#စမ်းချောင်းလေးရဲ့ခရီးစဉ်
+++++++++++++++
ဟိုးအမြင့် တောင်ကုန်းပေါ်ကနေ စမ်းချောင်းလေးတစ်စင်း တငြိမ့်ငြိမ့် စီးဆင်းလို့နေတယ်။ ချောင်းလေးဟာ ရွာရိုးတွေဖြတ်၊ ကွင်းပြင်ကိုဖြတ်၊ တောကြိုတောင်ကြားတွေကို ဖြတ်ရင်း နောက်ဆုံး သဲကန္တာရတစ်ခုကို ရောက်လာခဲ့တယ်။
ခြောက်သွေ့တဲ့ လွင်ပြင်ကျယ်ကြီးကို ကြည့်ပြီး စမ်းချောင်းလေးက..
“အင်း...ဒီလောက်ခက်ခဲတဲ့ လမ်းခရီးတွေ ငါဖြတ်ကျော်လာခဲ့ပြီးပြီ.... ဒီကန္တာရကိုလည်း ငါဖြတ်လို့ရမယ်ထင်တယ်” လို့ တွေးပြီး ကန္တာရကိုဖြတ်ဖို့ သူကြိုးစားလိုက်တယ်။ ဒါပေမယ့် ဖြတ်လိုက်တိုင်း ရေတွေကသဲထဲ တဖြည်းဖြည်း စိမ့်ဝင်သွားတာကို သူခံစားလိုက်မိတယ်။ ဖြတ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ မအောင်မြင်ခဲ့ဘူး။
“ဒါ..ငါ့ရဲ့ ကံကြမ္မာပဲလား....ရှေ့ဆက်လျောက်လို့မရဘဲ ငါဟာ ဒီမှာတင် ပြီးဆုံးသွားတော့မလား... ဒီတစ်သက် အိပ်မက်ထဲက ပင်လယ်ကြီးဆီကို ငါအရောက် မသွားနိုင်တော့ဘူးလား... ” လို့ သူ စိတ်ပျက်ညည်းညူမိတော့တယ်။
အဲဒီအချိန်မှာ ...“ လေပြည်ကတောင် ဒီကန္တာရကို ဖြတ်နိုင်သေးတယ်... စမ်းချောင်းလေးလည်း ဖြတ်နိုင်ရမယ်” ကန္တာရဆီက ပြန့်လွှင့်လာတဲ့ ပဲ့တင့်သံတစ်ခုကို သူကြားလိုက်မိတယ်။
“ သူက လေဖြစ်လို့ ဖြတ်နိုင်တာ...ငါက လေမှမဟုတ်တာ” မခံချင်စိတ်နဲ့ သူ ရေရွတ်မိတယ်။
“ ငါ့မှငါဆိုတဲ့အစွဲကို လက်ကိုင်ထားသရွေ့တော့ ဒီကန္တာရကို ဘယ်တော့မှ ဖြတ်လို့ရမှာ မဟုတ်ဘူး... ငါဆိုတဲ့ မာနတွေ၊ အတ္တတွေကိုစွန့်ပြီး ကိုယ့်ကို ရေခိုးရေငွေ့အဖြစ်ပြောင်းပြီး လေပြည်နဲ့အတူ လိုက်ပါသွားမယ်ဆိုရင် ကိုယ်လိုရာခရီးကို ရောက်မှာပဲ” ကန္တာရဆီက တိုးညင်းတဲ့အသံကို သူကြားလိုက်ပြန်တယ်။
“ ကိုယ့်ပုံစံကိုစွန့်ပြီး လေထဲမှာ ပျော်ဝင်ရမယ်...ဟုတ်လား... ငါ မလုပ်နိုင်ဘူး”
အဲဒီစကားကြားတော့ လှိုင်းကြက်ခွပ်လေးတွေ ထသွားလောက်တဲ့အထိ သူတုန်ခါမိတယ်။ ကိုယ့်နဂိုပုံစံကို စွန့်ရမယ့် အတွေ့အကြုံမျိုး သူ့မှာ တစ်ခါမှမရှိခဲ့ဖူးတော့ ဒီလို စွန့်လိုက်တာဟာ ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးတာနဲ့ တူတယ်လို့ သူထင်ခဲ့မိတယ်။
