ငလျင်

in HIVE-MYANMAR10 days ago

28 ရက် နေ့လည်က ငလျင်လှုပ်၏။ လှုပ်တာမှ တော်တော်ကြာကြာကို လှုပ်၏။ ကျနော့် တသက်မှာ ယခုလို အချိန်ကြာကြာနဲ့ လှုပ်သည့် ငလျင်မျိုး တခါမှ မကြုံဖူးပေ။ ကျနော်မှရယ် မဟုတ် အမေတို့လည်း မကြုံဖူးသေးကြောင်း ပြောကြလေ၏။ မနေ့က ငလျင် လှုပ်ချိန်မှာ အမေနဲ့ သူ့မြေး နှစ်ယောက်က မီးဖိုခန်းထဲမှာ ဖြစ်၏။ ကလေးတွေ ထမင်းစားဖို့ အမေက ဟင်းထည့်နေပေး၏။ ကျနော်က အိမ်ပြင်မှာ အဝတ်လှမ်းနေခဲ့၏။ အိမ်၏ ပြတင်းပေါက်နှင့် ခေါင်မိုးထံမှ အသံတွေကြားရပြီး မြေကြီးက အနည်းငယ် ယိမ်းထိုးနေသလို ခံစားလိုက်မိ၏။ ငလျင်လှုပ် ပြီဆိုတာ သိလိုက်၏။

ခဏပဲ ထင်ထားပေမယ့် အတန်ငယ် ကြာလာတာရယ် ပြီး အားလည်း ပြင်းပုံရသဖြင့် အမေနဲ့ ကလေးတွေကို အိမ်ပြင် သို့ ခေါ်ထုတ်ရလေတော့၏။ တအောင့်လောက်နေမှ ငလျင်လည်း အလှုပ် ရပ်သွား၏။ ကလေးတွေနဲ့ အမေလည်း မီးဖိုခန်းထဲ ပြန်ဝင်ကြပေါ့။ သူတို့ ပြန်ဝင်ပြီး မကြာပါဘူး ငလျင် ထပ်လှုပ် ပြန်၏။ ဒီတကြိမ်မှာတော့ ပထမတကြိမ်လောက် မကြာပေ။ ကလေးတွေ ထပ်မံ ပြေးထွက်လာကြ၏။ အမေက ထိုအချိန် သန့်စင်ခန်းထဲမှာ။ အဆင်တော့ ပြေသည် ဆို၏။ ထိုသို့ နှစ်ကြိမ်လောက် သိသိသာသာ လှုပ်ပြီးနောက် ငလျင် ငြိမ်သွား၏။

ညဦးပိုင်းနဲ့ ညဘက်တွေမှာ နည်းနည်း လှုပ်သေးသည်ဆို၏။ သတိမထားမိလိုက်ပေ။ ပြင်းအားလည်း နည်းသွားပြီကိုး။ Major အဆင့် ငလျင် လှုပ်ပြီးရင် minor အဆင့် ကလျင်သေးသေးလေးတွေ ထပ်လာတတ်သေးသည် ဆို၏။ နေ့ခင်းက လှုပ်သည့် ငလျင်က ပြင်းအား 7.7 အဆင့် ရှိသည် ဆို၏။ အားပြင်းသည့် ငလျင် အမျိုးအစား ဖြစ်၏။

ငလျင် လှုပ်ပြီးနောက် အမတွေကလည်း phone တွေ လှမ်းဆက်မေးကြ၏။ အမေနဲ့ ကလေးတွေ အဆင်ပြေလားပေါ့။ Phone လိုင်းတွေက သိပ်မကောင်း သူတို့နဲ့ ပြောနေရင်းက ဒုတိယအကြိမ် ထပ်လှုပ်ခြင်း ဖြစ်၏။ အခြေအနေတွေ ငြိမ်သွားပြီးနောက် Online ပေါ် တက်ကြည့်မိတော့ စိတ်မကောင်းစရာတွေနဲ့ ကြုံရလေတော့၏။

