုင်တဲ့ ဒေသ အကြောင်းပဲ သူတို့သိကြလို့ တဲ့

ဟုတ်တယ်...ခရီးသွားတာ ကောင်းတယ်.. အသစ်နဲ့ မတူကွဲပြားမှု ကို မြင်တွေ့လက်ခံလာတယ်.. လူဟာ အသစ်ဖြစ်လာတယ်.. ခရီးများများသွားကြပါ.. ကိုယ့်နိုင်ငံထဲမှာလည်း ပတ်ကြည့်ကြပါ.. အကျိုးမယုတ်ဘူး..

A man travels the world over in search of what he needs and return home to find it..

လူ ဟာ ကမ္ဘာ ပတ်ပြီး သူလိုတာ ဘာလဲ လို့ ရှာ တယ် ပြီးတော့ အိမ်ပြန်လာပြီး တွေ့အောင် လုပ်တယ် တဲ့

ပြောချင်တာ ကိုယ့်ဆီမှာ မရှိသေးတဲ့ ဟိုကတွေ့လာတဲ့ အတွေ့အကြုံ အသစ်အသစ်တွေ ယူလာပြီး ဘဝ အောင်မြင်ဖို့ အသုံးချသွားတယ် လို့ထင်ပါတယ်.. ခရီးသွားရင် မျက်စိ မှိတ် နားပိတ် မသွားပဲ ကောင်းတာ ဆိုးတာ လှတာ မလှတာ ကြိုက်တာ မကြိုက်တာ တွေ့ရာ အကုန်မှတ်ခဲ့ရင် ဘဝ မှာ တနေ့နေ့ပြန်အသုံးဝင်နိုင်ပါတယ်ခင်​ဗျာ။

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by Onedee from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.