မနက်ဖြန်ကိုရှာဖွေခြင်း
ယနေ့ မိုးရောလေပါကျသည်။ ထို့ကြောင့်မီးလိုင်းတွေပြတ်သွားသည်။
မီးပြန်လာရန် အကြောင်းမရှိ။ လမ်းထိပ်က ဓာတ်တိုင်ကြီး လဲနေသည်။ အိမ်တွင်လည်း ဖယောင်းတိုင်မရှိ။ အရေးကလည်း ကြီးနေသည်။ မနက်ဖြန် သတင်း စာတိုက်ကို ပေးရမည့် ဆောင်းပါးတစ်စောင်ကို ရေးနေရသည်။ မနက်ဖြန်မပြီးလျှင် မနက်ဖြန်အတွက် နေ့လယ်စာမရှိဖြစ်သွားမည်။
အိမ်ထဲတွင် ပိုက်ဆံလိုက်ရှာသည်။ လိုလိုမယ်မယ် ဆောင်ထားသည့် ကျပ်ပြားစေ့လေးတစ်စေ့ကို ဘုရားစင် ညောင်ရေအိုးအောက်က ထုတ်ပြီး ဈေးဆိုင်ကို ထွက်ခဲ့သည်။ လမ်းထိပ်က ဈေးဆိုင်က ပိတ်သွားပြီ။
နောက်ဈေးဆိုင်က နောက်ထပ် ၁၅ မိနစ်လောက် လမ်းလျှောက်မှ ရောက်မည့် နေရာတွင် ရှိနေသည်။ ဘာဖြစ်ဖြစ် ဖယောင်းတိုင်က အရေးကြီးသည်။ လျှောက်ရတော့မည်။
လမ်းလျှောက်ရင်း ချွေးတွေပြန်လာသည်။ ဆိုင်ကပိတ်တော့မည်။ တော်သေးသည်
“ဖယောင်းတိုင် တစ်တိုင် ဘယ်လောက်လဲ”
“တစ်မတ်”
“နှစ်တိုင်ပေးပါ”
သူက ကျပ်ပြားစေ့ကို ပေးလိုက်သည်။ ဆိုင်ရှင်က ဖယောင်းတိုင် နှစ်တိုင်နှင့်အတူ ငါးမူးစေ့ တစ်စေ့ ပြန်အမ်းသည်။
ငါးမူးစေ့လေးကို ပျောက်မှာ စိုးရိမ်သဖြင့် အိတ်ထဲသေသေချာချာထည့်ပြီး အိမ်ကို ပြန်ရောက်အောက် လျှောက်လာရသည်။
အိမ်ရောက်သည့်အခါတွင် ဖယောင်းတိုင်ကိုထွန်းပြီး စာရေးခုံနားချလိုက်သည်။ အိတ်ထဲက ငါးမူးစေ့ကိုထုတ်ပြီး ဘုရားစင်ပေါ်ကိုပြန်ထားလိုက်စဉ် ငါးမူးစေ့က လက်ထဲမှ လွတ်ကျပြီး ကြမ်းပေါက်ကတစ်ဆင့် အိမ်အောက်ကို ကျသွားသည်။
“ဟာ”
သူ့အတွက်က ယခုအချိန်သည် ငါးမူးလည်း အရေးကြီးသည်။
အိမ်အောက်ကို ဖယောင်းတိုင်ယူပြီး ဆင်းသွားသည်။ ခေါင်းငုံ့ကာ ဝင်စဉ် ခေါင်းနှင့်ဆင့်တိုက်မိပြီး ခေါင်းဖုသွား သည်။ ပိုက်ဆံကျနိုင်မည်ထင်သည့် နေရာတွေကို ရှာသည်။ မတွေ့။ အမှိုက်တွေကိုလက်နှင့်ဖယ်ပြီး ရှာသည်။ မတွေ့။ ဖယောင်းတိုင် တစ်တိုင်ကုန်သွားသည်မတွေ့။
နောက်တစ်တိုင်ကို အိမ်ပေါ်တက်ယူသည်။ ပိုက်ဆံငါးမူးကို ထပ်ရှာသည်။ လေကတိုက်နေသဖြင့် ဖယောင်းတိုင်က အကုန်မြန်နေသည်။ ကြွက်တွင်းတွေထဲကြည့်သည်၊ မြေကြီးအက်ကြောင်းတွေကြားရှာသည်။ ဘယ်မှာမှမတွေ့။ ဖယောင်းတိုင် နောက်တစ်တိုင် ကုန်သွားသည်။
သူစိတ်မောစွာ အိမ်ပေါ်ကို ပြန်တက်လာသည်။ ဖယောင်းတိုင်လည်း တစ်တိုင်မှ မရှိတော့။ ပိုက်ဆံလည်း မတွေ့။ ဆိုင်ကလည်းပိတ်ပြီ။
သူက ပက်လက်ကုလားထိုင်တွင် ထိုင်ချလိုက်ပြီး စိတ်မောစွာဖြင့် သက်ပြင်းအခါခါချနေမိသည်။
စိတ်တည်ငြိမ်သွားမှာ ပြန်စဉ်းစားကြည့်သည်
“ဟာ တုံးလိုက်တဲ့ငါ”
သူက သူ့ကိုယ်သူ ပြောလိုက်ခြင်းဖြစ်သည်။ ပိုက်ဆံငါးမူးက အရေးကြီးသလား၊ စာကအရေးကြီးသလား။ အကယ်၍ ပိုက်ဆံငါးမူးကို မနက်မှာရှာမည်ဆိုပြီး စာဆက်ရေးလိုက်လျှင် မနက်ဖြန် စာမူခရပြီး စားဖို့ ပြေလည်သွားမည်။
သို့သော် သူက မနက်ဖြန်အတွက် ဖယောင်းတိုင် ဝယ်လာသော်လည်း မနက်ဖြန်ကိုထည့်မတွက်။ လတ်တလော ပျောက်သွားသည့် ငါးမူးက သူ့အတွက် အရေးကြီးသွားသည်။
ပျောက်သွားသည့် ငါးမူးကိုရှာရင်း ငါးမူးဖိုးဝယ်လာသည့် ဖယောင်းတိုင်တွေလည်း လေထဲပျောက်သွားရသည်။
ဘဝကဤသို့နှယ်တည်း
ပျောက်တာကိုရှာပြီး မထင်မှတ်တာတွေထပ်ပျောက်နေရသည်။
ရှာရင်း ရှာရင်း ထပ်ပျောက်နေကြသည်။
ဤသို့ဖြင့် အရေးကြီးတာတွေ မလုပ်မိတော့။
(တစ်ခေတ်က မတ်စေ့၊ ငါးမူးစေ့၊ ကျပ်စေ့သုံးပါသည်။ ယခုခေတ်ကလေးတွေ နားလည်အံ့မထင်)
တင်ညွန့်
photo : facebook