စစ်ကိုင်း ပြတ်ရွေ့ကြော ကြောင့် ငလျင်လှုပ်သည် ဆို၏။ အဆိုပါ ပြတ်ရွေ့ကြောက နှစ်တရာအတွင်း သိသိသာသာ လှုပ်တာမျိုး ဖြစ်လေ့ ရှိသည် ဆို၏။ ထို့ကြောင့် ကျနော့်အမေလည်း သူ့တသက်မှာ မကြုံဖူးဘူးဟု ဆိုခြင်း ဖြစ်၏။ ခု အမေ့ အသက်က 75 နား နီးပြီမို့ နှစ်တရာအတွင်း ငလျင်ထပ်လှုပ်တာနဲ့ ကြုံဆုံရခြင်း ဖြစ်၏။

မန္တလေးနဲ့ စစ်ကိုင်းကြား၊ တချို့ သတင်းတွေကတော့ မန္တလေး ချမ်းအေးသာစံနား ဗဟိုပြုပြီး လှုပ်သည် ဆို၏။ မန္တလေး၊ စစ်ကိုင်း၊ အင်းဝ ဘက်တွေ တော်တော် ခံရနိုင်၏။ စစ်ကိုင်း တံတား အဟောင်း ကျိုးသွား၏။ အသစ်ကတော့ ဘာမှ မဖြစ်။ အဟောင်းက သွားလာခွင့် ပိတ်ထားပြီးပြီဟု ဆိုကြ၏။ တော်သေး၏။ ငလျင် ဗဟိုချက်နဲ့ နီးသည့် နေရာတွေမှာ မြေအက်ကွဲကြောင်းတွေ ဖြစ်ပေါ်ကုန်၏။

မန္တလေး နန်းမြို့ရိုး အချို့နေရာတွေ ပြို၏။ နန်းမတော် မယ်နု အုတ်ကျောင်းပြို၏။ ဘုရားကြီး မုဂ်ဦး ပြို၏။ မစိုးရိမ် စာသင်တိုက်ဝန်းထဲက အဆောက်အဦး ပြို၏။ မန္တလေး မြို့ပေါ်က အချို့ အဆောက်အဦးတွေ ပြို၏။ အောင်ပန်းမှာ ဟိုတယ်အောင်ပန်း ပြို၏။ အင်းလေးဖောင်တော်ဦး ဘုရားမှာလည်း ထိခိုက် ပျက်စီးမှုတွေ ရှိ၏။ ပျက်စီးမှုတွေအကြောင်း ရေးနေရင် ကုန်မည် မထင်ပေ။ ပြည်တွင်း မပြောနဲ့ ပြည်ပမှာလည်း အပျက်အစီးတွေ ရှိ၏။ ထိုင်းမှာ ဆောက်လက်စတိုက် ပြိုကြ၏။ ထုံးစံအတိုင်း မြန်မာ အလုပ်သမားတွေ အများကြီး ပါသွားနိုင်၏။ နောက်ဆက်တွဲ သတင်းဘာမှ ထပ်မသိရသေးပေ။ အထိမခိုက် အပျက်အစီး၊ သေဆုံးမှုတွေ နည်းပါစေလို့ပဲ ဆုတောင်း နေမိ၏။

ရွှေမြန်မာတွေမှာလည်း ဒုက္ခ။ ဘေးအပေါင်းနဲ့ ကြုံဆုံနေရတာ။ တပူပေါ် တပူမကဘဲ နှစ်ပူ သုံးပူတွေပါ ဆင့်နေတော့၏။ ရွှေမြန်မာအစား၊ ဘေးရန်တွေ ကြုံလွန်းလို့ ဘေးမြန်မာဟုပင် ပြောင်း၍ ခေါ်ရမလားပင် မသိတော့။ အေးချမ်းမည့်နေ့ရက်တွေက ကိုယ်တွေဆီကို မလာတော့ဘူးလား။ အရိပ်မလာခင် နေပူကစောင့်တဲ့၊ ကျနော်တို့ ဘယ်လောက်ထိများ နေပူခံနေရဦးမည်နည်း။

(photos from Travel Guide for you Facebook page)

Sort:  

ဘယ်လိုပင်ဖြစ်စေဦး ကြိုးစားရှင်သန်ရမှာပါပဲ။
!LUV
!MEME

(1/10) sent you LUV. | tools | discord | community | HiveWiki | <>< daily@donjaun, @golden.future

"The greatest love is the love you give away."

If you'd like to suggest a quote to be included in the LUVshares reply, go here.
Made with LUV by crrdlx

ဟုတ်ပါ့ဗျာ။
ကိုဟိန်းကော အဆင်ပြေရဲ့လားဗျ။
အစစ အရာရာ ဂရုစိုက်ပါဗျ။