လူ့ဘဝ ရောက်လာတဲ့အခါမှာ အရေးကြီးဆံုးကတော့
“အပေါင်းအသင်း” ပဲ။ လူဆိုတာ ဘဝခရီး
လှေျာက်လှမ်းတဲ့အခါမှာ တစ်ယောက်တည်း
လှေျာက်လှမ်းတာ မဟုတ်ဘူး။
လူ့ဘဝ ရောက်လာကတည်းက မိသားစုဆိုတဲ့
အသိုင်းအဝိုင်းထဲ ရောက်လာတာဖြစ်တယ်။
မိသားစု အသိုင်းအဝိုင်းဆိုတာ လူတွေရဲ့
society မှာ အသေးဆံုးပေါ့။
Family Society အသေးဆံုး အသိုင်းအဝိုင်းလေး
တစ်ခုပဲ။ လူဟာ အပေါင်းအသင်းနဲ့နေတတ်တဲ့
သတ္တဝါလို့ ဆိုကြတယ်။ လူတင်မကပါဘူး။
တခြား သတ္တဝါတွေဟာလည်းပဲ အပေါင်းအသင်းနဲ့
နေကြတာချည်းပါပဲ။
Photo - google
အဲဒီတော့ လူတွေရဲ့ထူးခြားမှုဟာ ဘာတံုး
ဆိုရင် လူဟာ “အသိဉာဏ်ရှိတဲ့ပုဂိ္ဂုလ်” ဖြစ်တယ်။
လူ့ဘဝမှာ အရေးကြီးဆံုးက ဘာတံုးဆို
အပေါင်းအသင်းပဲ ဖြစ်တယ်တဲ့။
အပေါင်းအသင်း ဆိုတဲ့နေရာမှာ ကံက ပေးလိုက်လို့
ပေါင်းသင်းနေရတဲ့ အပေါင်းအသင်းက တစ်မျိုးပေါ့။
ကိုယ်ကိုယ်တိုင် ရွေးချယ်ပြီး ပေါင်းသင်းတာက
တစ်မျိုးပေါ့။ တချို့ကျတော့ ကံက ပေးလိုက်သည့်
အပေါင်းအသင်း၊ အသိုင်းအဝိုင်းကြားထဲမှာ
ရောက်သွားတယ်။
ဆိုပါစို့ …..
အယူဝါဒမတူ ကွဲပြားတဲ့ အုပ်စုတစ်ခုထဲမှာ
ရောက်သွားပြီဆိုလို့ရှိရင် ထိုအယူဝါဒရှိတဲ့
အသိုင်းအဝိုင်းတွေရဲ့ ယံုကြည်ချက်အတိုင်း
ဘဝခရီးမှာ လှေျာက်နေကြရတယ်။
ဒီကနေ့ ကမ္ဘာမှာရှိကြတဲ့ လူတွေကိုကြည့်ပေါ့။
လူမျိုးအသီးသီးမှာ အယူအဆ အမျိုးမျိုး၊
ပေါင်းသင်းဆက်ဆံမှုတွေ အမျိုးမျိုး ရှိကြတယ်။
အဲဒီကြားထဲသွားပြီး လူဖြစ်လို့ရှိရင် ဆိုင်ရာ
အသိုင်းအဝိုင်းအလိုက် အတွေးအခေါ်တွေ
အမျိုးမျိုး၊ ပံုစံအမျိုးမျိုးနဲ့ နေကြရတယ်။
ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေကြောင့်မို့ ကောင်းကျိုး
ချမ်းသာတွေ ရကြတာရှိသလို၊
မကောင်းတဲ့အကျိုးတွေ ခံစားကြရတာလည်း
ရှိတာပေါ့။
ဘုန်းကြီးတို့ သီရိလင်္ကာမှာ နေခဲ့ဖူးတယ်။
သီဟိုဠ်နိုင်ငံဆိုတာ ဒီကနေ့ လူဦးရေ သန်း(၂ဝ)ခန့်
ရှိတယ်။ ဗုဒ္ဓဘာသာ နိုင်ငံလေးတစ်ခုပဲ။
အဲဒီ ဗုဒ္ဓဘာသာနိုင်ငံလေးမှာ လူမျိုး(၄)မျိုး
ခွဲခြား သတ်မှတ်ထားတယ်။ အများဆံုးကတော့
