ကိုယ့်မြို့ အကြောင်း ကိုယ် အသိဆုံး

in HIVE-MYANMAR6 days ago

လျှပ်စစ်မီးက ယခင်ထက် ပိုပြီး ပျက်လို့လာ၏။ ဒီရက်ပိုင်းမှာ ပိုပျက်၏။ ပွဲတော်ကြောင့် ထင်ပါရဲ့။ စကစ အနေနဲ့ ဇွတ်ကျင်းပသည့် တန်ဆောင်တိုင် ပွဲတော်က ယခင်နှစ်ထက် စာရင် နည်းနည်း ပိုစည်သည်ဟု ပြောလို့ရ၏။ မြို့ခံ အများစုကတော့ သွားမလည်ကြပေ။ နယ်ခံ မဟုတ်သူများ အလည်များ၏။ ငါတို့ ပွဲတော် စစ်စစ် ပြန်ဖြစ်မှပဲ ပွဲလည်မယ်ဟု ဆုံးဖြတ်ထားသူတွေက အများကြီး။ ကျနော် အပါအဝင် ကျနော့် သူငယ်ချင်း ကျနော့် အသိတွေ အားလုံး ထိုသို့ ဆုံးဖြတ်ထားကြ၏။ မတိုင်ပင်ထားကြပါပဲ တညီတညာထဲ အတွေးတူနေကြ၏။ ဘဝမှာ အပေါင်းအသင်း မမှားခဲ့တာကလည်း ဂုဏ်ယူစရာပင်။

ကျနော်တို့ မြို့မှာ အကြောင်းအမျိုးမျိုးကြောင့် ရှောင်တိမ်းလာသူတွေ များ၏။ စစ်ဖြစ်နေတာက တမြို့ တနေရာထဲမှ မဟုတ်ဘဲ။ ပွဲတော်တွင်း လမ်းပိတ်၊ လမ်းကြပ်တာက ယခင်ကတည်းက ဖြစ်နေကြ။ ခုကား ပွဲတော် မတိုင်မီ ကပင် လမ်းတွေ ကြပ်၊ ပိတ်လို့ နေပြီ ဖြစ်၏။ လူများ ကားများ လာတော့ လမ်းတွေလည်း ပိတ်ပြီပေါ့။ လမ်း အနေအထား သိနေသည့် ကျနော်တို့လို မြို့ခံတွေတောင် သွားရ လာရတာ အခက်ကြုံတတ်သေး၏။ ဒါကလည်း ခဏ မလား၊ မကြာမီတော့ အဆင်ပြေသွား ပေလိမ့်မည်။ အဆင်ပြေလည်း အတူတူ အဆင်မပြေလည်း အတူတူပေါ့။ ကျနော်တို့မှာ ကျနော်တို့ပဲ ရှိသည်။

မြို့ကလေးက တမြို့စာမက ထမ်းထားရ၏။ ဝန်နဲ့ အားနဲ့ မမျှပေ။ ဒါပေမယ့် မငြီးငြူပေ။ ရအောင် ထမ်းထား၏။ သို့ပေမယ့် ချီးကျူးခံရတာထက် ကဲ့ရဲ့ခံရတာသာ ပိုပြီးရခဲ့၏။ မြို့နေသူတွေ၏ စိတ်သဘောထား မပါသည့် ပွဲတော်ဆိုသည့် အရာကို ဇွတ်ကျင်းပ၏။ ပြစ်တင် ပြောဆိုချင်သူတွေ အတွက် ပိုလို့ပင် ပြောချင်စရာ ဖြစ်သွား၏။ ဒီနှစ်က ယခင်နှစ်ထက် လည်ပတ်သူလည်း များ၏။ များဆို ရှောင်နေရသူတွေကော၊ အဝေးက လာရောက် လည်ပတ်သူတွေနဲ့ကော ဆိုတော့ များပြီပေါ့လေ။

ထုံးစံအတိုင်း မြို့နဲ့ချီပြီး အပြောခံ၊ အဆဲခံကြရပြန်ရော။ ပွဲတော်တွင်း ဟိုတယ်၊ တည်းခိုခန်းတွေမှာ အပြည့်။ ကြိုတင် booking တွေတောင် ရက်ကပ်ရင် မရတော့ပေ။ ထိုမျှကို လာရောက် လည်ပတ်ကြသူ များ၏။ များသည် ဆိုပေမယ့် ခေတ်ကောင်းစဉ်က လူစည်မှုမျိုး၊ ပျော်ရွှင်မှုမျိုးတော့ မကြုံ၊ မခံစားရပေ။

ပွဲ မလည် ဖြစ်ပေမယ့် YouTube ကြည့်ချိန် ပွဲလာနေချိန်နဲ့ တိုက်သွားရင် ခဏတဖြုတ်ဝော့ ကြည့်မိ၏။ သံယောဇဉ်ကိုး။ ပွဲကို YouTube မှာ live လွှင့်၏။ စည်တယ် များတယ် လို့သာ ပြောတာ ကျနော့် အမြင်မှာတော့ ခြောက်ကပ်ကပ်နဲ့ရယ်။ ယခုနှစ်မှာလည်း နာမည်ကြီး မီးအဖွဲ့တွေ ဝင်ရောက်ယှဉ်ပြိုင်ကြတာမျိုး မတွေ့ရသေးပေ။ ဝမ်းသာ ဂုဏ်ယူ စရာပင်။ ဒါကို အပေါ်ယံလောက်သာ သိသူတွေက ဝေဖန် ပြစ်တင်ပြောဆိုနေကြလေ၏။ ကိုယ်တွေ မြို့အကြောင်း ကိုယ်တွေသာ အသိဆုံး ဖြစ်လေ၏။

Sort:  

ကိုယ့်မြို့ ကိုယ်သိ ဟုတ်တာပေါ့။
!PIZZA
!MEME

ခုက တမြို့လုံး သိမ်းကျုံး အဆဲခံနေရတာ ဦးထွေးရေ။

PIZZA!

$PIZZA slices delivered:
@htwegyi(1/10) tipped @donjaun