ကျွန်တော်နှင့် အရူးလေးများ
ကျွန်တော် လွန်ခဲ့တဲ့ သုံးရက်လောက်က ဇာတိရပ်ရွာကို ပြန်ပါတယ်။ ကျွန်တော် ငယ်စဉ်က ကျင်လည်ခဲ့တဲ့ ဈေးဘက်ကို ထွက်ခဲ့တယ်။ တကယ်တော့ ဒီဈေးထဲမှာ ကျွန်တော့်ဘဝကို စခဲ့တယ်။ ဒီဈေးထဲက စက္ကူအဟောင်း ရောင်းတဲ့ဆိုင်တွေမှာ စာအုပ် အဟောင်းလေးတွေကို အချိန်နဲ့ဝယ်ပြီး ဖတ်ခဲ့ရတယ်။ ခုတော့ စက္ကူတွေကို အချိန်နဲ့ရောင်းတဲ့ ဆိုင်တွေလည်း မတွေ့ရတော့ဘူး။
ကျွန်တော် ဈေးဆိုင်တွေကို လိုက်ကြည့်နေတုန်း
“ဆရာကြီး … ဆရာကြီး ဦးတင်ညွန့် မဟုတ်လား”
အမျိုးသမီးတစ်ယောက်က ဆိုင်တစ်ဆိုင်ဘေးမှာ ခွေးခြေနိမ့်လေးနဲ့ ထိုင်နေရင်းက ပြုံးပြုံးရွှင်ရွှင်နဲ့ ကျွန်တော့် လက်ကို လာဆုပ်ကိုင်ပြီးတော့ ခုန်ဆွခုန်ဆွ ပြောနေတာ
“အေး … ဘယ်သူများလဲကွယ်”
“သမီး … ဥမ္မာလေ ဆရာကြီး”
မနက်က သူ့အကြောင်း ကျွန်တော်ရေးခဲ့တယ်။ အဲဒီ ဥမ္မာပဲ။ မနက်က အကြောင်းကလည်း သူနဲ့တွေ့ပြီး သတိရသွားလို့ ပြန်ရေးမိတာပါ။
ယခင်က ကျွန်တော့်တပည့်လေးတွေက ငယ်ငယ်လေးတွေ၊ ပိန်ပိန် သေးသေးလေးတွေ။ ခုတွေ့နေရတဲ့ ဥမ္မာ ကတော့ မိန်းမကြီးတစ်ယောက်၊ ဝဝကြီးနဲ့ ခံ့ခံ့ကြီးဖြစ်နေပြီ
“ဟယ် … ကိုသိန်းသမီး ဥမ္မာမဟုတ်လား”
“ဟုတ်တယ်လေဆရာကြီး”
“နေဦး … ညည်းအဖေရော”
“အဖေဆုံးသွားတာ ငါးနှစ်ရှိသွားပြီ ဆရာကြီး”
“နင့်အဖေ အရက်မပြတ်လို့လား”
“သေတဲ့အထိ သောက်သွားတာပဲ”
“ဆိုးလိုက်တာဟာ”
ဥမ္မာက စာညံ့ပါတယ်။ လူကတော့ အရမ်းသွက်တယ်။ မနက်က ကျွန်တော် သူ့အကြောင်း ရေးခဲ့ပြီးပြီ။ စိတ်ကောင်းရှိတယ်။ သူတစ်ပါးကို ကူညီတတ်တယ်။ ကျွန်တော် စတုတ္ထတန်းမှာ တန်းလုံးကျွတ်အောင်ရေး ကြိုးပမ်းနေချိန်မှာ မိန်းကလေးထဲကဆိုရင် ဥမ္မာတစ်ယောက်၊ ယောက်ျားလေးထဲက သိန်းဝင်းတို့ နှစ်ယောက် ကိုပဲ စိုးရိမ်နေမိတယ်။ သိန်းဝင်းက စာကျက်ပျင်းတာ။ သင်္ချာကျတော့ တော်တယ်။ ဥမ္မာက စာလည်း မကျက်ချင်၊ သင်္ချာကလည်းညံ့။
“နင်ဟာလေ ဘယ်နေရာမှာမှ သုံးစားလို့မရဘူး။ ဟိုဟာလည်းမရ၊ သည်ဟာလည်း မတော်။ ငါစိတ်ဓာတ် တောင်ကျလာပြီ။ အေးလေ ဘယ်တတ်နိုင်ပါ့မလဲ။ တစ်ယောက်ကျရင် တစ်ခန်းလုံး ညံ့တယ်လို့ အပြော ခံရရုံပေါ့”
“ဆရာကြီး သမီးကြိုးစားမယ်။ သမီးအောင်ရင် ဘာပေးမလဲ”
“နင့်ကိုလေ ဈေးထဲမှာ ကြိုက်တာတောင်း၊ လိုက်ဝယ်ပေးမယ်”
“တကယ်နော်ဆရာကြီး”
“နင့်ကို ငါက နောက်ရမှာလား”
အဲဒီနှစ်က တန်းလုံးကျွတ်အောင်တယ်။ ကျွန်တော်က ပေးထားတဲ့ကတိကို မမေ့ပါဘူး။ စတုတ္ထတန်းအောင်လို့ ကျောင်းထွက်လက်မှတ်တွေလာယူတဲ့ ဥမ္မာကို
“ဟေ့ … သမီးရေ ဆရာ့ကတိအတိုင်း မင်းကို လက်ဆောင်ဝယ်ပေးမယ်”
