"စျေးကြီးမှာပေါ့"
"စျေးများလိုက်တာ"
အနှီစကားက အမေ မကြာခဏ ပြောနေကြ စကား ဖြစ်၏။ သူ့ အတွက် တခုခု ဝယ်လာပေးတိုင်း ထိုစကားများကို ကျနော်တို့ ကြားရ၏။ အဝတ်အစားနှင့် အခြား အသုံးအဆောင် ပစ္စည်းတွေမှ မဟုတ် စားစရာ ဝယ်လာပေးလျှင် ထိုသို့ ပြောတတ်၏။ ခေါက်ဆွဲကြော်၊ ကြေးအိုး၊ ဟမ်ဘာဂါ၊ ပီဇာ၊ ကြက်ကြော် အစရှိသဖြင့်ပေါ့။ သူ တွေးထင်ထားသည့် စျေးထက် ပိုသွားလျှင် ထိုစကားတွေ အမေ ရွတ်တော့၏။ အမေ့ ပိုက်ဆံနှင့် ဝယ်တာ မဟုတ်ဘူးလေ အမေရဲ့ ဆိုလည်း မရပေ။
အရင်ကတော့ အမေဘာလို့ အဲ့လို ပြောပြောနေတာလည်း နားမလည်ပေ။ သားသမီးတွေက စားစေချင်လို့ ဝယ်လာပေးသည် မဟုတ်လား။
"အယ် အမေ ဒါလေး မစားရတာ ကြာလို့ စားချင်နေတာ၊ အတော်ပဲ၊ စားမယ်ဟေ့၊ အိုး... ကောင်းတယ်ဟေ့"
ထိုသို့လေးများ ပြောလျှင် မည်မျှ ကောင်းမည်နည်း။ သို့သော် အတွေး သက်သက်သာ။ ကျနော် မှတ်မိသလောက် အမေ့ထံက ငါ ဒါ စားချင်နေတာ အတော်ပဲ ဆိုသည့် စကားမျိုး (၅) ကြိမ်ထပ် ပို မကြားဖူးသေးပေ။
အမေ့ အသက် (၇၁) နှစ် ရှိပြီ ဖြစ်၏။ အမေ့ ငယ်ဘဝက သိပ်တော့ မလှပေ။ အမေ့ ငယ်ဘဝ အကြောင်း ပြောရလျှင် realism ဝတ္ထု ကောင်းကောင်း တပုဒ် ဖြစ်နိုင်၏။ မျက်ရည် ကျလောက်ထိ မဟုတ်တောင် စုတ်တသပ်သပ် ဖြစ်စေ နိုင်၏။ စိတ်လိုလက်ရ ရှိချိန်မျိုးဆို သူ ငယ်ငယ်က အကြောင်းတွေ အမေ ပြန်ပြောလေ့ ရှိ၏။ ဘယ်နှယ် ကြိမ် ပြန်နားထောင်ထောင်၊ နားထောင်တိုင်း ကျနော့်မှာ ဘယ်လိုကြီး ခံစားရမှန်းကို မသိပေ။
အမေ့ အသက် (၁၀) နှစ် ပြည့်လု ပြည့်ခင်မှာ အမေ့ အဖေနှင့် အမေ (ကျနော့် အဘိုးအဘွား) ကွဲကြ၏။ ကိုယ်စီ နောက်အိမ်ထောင် ပြုကြ၏။ အမေတို့ မောင်နှမ နှစ်ယောက် (အမေနှင့် ကျနော့် ဦးလေး) ဘယ်သူ့ဖက် လိုက်နေရမယ် မသိ။ ဟိုဘက်လိုလို ဒီဘက်လိုလိုနှင့် နောက်တော့ အဖေဖက် ပါသွား၏။ သိသည့်အတိုင်း အဆင်မပြေပေ။ နောက်ဆုံး ဖွားအေကြီး (ကျနော့် အဖွား၏ အမေ) က အမေတို့ မောင်နှမ နှစ်ယောက်ကို ခေါ်၏။ သို့သော် အမေ့ မောင် မလိုက်သဖြင့် အမေ တယောက်သာ ဖွားအေကြီး ထံ ရောက်သွား၏။ အမေ့မောင် ကျနော့် ဦးလေးကတော့ ဘယ်လောက် ပင်ပန်း ပင်ပန်း အဖေနားမှာပဲ နေမည်ဆိုပြီး ကျန်ခဲ့၏။