“ရေငွေ့တွေက လေပြည်နဲ့အတူ ကန္တာရကိုဖြတ်သွားမယ်။ မြေပြင်ပေါ်ရောက်တာနဲ့ ရေငွေ့တွေကို အငွေ့ပျံစေမယ်။ အဲဒီနောက် မိုးအဖြစ်နဲ့ ရွာချလိုက်မယ်။ မိုးရေတွေက တစ်စုတစ်စည်းတည်းဖြစ်ပြီး ချောင်းအသွင်နဲ့ စီးဆင်းမယ်” ကန္တာရဆီက စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြသံကို သူကြားလိုက်ပြန်တယ်။
“ တစ်ကယ်ပဲလား... ငါဟာ နဂိုချောင်းအဖြစ်နဲ့ ပြန်စီးဆင်းနိုင်မလား” သံသယတစ်ဝက်နဲ့ သူမေးပြန်တယ်။
“ ဟုတ်တယ်လို့လည်း ပြောနိုင်တယ်....မဟုတ်ဘူးလို့လည်း ပြောနိုင်တယ်...မင်းဟာ ချောင်းပဲဖြစ်ဖြစ်၊ မမြင်နိုင်တဲ့ ရေငွေ့ပဲဖြစ်ဖြစ်... မင်းရဲ့ ပင်ကိုအတွင်းစိတ်က ဘယ်တော့မှ မပြောင်းခဲ့ဘူး။ ဒါပေမယ့် မင်းရဲ့ပင်ကိုစိတ်ထားဟာ ဘာလဲဆိုတာကိုမသိခဲ့လို့ ငါဟာ ချောင်းဖြစ်တယ်ဆိုတဲ့အစွဲ မင်းမှာ ရှိနေခဲ့တာ”
အဲဒီစကားကြားတော့ သူဟာ ချောင်းမဖြစ်ခင်တုန်းက ရေငွေ့အဖြစ်နဲ့ လေထဲမှာပျော်ဝင်ပြီး တောင်ခါးပန်းအရောက်မှာ မိုးအဖြစ်နဲ့ရွာချပြီး ချောင်းအသွင်နဲ့ စီးဆင်းခဲ့ရတဲ့အဖြစ်တွေကို ရေးရေးလေး မြင်ယောင်လာမိတယ်။ နောက်ဆုံး သူဟာ ဆုံးဖြတ်ချက်ရဲရဲချပြီး လေပြည်ရဲ့ရင်ခွင်ထဲပျော်ဝင်ပစ်လိုက်တယ်။ အဲဒီနောက် လေပြည်ရဲ့ခေါ်ဆောင်ရာကို လိုက်ပါသွားခဲ့တယ်။
လူ့ဘဝလမ်းခရီးတစ်လျောက်မှာလည်း စမ်းချောင်းလေးလိုပဲ အခက်အခဲ အတားအဆီးတွေကို ရင်ဆိုင်ကျော်ဖြတ်ပြီးမှ ကိုယ်လိုရာပန်းတိုင်ဆီ ရောက်ကြရတယ်။ ရှေ့ကို ခရီးဆက်ဖို့ တစ်ခါတလေမှာ “ငါဆိုတဲ့ အစွဲ၊ အတ္တ” တွေကိုဖယ်နိုင်တဲ့ အသိဉာဏ်နဲ့ သတ္တိတွေလိုအပ်တယ်။
ဒါမှမဟုတ်.....
“ငါ့ရဲ့ နဂိုစိတ်ထားက ဘာလဲ”
“ငါ တင်းတင်းဆုပ်ကိုင်ပြီး လက်မလွတ်နိုင်တဲ့ အရာက ဘာလဲ”
“ငါ တကယ့်လိုနေတာ ဘာလဲ” လို့ တစ်ခါတလေ ကိုယ့်ကို ယ်ကိုယ် ပြန်ဆန်းစစ်ကြည့်သင့်တယ်။ ဘ၀မှာ ပုံစံသဏ္ဌာန်တွေက တစ်ခုထဲရှိတာ မဟုတ်ပါ ဘူး... ပတ်ဝန်းကျင်ကို ပြောင်းလဲလို့ မရခဲ့ရင် ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲ ကြည့်မယ်။ ဒါပေမယ့် နဂိုရှိရင်းစွဲ ကိုယ့်ရဲ့စိတ်ဓာတ်နဲ့ စိတ်ထားကို မပြောင်းလဲသရွေ့ ကိုယ်ဟာ ကိုယ်ပါပဲ...
Credit-နိုင်းနိုင်းစနေ
#myogyilay483