“ဆင်ဟာလီလူမျိုး” ဖြစ်တယ်။
ဆင်ဟာလီလူမျိုးကို ဗမာတွေကတော့ “သီဟိုဠ်လူမျိုး”
လို့ ခေါ်တာပေါ့။ အသံထွက်လေးပဲ ကွာတာ။
ဆင်ဟာလီလူမျိုး ရှိတယ်၊
မွတ်ဆလင် ရှိတယ်၊
ဘာဂါဆိုတာ ရှိတယ်၊
တမီ ရှိတယ်။
လူမျိုး(၄)မျိုး ရှိတယ်။
Officially အသိအမှတ်ပြုထားတာ (၄)မျိုး
ရှိတယ်။ အဲဒီမှာ ဒီစာရင်းထဲမှာမပါဝင်တဲ့ လူမျိုး(၁)မျိုး
ရှိသေးတယ်။ ဝဲဒ လို့ခေါ်တဲ့ aborigine မူလကျွန်းနေ
လူမျိုးလည်း ရှိသေးတယ်။ လူဦးရေ အင်မတန်
နည်းတယ်။ တောတွေ တောင်တွေထဲမှာပဲ နေတယ်။
အဝတ် မဝတ်ဘူး။ တောထဲမှာပဲ ငယ်စဥ်တောင်ကျေး
ကလေးဘဝကတည်းက ဘာသင်တံုးဆိုရင်
မြားပစ်တာသင်တယ်။ လှံထိုးတာသင်တယ်။
အကောင်တွေဖမ်းပြီးတော့ သတ်ဖြတ်နည်းတွေ
သင်တယ်။
လူ့ဘဝရောက်လာပြီ ဆိုလို့ရှိရင်
လူဟာ မွေးလာကတည်းက Society တစ်ခုမှာ
မွေးလာတဲ့အတွက်ကြောင့်
အဲဒီ Society တစ်ခုက မကောင်းဘူး ဆိုလို့ရှိရင်
တစ်ဘဝလံုး ကောင်းနိုင်စရာအကြောင်း
မရှိတော့ဘူးလေ။
ဝဲဒ ဆိုတဲ့လူမျိုးကြားထဲမှာ သွားဖြစ်မယ် ဆိုလို့ရှိရင်
ဘုန်းကြီးတို့တတွေဟာ တစ်သက်လံုး တောထဲမှာ
နေပြီးတော့ သတ္တဝါတွေရဲ့အသက် သတ်ဖြတ်
စားသောက်လို့ မိမိဘဝ ရပ်တည်အောင်ကြိုးစားပြီး
နောက်ဆံုးမှာ ဘဝတစ်ခု ပြီးဆံုးသွားကြမှာပဲ။
ဒါက “ကံကြမ္မာက ပေးလိုက်တဲ့ အသိုင်းအဝိုင်း”
တစ်ခုပေါ့။
ကံကြမ္မာကပေးတာ မဟုတ်ဘဲ မိမိဘာသာရွေးချယ်
ပေါင်းသင်းဆက်ဆံတဲ့ ပုဂိ္ဂုလ်တွေရဲ့
အကျင့်စာရိတ္တကြောင့် မကောင်းတဲ့လူနဲ့ ပေါင်းမိတဲ့
အတွက် ဒုက္ခရောက်ကြတဲ့ ပုဂိ္ဂုလ်တွေလည်း
ဒီကနေ့ခေတ် နေရာတိုင်းမှာ ရှိတာပဲပေါ့။
ဒါကြောင့်မို့ မင်္ဂလသုတ်မှာ
“အသေဝနာစ ဗာလာနံ ပဏ္ဍိတာနဥ္စသေဝနာ”တဲ့။
လူ့လောက ရောက်လာပြီဆိုလို့ရှိရင် -
အပေါင်းအသင်းဟာ အင်မတန်မှ အရေးကြီးတယ်။
အသိုင်းအဝိုင်းဟာ အင်မတန်မှ အရေးကြီးတယ်။
ကံက ပေးလိုက်တဲ့ အသိုင်းအဝိုင်းက ရုန်းထွက်ဖို့
ဆိုတာ အင်မတန်မှ ခဲယဥ်းပါတယ်။
သာမန်စိတ်နေစိတ်ထားနဲ့၊ သာမန်အသိဉာဏ်မျိုးနဲ့
ရုန်းထွက်နိုင်ဖို့ဆိုတာ မလွယ်ဘူး။
တော်တော်ခဲယဥ်းပါတယ်။
အဲဒါကြောင့်မို့ မွေးကတည်းက ကောင်းတဲ့