ဒါပေမယ့် ဖွားအေကြီးထံ ရောက်သွားသည့် အမေကော၊ အဖေ့ထံ ကျန်ခဲ့သည့် ဦးလေးကော အဆင်မပြေမြဲ ခက်ခဲမြဲပင်။ အမေသည် ကျောင်းနေ အရွယ် ဖြစ်နေပေမယ့် စာမသင်ရပေ။ ဖွားအေကြီးက ကျောင်းမထားပေးနိုင်လို့ မဟုတ်။ မိန်းခလေး တဦးအနေဖြင့် သေစာ ရှင်စာတတ် တော်ပြီ၊ လင်ကောင်းသားကောင်းရရင် ဘဝရှေ့ရေး အဆင်ပြေပြီတဲ့လေ။
ဖွားအေကြီး အကြောင်း အမေ ပြောတိုင်း ကျနော် လူ ဖြစ်နောက်ကျတာ ဖွားအေကြီး ကံကောင်းသွားတယ် အမေ နို့မို့ ကျနော် နဲ့ ဖွားအေကြီး တွေ့ပြီပဲ။ ကျနော်က အငယ်ဆုံး သား ဖြစ်၏။ အမှန်တော့ ဖွားအေကြီး မှ မဟုတ် အဖွားကိုလည်း ကျနော် ကောင်းကောင်း မမြင် မမှတ်မိလိုက်ရပေ။ ကျနော် လူမှန်း သိစအရွယ် မရောက်မီမှာပင် အဖွားက ဆုံးနှင့်ပြီ ဖြစ်၏။
လိုအပ်သည်ထက် ပို၍ ရှေးရိုးစွဲ ဆန်လွန်းလှသော ဖွားအေကြီး နှင့် နေရသည်မှ မလွယ်လှပေ။ ဘေး ပတ်ဝန်းကျင်က ဝိုင်းပြောကြလွန်းလို့သာ အမေ ကျောင်းနေရ၏။ ဒါတောင် (၈) တန်း အထိသာ။ (၈) တန်းပြီး ကျောင်းထွက် လိုက်ရ၏။ ဖွားအေကြီး တို့က ဆက်မထားပေးတော့ပေ။ အသက် (၂၀) လောက်မှာ အမေ အိမ်ထောင်ကျ၏။ အမှန် တော့ အိမ်ထောင်ကျခြင်း မဟုတ်ဘဲ ချပေးခြင်း ဖြစ်၏။ ရှေးရိုးစွဲ တွေမလား။
အဖေက ကုန်ကားကြီးတွေ မောင်း၏။ တခါသား ကုန်ပို့ရင်း ပုံမှန် ကြာချိန်တွေထက် အဖေ ပိုကြာသွား၏။ ကုန်ပို့ရင်း တန်းလန်း ဆေးရုံ တက်လိုက်ရ၏။ အစာအိမ်ကြောင့် ဗိုက်ခွဲ ရ၏။ အမေ့ကို မဆက်သွယ်နိုင်ပေ။ ထိုစဥ်က ဆက်သွယ်ရေး စနစ်ကလည်း ယခုလို မဟုတ်သေးဘူး မလား။ အမေ့မှာ ကလေး (၃) ယောက်နှင့် မောရပြန်၏။ (ကျနော်တို့ မွေးချင်း (၅) ယောက်ရှိ၏။ ထိုစဥ်က ကျနော် မမွေးသေးပေ။ ကျနော့် အထက်မှာ အကို (၂) ယောက်၊ အမ (၂) ယောက်ရှိ၏။ အကို (၂) ယောက်ကတော့ မရှိကြတော့ပေ) အဖေ့ထံမှ အဆက်အသွယ်ကလည်း မရ၊ ငွေကလည်း မလာ။ ရှိတာလေးတွေ နှင့်ပဲ အမေ့မှာ အတော်လေး ရုန်းကန် ခဲ့ရ၏။ (အမေ့ အကြောင်း အသေးစိတ် ပြောနေလျှင် ဝတ္ထုရှည် တပုဒ် ဖြစ်သွားနိုင်၏။ နောင်များမှ ရေးပါဦးမည်)
