မနေ့က ဖျားချင်ချင် ဖြစ်နေမှုက ဒီနေ့မှာတော့ တပ်ပြန်ဆုတ်သွားခဲ့၏။ သက်သာပြီ ဆိုပေမယ့် လုံးဝ အရှင်းတော့ မသက်သာ သေးပေ။ ပို မဖျား သွားတာပဲ ကျေးဇူး တင်ရမည်။ မနေ့က ဖျားနေပေမယ့် Futsal က ကန်ရသေး၏။ နားလို့ကလည်း မရနေဘူးကိုး။ ပုံမှန် ကန်နေကြလိုဆိုရင် နားလို့ရ၏။ ခုက အသင်း ၇ နှစ်ပြည့် အနေနဲ့ ပြိုင်ပွဲ ကျင်းပနေခြင်း ဖြစ်သည်မို့ ကန်မှကို ရမည် ဖြစ်၏။ မကန်ရင် ကိုယ့်အသင်း အတွက်၊ ကိုယ့် အသင်းဖော်တွေ အတွက် အားလျော့စရာတွေ ဖြစ်သွားနိုင်၏။ Team C အနေနဲ့ ရှေ့တပွဲက ရှုံးထားတော့ ယခု တပွဲက အရေးကြီးလှ၏။
ဖျားနေတော့ စွမ်းဆောင်ရည်က အပြည့် မရပေ။ စိတ်က ရှိနေပေမယ့် လူက မလိုက်လုပ်နိုင် ဖြစ်နေ၏။ အရေးကြီးသည့်ပွဲမှ လူကလည်း ဖျားနေရတယ်လို့ ဆိုပြီး ကိုယ့်ကိုလည်း မကျေမနပ် ဖြစ်နေခဲ့၏။ အသင်းဖော် အချင်းချင်း မဲနှိုက် လူခွဲ ကစားသည်မို့ အကြောင်းသိတွေဆိုတော့ ကစားရ ခက်သလို၊ ကစားရလည်း လွယ်၏။ ဘာပဲ ပြောပြော ဖျားနေတော့ ကျနော့်အသင်း အတွက် အားလျော့ နေပြီ မဟုတ်လား။
တကယ်လည်း ကန်ရော ထင်သည့် အတိုင်းပင်။ ရှုံးပါ၏။ စိတ်က စောင်နေပေမယ့် လူက မလိုက်နိုင်တော့ ဘာမှကို လုပ်မရပေ။ ဘာပဲ ပြောပြော အကောင်းဆုံးတော့ ကြိုးစားခဲ့သည်မို့ အကောင်းဆုံး ရလဒ် မထွက်ခဲ့ရင်တောင် ကျေနပ်စရာ၊ လက်ခံ စရာပင်။ ဗိုလ်လုပွဲ မရောက်ခဲ့ရင်တောင် တတိယလုပွဲတော့ ကစားခွင့် ရပေဦးမည်။ တတိယတော့ ရမှကို ဖြစ်ပေလိမ့်မည်။ မနှစ်ကလည်း ကျနော် ပါဝင်သည့် အသင်းက တတိယရခဲ့သည်မို့ ဒီနှစ်မှာလည်း ထိုထက်တော့ လျော့လို့ မဖြစ်ပေ။
မနေ့က ဦးစု ငန်းဆေးနဲ့ အရက် ရောပြီး သောက်လိုက်တော့ ဒီနေ့ နည်းနည်း သက်သာ သလို ရှိ၏။ Futsal ကန်ပြီးနောက် ပိုမို ညောင်းကိုက် လာသဖြင့် ပိုများ ဖျားသွားပြီလားလို့ ထင်မှတ်ခဲ့ပေမယ့် အနှီ ငန်းဆေး ကျေးဇူးကြောင့် သက်သာ သွားခဲ့တာကိုတော့ ကျေးဇူးတင်ရပေလိမ့်မည်။ ဘာပဲ ပြောပြော စနေနေ့မှာ အုပ်စု နောက်ဆုံးပွဲက ရှိနေသေးသည် မဟုတ်လား။ ထိုပွဲ အတွက် အားမွေးလို့ ရသွားခဲ့လေ၏။