ဝမ်းတွင်းကန်း
ကျွန်တော် ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒတန်းမှာ တက်နေတော့ အတွေ့ချင်ဆုံးပုဂ္ဂိုလ်ဟာ ဆရာ နန္ဒာသိန်းဇံဖြစ်ပါတယ်။
ဆရာ့ရဲ့ “ကိုယ်ကျင့်တည်ကြည်ခြင်းနှင့် အဆင့်မြင့်ခရီးစဉ်” ဆိုတဲ့စာအုပ် ပထမဆုံး ထွက်လာတော့ ဝယ်ပြီးဖတ်တယ်။ ကြိုက်လိုက်တာလေ။ ကျောင်းတွေ ပြန်ဖွင့်တော့ ဆရာ့ကို ဌာနမှာ တွေ့မလားဆိုပြီးတော့ လိုက်မေးတယ်။ ဒါပေမဲ့ ဆရာက အဲဒီအချိန်မှာ နယ်ကိုရောက်သွားပြီ။ ပြည်လား၊ ပုသိမ်လား မဆိုနိုင်ပါဘူး။
ဆရာ့ကို ကျွန်တော် ပြန်တွေ့ရချိန်ဟာ ဆရာပါမောက္ခအဖြစ် ရန်ကုန်တက္ကသိုလ်ကို ပြန်ရောက်လာချိန်ပေါ့။ အဲဒီအချိန်က ကျွန်တော် ရန်ကုန်တက္ကသိုလ်ထဲမှာ သင်တန်းတွေလျှောက်တက်နေတယ်။ မဂ္ဂဇင်းတစ်စောင်မှာ လည်း အယ်ဒီတာလုပ်နေပြီ။ ကျောင်းဆရာဘဝကလည်း ထွက်ပြီးချိန်ပါ။
ဆရာ့ဆီ ကျွန်တော့်ကို ခေါ်သွားသူက ရန်ကုန်တက္ကသိုလ်ထဲက ကျူတာဆရာလေးတစ်ယောက်။ ဆရာ နန္ဒာသိန်းဇံတပည့်လို့ သိရတယ်။ ဆရာလေးက ကျွန်တော့် မဂ္ဂဇင်းတိုက်ကို စာမူလာပို့ရင်းက စကားစပ်မိလို့ ဆရာ ရန်ကုန်တက္ကသိုလ်ကို ပါမောက္ခဘဝနဲ့ ပြန်ရောက်နေတယ်ဆိုတာသိလို့ ဆရာ့ကိုတွေ့ရအောင် လိုက်ခဲ့ ပါတယ်။
ဆရာက ဌာနစာကြည့်တိုက်ထဲမှာ အစည်းအဝေးလုပ်နေတယ်။ ကျွန်တော်နဲ့ ဆရာလေးက အပေါက်ဝမှာ ပြူတစ်ပြူတစ် သွားလုပ်တော့ ဆရာက ချက်ချင်းပဲ ထွက်ချလာတယ်။
“မင်းတို့ကို ကျေးဇူးတင်လိုက်တာ” တဲ့။ ဘာလဲပေါ့။ ဆရာက ဆက်ပြောတယ်
“သောက်အစည်းအဝေးတွေ ပြီးကို မပြီးနိုင်ဘူး။ မင်းတို့ကိုတွေ့မှ ငါက အရေးကြီးတဲ့သူတွေနဲ့ တွေ့စရာရှိတယ် ဆိုပြီး ပြောထွက်ခဲ့တာ” တဲ့
ဆရာ့ကို နောက်မှပေါင်းကြည့်ပြီး သိလာတာက မိတ်ဆွေ အပေါင်းအသင်းဆိုတာ သူ့အတွက် အရေးကြီးသူ တွေတဲ့။
“ငါက အစည်းအဝေးခန်းထဲ ထိုင်ရတာထက် လက်ဖက်ရည်ဆိုင်မှာ မင်းတို့နဲ့ ထိုင်ချင်တာ” တဲ့လေ
ဆရာ့ရုံးခန်းထဲမှာ ပန်းချီဆရာ ပေါ်ဦးသက်ရဲ့ ပန်းချီလက်ရာတွေ၊ ခဲခြစ်တွေ အများကြီးတွေ့တယ်။ ဆရာက အမှတ်တရ အမြတ်တနိုး နံရံမှာလည်းချိတ်၊ စားပွဲပေါ်လည်း တင်ထားတယ်။