ဖြတ်သန်း ခဲ့ရသည့် အခြေအနေ ကြောင့် အမေ့မှာ ပုံမှန် ထက် ခြိုးခြံရမည် ဆိုသည့် အသိကြီးက သေရာပါ ဖြစ်သွားခဲ့၏။ ကိုယ့် အတွက် ကိုယ်ထက်၊ သားသမီး အတွက် မိသားစု အတွက် ပိုပြီး ကြည့်ရသည်သာ များခဲ့၏။ သူ့ အတွက် သူ့သူ ဝယ်တာမျိုး မတွေ့ရသလောက် အတော်ကို နည်းလှ၏။
အမေ့ သားသမီး ကျနော်တို့ထံမှာလည်း အမေ့လို အလေ့အကျင့်မျိုး ရှိသော်လည်း အမေ့လောက်ထိတော့ မဟုတ်ကြပြန်ပေ။ အမေက တဆိတ်ပိုလွန်းလှ၏။ ဒါကလည်း သူဖြတ်သန်းခဲ့ရသည့် ဘဝပုံစံကြောင့်ကိုး။ ဒါတွေကို နားလည်သွားပြီးနောက် အမေ့ထံက စျေးကြီးတယ် ဆိုသည့် စကား ကြားရလည်း ကျနော်တို့ မည်သို့မှ မနေတော့ပေ။
ထိုစကားမျိုးလည်း ခုနောက်ပိုင်း သိပ်မကြားရတော့ပေ။ ဘာလို့ဆို ကျနော်တို့က စျေးလျော့ ပြောကြ၊ စျေးပြင် ပြောကြ သည်ကိုး။ ဒူးခေါင်း နာသဖြင့် အမေ အပြင် သိပ် မသွားဖြစ်၊ စျေးမသုံး ဖြစ်တာ (၃) (၄) နှစ် မကတော့ပေ။ အမယ် ဒါတောင် တခုခုဆို အရင်က ဘယ်စျေး ထလုပ်နေသေးတာ။ ခေတ်မတူ ကုန်စျေးနှုန်း မတူတာကို အမေ မသိလေ သလော။
မည်သို့ပင်ဆိုစေ ကျနော်တို့၏ စျေးလျော့ ပြောသည့် နည်းလမ်းက အဆင်ပြေ၏။ ပစ္စည်း ပေါ် မူတည်၍ သူ လက်ခံနိုင်လောက်သည့် စျေးနှုန်း ကျနော်တို့ ဖန်တီးရ၏။ ဖန်လည်း ဖန်တီး နိုင်ခဲ့၏။ တခါတလေကျပြန်တော့ ဟုတ်လို့လား လုပ်တတ်သေး၏။ အဖေ မရှိတော့သည့်နောက် အမေ့ကို ပိုပြီး ဂရုစိုက်ရမည် မဟုတ်လား။
စျေး မကြီးပါဘူး
စျေး မများပါဘူး
အမေ့ မေတ္တာ တွေနဲ့ ယှဥ်ရင် ဒါတွေက ဘယ်စျေးမှ မရှိတော့ဘူး။ အမှန်တော့ အမေ့မေတ္တာတွေကသာ ကြီးတာပါ။ စားပါ၊ ဝတ်ပါ၊ သုံးပါ အမေ။ ဒါတွေက အမေ့ မေတ္တာ အတွက် မဆိုစလောက် လေး ကျနော်တို့ အတိုးသတ်နိုင်တာပါလေ။
ဆရာတို့မိသားစု ကျန်းမာရေးကောင်းမွန်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်ရှင့် ။
Thanks. You too. Take care.
