သတိရစရာများ

in HIVE-MYANMAR11 hours ago

ဒီကြားရက်ထဲ ချန်ပီယံလိဂ် ပွဲစဉ်များ ကစား၏။ ခုထိတော့ တပွဲမှာ မကြည့်ဖြစ်သေးပေ။ အချိန်တွေကလည်း ညသန်းခေါင်ကျော်တွေကိုး။ မနက် ၁၂ နာရီခွဲ၊ မနက် ၂ နာရီခွဲတွေဆိုတော့ မကြည့်နိုင်တော့ပေ။ အိပ်ပြီးမှ ထကြည့်ရအောင်လည်း မဟုတ်၊ မအိပ်ဘဲ စောင့်ကြည့်ရအောင်ပြန်လည်း အဆင်မပြေပေ။ ကျနော့် အိပ်ရာဝင်ချိန်က မနက် ၁၂ သို့မဟုတ် ၁ နာရီဆိုတော့ ချန်ပီယံလိဂ် ပွဲစဉ်များနဲ့ ကျနော် ဝေးနေခဲ့တော့၏။ ပြီး ခု United က ချန်ပီယံလိဂ်မှ မကန်ရဘဲကိုး။ သူတို့က ယူရိုပါလိဂ်မှာ ကန်နေရ၏။

ဒါဖြင့် ယူရိုပါလိဂ် ပွဲတွေတော့ ကြည့်လား မေးက United ပွဲ အစောပွဲ ရှိရင်တော့ ကြည့်ဖြစ်၏။ ည ၁၁ နာရီခွဲတို့ ဘာတို့၊ တခါတလေ မနက် ၁၂ နာရီခွဲလည်း ကြည့်ဖြစ်၏။ မနက် ၂ နာရီပွဲတွေ ဆိုရင်တော့ မကြည့် ဖြစ်တော့ပေ။ အိပ်ရေးမဝရင် နောက်ရက်မှာ နေလို့ မကောင်းပေ။ မကြည်မလင်နဲ့ ခေါင်းနောက်၏။

ချန်ပီယံလိဂ်ပွဲတွေနဲ့ ပတ်သက်ရင် အမှတ်ရစရာတွေလည်း ရှိ၏။ ကောင်းသော အမှတ်တရတော့ မဟုတ်ပေ။ ဆယ်တန်းဖြေပြီးစ တက္ကသိုလ်တက်ဖို့ စောင့်နေတုန်း အရွယ်ကပေါ့။ စာအုပ်ဆိုင်မှာ အလုပ်ဝင်လုပ်နေချိန်။ ဆိုင်ရှင် အမ၏ မောင်က ဘောလုံးပွဲ အတော်ကြည့်၏။ အသင်းစွဲနှင့် အားပေးတာမျိုး မဟုတ်ပေ။ ဒီအတိုင်း လောင်းဖို့ ပြုဖို့သာ ကြည့်ခြင်း ဖြစ်၏။ ကျနော်က စကတည်းက ခုထိ United fan ဖြစ်၏။

ထိုစဉ်က စလောင်းရှိသည့် အိမ် သို့မဟုတ် ဘောလုံးပွဲပြသည့် နေရာတွေမှာ ဘောလုံးပွဲ သွားကြည့်ရလေ့ ရှိ၏။ လက်ဖက်ရည်ဆိုင်တွေမှာတောင် ဘောလုံးပွဲ မပြကြသေးပေ။ Skynet လည်း မပေါ်သေးဘူးကိုး။ ၈ ပေ စလောင်းကြီးတွေနဲ့ ဖမ်းယူ ကြည့်ရှုရ၏။ ဆိုင်ရှင်တို့ အိမ်မှာက စလောင်း ရှိ၏။ စလောင်းကိုမှ ၂ ခု။ TV ကလည်း ၂ လုံး။ ပွဲချိန်တွေ တိုက်နေရင် တပြိုင်နက်ထဲ ၂ ပွဲကြည့်လို့ရ၏။ ကျနော်ကတော့ မကြည့်တတ်၊ ဘယ်ပွဲကို အာရုံစိုက်လို့ စိုက်ရမယ်မှန်းကို မသိနဲ့ ဖြစ်လို့။ ပြီး အရသာလည်း မရှိဟု ခံစားရ၏။ သူကတော့ လောင်းတဲ့သူမို့ ဟိုပွဲ ရလဒ်၊ ဒီပွဲရလဒ်က အရေးကြီး၏။

ထိုစဉ်က Internet တွေလည်း မရှိသေးတော့ phone ဆက်၍သာ ပွဲလောင်းကြေး တင်ကြရ၏။ တပွဲလုံး တကြေး၊ ဒုတိယရောက်ရင် နောက်ထပ် တကြေး အစရှိသဖြင့် ကြေး အမျိုးမျိုးပေါ့။ ကျနော်ကတော့ ကောင်းကောင်း နာမည်ပေ။ ခုထိလည်း နားမလည်ပါ။ မလည်တာလည်း တမျိုးတော့ ကောင်းသား။ တော်နေကြာ လောင်းမိ၊ လောင်းချင်နေဦးမယ်။

ဆိုင်ရှင်အကိုက မလောင်းဘဲ ဘောလုံးပွဲ စိတ်ဝင်စားလွန်းသည့် ကျနော့်ကို အံ့ဩသည်ဟု ပြောလေ့ ရှိ၏။ တရက်သား ချန်ပီယံလိဂ် ပွဲတပွဲ ကြည့်ဖို့ ဖြစ်လာ၏။ Man United နဲ့ AC Milan တို့၏ ပွဲ ဖြစ်၏။ ထိုစဉ်က ဥရောပမှာ AC Milan က ကြီးစိုးနေချိန် ဖြစ်၏။ AC မှာ လူကောင်းတွေမှ အများကြီး။ ဆိုင်ရှင် အကိုကလည်း ခေါ်နေတာနဲ့ ညအိပ် ပြီးသွားကြည့် ဖြစ်၏။ အမေက မကြိုက်ပေ၊ နို့ပေမယ့် ဘာမှတော့ မပြော။

ရှုံးထွက် ပွဲစဉ် ဖြစ်၏။ United နှစ်ကျော့လုံး ရှုံး၏။ ကျနော် ကြည့် ဖြစ်တာ ပကျော့လား၊ ဒုကျော့လား မမှတ်မိတော့ပေ။ ဒါပေမယ့် မနက် အိမ်ပြန်တော့ အမေဆူခံရတာကို မှတ်မိ၏။ ကိုယ်အားပေးသည့် အသင်းကလည်း ရှုံးသည့်အပြင် အဆူကလည်းခံရနဲ့ ကျနော့် အတွက်တော့ မိအေး နှစ်ခါနာသည့် အဖြစ်ပင်။

(photo from Wikipedia)