“တကယ်နော်ဆရာကြီး”
“အေးပါဟ … ဈေးထဲကိုသွားမယ်။ ကြိုက်တာဝယ်။ ဒါပေမဲ့နော် ငါသူဌေးမဟုတ်ဘူး”
“ဆရာကြီး စက်ဘီးနဲ့ သမီးလိုက်မယ်”
“အေးလိုက်ခဲ့”
ကျွန်တော်မထင်တဲ့ကလေးက စာမေးပွဲအောင်သွားလို့ အရမ်းဝမ်းသာတာ။ ဈေးထဲကိုရောက်တော့ ဥမ္မာက ကျွန်တော့်ကို ဖန်စီ လက်ကောက်လေးတွေ၊ လက်စွပ်လေးတွေ ရောင်းတဲ့ဆိုင်ကို ခေါ်သွားတယ်။
“ဟဲ့ ဥမ္မာ ကောင်းတာလေးဝယ်ပါကွယ်။ ကွန်ပါဘူးတို့ ဘာတို့ပေါ့”
“ဟင့်အင်း သမီး ဒီလက်ကောက်လေးတွေ လိုချင်လို့”
သူပြောတဲ့ ကော်လက်ကောက်လေးတွေက ဘာမှ ဈေးမရှိပါဘူး။ တကယ်တော့ သူ ကျွန်တော့်ကို ညှာတာပါ။ သူ့ဆရာ ပိုက်ဆံကုန်မှာကြောက်လို့ သုံးကျပ်ဖိုးလောက်ပဲ လက်ကောက်လေးတွေ ဝယ်ခိုင်းပြီး ဝတ်ပြကာ ပျော်နေတဲ့ ကလေးရဲ့မျက်နှာကိုကြည့်ပြီး ကျွန်တော် ပီတိဖြစ်ခဲ့ရတယ်။
ခု ကျွန်တော့်ရှေ့က မိန်းမကြီးက ကျွန်တော့်ကို ပီတိတွေနဲ့ ပြန်ကြည့်ပြီး
“ဆရာကြီး … ခု … ရန်ကုန်မှာဆို”
“အေး … သမီး”
“တစ်ခုခု သောက်မလားဆရာကြီး”
“နေပါကွယ် ဆရာက ဟိုးတုန်းက ဒီနေရာလေးမှာ သွားလာခဲ့တာတွေကို သတိရလို့ လာကြည့်တာ။ ဒါ သမီးဆိုင်လား”
“ဟုတ်တယ်ဆရာကြီးရဲ့ … သမီးအထည်ဆိုင်”
“ကောင်းတယ် … သားသမီးတွေရော ရနေပြီလား”
“သားကြီးက ဆရာဝန်ဖြစ်နေပြီ။ သမီးက ကွန်ပျူတာတက္ကသိုလ်မှာ တက်နေတယ်”
“သမီး ဘယ်လောက်အထိ ကျောင်းတက်ခဲ့သလဲ”
“သမီး ဘွဲ့တစ်ခုတော့ ယူခဲ့ပါတယ်ဆရာကြီးရာ”
“အေးကွာ ကြားရတာ ဝမ်းသာလိုက်တာ”
“ဆိုင်ပေါ်မှာ ထိုင်နေတာ သမီး အမျိုးသားပေါ့”
“အေး … အေး”
“ဆရာကြီး”
“ဘာလဲဟ”
“သမီး ဘွဲ့ရခဲ့တယ်လေ”
“အဲဒီတော့”
“ဆရာကြီး သမီးကို တစ်ခုခုနဲ့ ဂုဏ်ပြုရဦးမယ်”
“နေဦး သမီးကို ဆရာ ကတိပေးခဲ့ဖူးလား”
“မပေးတော့ မပေးဘူးပေါ့။ ဒါပေမဲ့ ဆရာကြီး ဝယ်ပေးတဲ့ လက်ဆောင် လိုချင်လို့”
“အေး … ဝယ်ပေးမယ် … ဘာလိုချင်သလဲပြော”
“လာပါဆရာကြီး … သမီး ဆရာကြီးကို ပြစရာရှိတယ်”
ဥမ္မာက ကျွန်တော့်ကို လက်ဆွဲပြီး တစ်နေရာ ခေါ်သွားတယ်။ သူခေါ်သွားတဲ့ဆိုင်က ဖန်စီ ပစ္စည်းတွေ ရောင်းတဲ့ဆိုင်။
“ဆရာကြီး … ဒီဆိုင်ကို မှတ်မိလား။ ဆရာကြီး သမီးကို လေးတန်းအောင်တုန်းက လက်ကောက် ဝယ်ပေးတဲ့ဆိုင်ပဲ။ ခုထိရှိသေးတယ်”
“အေးဟာ … ကောင်းလိုက်တာ။ ပြောသမီး ခုရော သမီးဘာလိုချင်သလဲ”
“သမီးကို လက်ကောက်ဝယ်ပေးဦး”
“ဝယ်လေသမီး … ဝယ် … ဝယ်”
ဥမ္မာက လက်ကောက်လေးတွေကို ဝတ်ကြည့်ပြီး
“ဘယ်လောက်ကျသလဲ ကြီးမေ” တဲ့။
ဆိုင်ရှင် အမျိုးသမီးကြီးက ပြုံးလိုက်ပြီး ၃၀၀ ပဲပေးပါတဲ့။ ကျွန်တော်က အိတ်ထဲက ပိုက်ဆံကိုထုတ်ပေးလိုက် တယ်။
photob:facebok