အသိုင်းအဝိုင်းထဲရောက်ဖို့ ဘုန်းကြီးတို့တတွေ
ဆုတောင်းကြရမှာပဲနော်။ စိတ်နေစိတ်ထားနဲ့
ဦးတည်ချက် ထားကြရမှာပဲ။
အပေါင်းအသင်းဟာ လူ့ဘဝမှာ
သိပ်အရေးကြီးတယ်တဲ့။
အရေးကြီးဆံုးက “ဗာလ” လို့ဆိုတဲ့ အသိဉာဏ်
ကင်းမဲ့တဲ့ ပုဂိ္ဂုလ်တွေနဲ့ မပေါင်းသင်းမိဖို့၊
အတူမနေမိဖို့၊ မဆက်ဆံမိဖို့၊
“ပဏ္ဍိတ” ဆိုတဲ့ အသိဉာဏ်ရှိတဲ့
ပုဂိ္ဂုလ်တွေနဲ့ ဆက်ဆံဖို့။
“ဗာလ” နဲ့ ဆက်ဆံမိတဲ့ ပုဂိ္ဂုလ်တွေဟာ
ဒီဘဝခရီးမှာလည်း ဒုက္ခအမျိုးစံု ကြံုတွေ့ကြရတယ်။
ပညာရှိသူတော်ကောင်းတွေနဲ့ ဆက်ဆံမိတဲ့
ပုဂိ္ဂုလ်တွေကျတော့ ဒီဘဝမှာလည်း အေးချမ်းတယ်၊
နောင်ဘဝမှာလည်း ချမ်းသာသုခရတယ်။
အကျိုးတွေဟာ အင်မတန်မှ ထင်ရှားတယ်။
“ဗာလ ပဏ္ဍိတ” ဆိုတာ ဘယ်လိုပုဂိ္ဂုလ်မျိုးကို
ခေါ်တာလဲဆိုတော့ မြတ်စွာဘုရားက
မကောင်းတာတွေး၊ မကောင်းတာပြော၊
မကောင်းတာလုပ်တဲ့ ပုဂိ္ဂုလ်တွေကို
“ဗာလ” လို့ သတ်မှတ်တယ်။
ကောင်းတာတွေး၊ ကောင်းတာပြော၊
ကောင်းတာလုပ်တဲ့ ပုဂိ္ဂုလ်ကို “ပဏ္ဍိတ”
လို့ သတ်မှတ်တယ်။
Photo - google
ကောင်းမကောင်းဆိုတာကျတော့ ဘာနဲ့ဆံုးဖြတ်သလဲ။
ကိုယ်ကြိုက်ရင် ကောင်းတဲ့အကောင်းဟာ
အကောင်းလားဆိုတော့ အဲဒီလို မဟုတ်ဘူး။
ကိုယ်ကြိုက်တာ မကြိုက်တာနဲ့ မဆံုးဖြတ်ရဘူး။
အဲဒီတော့ တစ်ဖက်သားကို ညှဥ်းပမ်းနှိပ်စက်လိုတဲ့
အတွေးမျိုး၊ ကိုယ့်ကိုယ်ကိုယ် ထိခိုက်နစ်နာစေလိုတဲ့
အတွေးမျိုး၊ လောကကြီးကို အကျိုးမပြုတဲ့ အတွေးမျိုး၊
လောကကြီး ပျက်စီးစေလိုတဲ့ အတွေးမျိုး၊
အပြောမျိုး၊ အလုပ်အကိုင်မျိုးတွေဟာ
မကောင်းဘူးလို့ သတ်မှတ်ရမယ်။
အများအတွက် အကျိုးဖြစ်တဲ့ အတွေး၊
အများအတွက် အကျိုးဖြစ်တဲ့ အပြော၊
အများအတွက် အကျိုးဖြစ်တဲ့ အလုပ် ဒါတွေဟာ
ကောင်းတယ်လို့ သတ်မှတ်ရမယ်။
အဲဒီလို လူ့လောက ရောက်လာပြီ ဆိုလို့ရှိရင်
နံပါတ်(၁) ပေါင်းသင်းဆက်ဆံရမယ့်သူကို
ရွေးချယ်ရတယ်။
ဘဝမှာ ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့
ရွေးချယ်ဖို့ လိုအပ်တယ်လို့ မြတ်စွာဘုရားက
ပထမဆံုး မင်္ဂလာခရီးကို စတင်လှေျာက်လှမ်းဖို့ရာ
အတွက် ဒါကို ဦးစွာဟောတာ။ ။