“ဆရာ ဒီပန်းချီကားတွေ ခုဆိုရင် အရမ်းတန်ဖိုးရှိမှာပဲ”
“အင်း … တန်ဖိုးရှိသလား မရှိသလားတော့ မပြောတတ်ဘူး ထိန်းသိမ်းရတာတော့ အလွန်ဒုက္ခများတာပဲ” တဲ့
ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်ကို ထွက်ခဲ့ပြီး ဦးချစ်ဆိုင်မှာ ထိုင်ကြတယ်။ ဟိုးအရင်က ကျွန်းပင်ကြီးတွေ အောက်က ဦးချစ်မဟုတ်တော့ပါဘူး။ ခုလည်း ကျွန်းပင်အောက်မှာပဲ။ ဒါပေမဲ့ နေရာပြောင်းသွားပြီ။ အဖေဦးချစ် ကနေ သားဦးချစ်ဆိုင်ဖြစ်သွားပြီ။
ဆရာနဲ့ထိုင်ရင် မှတ်သားစရာတွေ အမြဲပြောတတ်တယ်။ အလွန် ရိုးစင်းတဲ့ဆရာ့အတွေးအခေါ်တွေကို အရမ်းသဘောကျတယ်။ တစ်နေ့တော့ ဆရာက “ဝမ်းတွင်းကန်း” ဆိုတဲ့ အကြောင်းလေး ကျွန်တော်တို့ကို ပြောပြတယ်။
“မရှိဘူးဆိုတာ မသိတာလည်း ဖြစ်ချင်ဖြစ်နေတတ်တယ်။ မွေးကတည်းက မျက်စိမမြင်တဲ့ ဝမ်းတွင်းကန်းကို အရောင် အကြောင်းသိအောင် ဘယ်လိုပြောမလဲ။ သူ့ကို အဖြူရောင်အကြောင်းပြောရင် ဗျိုင်းကဲ့သို့ဖြူသည်လို့ ပြောလို့မရဘူး။ ဝမ်းတွင်းကန်းဆိုတော့ ဗျိုင်းလည်းမသိဘူး။ အဖြူရောင်လည်း မသိဘူး။ ဝမ်းတွင်းကန်းသူက သူမသိတဲ့ အရာဖြစ်နေလို့ အဖြူသည်မရှိ၊ ဗျိုင်းသည်မရှိလို့ပြောရင် အစွန်းရောက်အပြောပဲဖြစ်မှာပေါ့။ သူမသိနိုင်တာပါ။ အရှိတရားကတော့ ရှိတာက ရှိနေတာပဲနော်”
ကျွန်တော်က ဝမ်းသာအားရနဲ့
“ဆရာ ကျွန်တော် အဲဒီအကြောင်းကို ကြက်စွပ်ပြုတ်ထဲမှာ ဖတ်ဖူးတယ်” လို့ ကြွားလိုက်တာ။ ကိုယ်ဘယ် လောက် စာဖတ်နာသလဲပေါ့။ ဆရာက ပြုံးနေတယ်။ ပြီးတော့
“အဲဒီ ကြက်စွပ်ပြုတ်က ဘယ်နှခုနှစ်လောက်က ထွက်တာလဲ။ ဘယ်သူရေးတာလဲ”
“မကြာသေးဘူးဆရာ။ တစ်လောက စာအုပ်ပေါင်းချုပ်ထဲမှာ ဖတ်လိုက်ရတာ။ ၂၀၀၅ လောက်ကဖြစ်မှာပေါ့။ စာရေးဆရာက ဗြိတိန်ကထင်တယ်။ နာမည်တော့မမှတ်မိဘူး”
ဆရာက ပြုံးလိုက်တယ်။ ပြီးတော့ ရေနွေးကြမ်းတစ်ခွက်ကို သောက်လိုက်ပြီး
“ကိုတင်ညွန့် အဲဒီစကားကို မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ပါယာသိသုတ်မှာ ဟောကြားတော် မူခဲ့တာဗျ” တဲ့။
ကျွန်တော်လေ ရှက်လိုက်တာ။
(ဆရာ့ကို သတိရခြင်းများစွာဖြင့်)
တင်ညွန့်
photo : facebook
Excellent philosophy.