မိဘ မေတ္တာ နဲ့ယှဥ်လို့ရတဲ့ အရာတော့မရှိသေးပါဘူး။ ဘယ်လိုဖြစ်ဖြစ် မိဘက မွေး ပြီး ကျွေးထားလို့ ဒီလို လူဖြစ်ရတာ။ ကျနော်လည်း အမေ့ကို ခဏခဏ ပြောဖြစ်တယ်။ တစ်ခုခု ဆို စျေးကြီးတယ်။ မကြိုက်ဖူးနဲ့ မကြိုက်ချင်ယောင်က ဆောင်သေးတာ။ အ့နဲ့ ဘာဖြစ်ဖူး အမေမွေးလို့ ဒီအရွယ်ရောက်လာတာ ဆိုပြီး ပြန်ပြောတာပဲ 😅😅 ကျနော့် မိဘတွေ ဘ၀ကလည်း အတူတူပါပဲဗျာ။ အညာဒေသ ဘက်က တောရွာမှာ တောင်သူ လယ်သမားပဲ။ သူတို့ ပညာမတက်ခဲ့ရလို့ဆိုပြီး ရှိတဲ့ သားတော်မောင် မြို့ပို့ပြီး ပညာတက်ကြီး ဖြစ်စေချင်ခဲ့တာ။ အခုတော့ အဖေ လည်း ကွယ်လွန်ဆုံးပါးသွားပါပြီ။ အမေပဲ ကျန်တော့တာ။
ဘဝတူတွေ ပေါ့ကွာ။
ဂရုစိုက်ပါ
အမေတွေက သားသမီးတွေ အပေါ်မှာ ပိုပြီး အနွံနာ ခံနိုင်တယ်လို့တော့ထင်တယ်။
အဲ့တာလည်း ဟုတ်တယ်
Yay! 🤗
Your content has been boosted with Ecency Points, by @donjaun.
Use Ecency daily to boost your growth on platform!
Support Ecency
Vote for Proposal
Delegate HP and earn more
အသက်ကြီးရွယ်သူတွေကို ဈေးလျှော့ပြောရတာ
ထုံးစံတစ်ခုလို ဖြစ်နေပါရော။
!PIZZA
@donjaun! I sent you a slice of $PIZZA on behalf of @htwegyi.
Learn more about $PIZZA Token at hive.pizza (3/10)
အမှန်ပဲ
ကိုဒွန်... ချဲ့ရေးမယ်ဆို အများကြီးရနိုင်ပါသေးတယ်။ ဖတ်ချင်စမ်းပါရဲ့။ !PIZZA
@donjaun! I sent you a slice of $PIZZA on behalf of @kachinhenry.
Learn more about $PIZZA Token at hive.pizza (12/20)
အလျဥ်းသင့်ရင် ထပ်ရေးပါဦးမယ်ဗျ။ ဒီကာလကြီးက စိတ်သာရှိပြီး မရေးနိုင် ဖြစ်ဖြစ်နေတာ။
ဟုတ်ပ ကိုဒွန်ရေ လူကြီးတွေကို ဘာပစ္စည်းဝယ်ပေးပေး ဈေးလျော့ပြေမှ တော်ကာကျမယ်။ မိဘမေတ္တာနဲ့တော့ ဘယ်ကုန်ပစ္စည်းနဲ့မှ နှိုင်းလို့မရဘူးပေါ့ဗျာ။
ဟုတ်ပ
လျော့ပြောမှ တော်ကာကြတယ်