We Got 3 Points

in HIVE-MYANMAR11 days ago

ဒီတပတ် EPL Round 23 မှာတော့ United တို့ အဝေးကွင်းမှာ Fulham ကို နောက်ခံလူ Martinez ၏ တလုံးထဲသော သွင်းဂိုးဖြင့် အနိုင်ရသွားခဲ့၏။ နိုင်သာ နိုင်တယ် ကစားပုံက ခုထိ မဟုတ်နေသေးပေ။ နည်းပြ Amorim ကစားချေသည့် ကစားကွက် ပုံစံအတိုင်း အသင်းသားတွေ ကောင်းကောင်း လိုက် မကစားနိုင်ကြသေးပေ။ ဆိုးတာက ကစားချင်သလိုလို မကစားချင် သလိုလိုတွေနဲ့။ ကြိုးစားအားထုတ်မှု အနေနဲ့ အတော်လေး နည်းနေသည်ကို တွေ့ရ၏။ ပျောက်ကွယ်သွားသည့် United DNA ကို ပြန်မြင်ရဖို့ အချိန် အတော်ကြာ ပေးရပေလိမ့်ဦးမည်။

Fulham ဘက်က သေချာပေါက် ဂိုးဖြစ်နိုင်သည့် သွင်းယူမှုကို United ၏ လူငယ် ကွင်းလယ် ကစားသမား Collyer ဂိုးစည်းပေါ်ကနေ ခေါင်းတိုက်၍ ရှင်းထုတ်နိုင်လို့သာ United တို့ သရေ မကျသွားတာဟု ပြောလို့ရ၏။ 90+5 မိနစ်မှာ သွင်းယူသည့် Amad Diallo ၏ သွင်းဂိုးကလည်း လူကျွံဘောအဖြစ် သတ်မှတ်ခံရ၏။ VAR ပြန်ကြည့်ပြီး ပယ်ဖျက်ခြင်း ခံရ၏။ တခါတလေ ခု outside စည်းမျဉ်းသစ်ကြီးကို နားမလည် နိုင်သေးပေ။

United တို့ အနေဖြင့် ယခုပွဲ အနိုင် ရရှိမှုကြောင့် အဆင့် 13 ကနေ 12 နေရာသို့ တက်လှမ်းလို့ လာနိုင်ခဲ့လေ၏။ United women အသင်းကလည်း ဒီတပတ် WSL Round 12 မှာ Brighton women အသင်းကို အနိုင်ရခဲ့၏။ အိမ်ကွင်းမှာ 3-0 ဖြင့် ဂိုးပြတ် အနိုင်ရခဲ့၏။ အသည်းကျော် Ella Toone လေး အဖွင့်ဂိုး သွင်း၏။ ခုတလော Tooney တယောက် ဂိုးပေါက်တွေ့တွေ့နေ၏။ ဝမ်းသာစရာပင်။

Arsenal women က Chelsea women အသင်းကို 1-0 ဖြင့် ရှုံးနိမ့်သွားသဖြင့် United women အသင်း အဆင့် 2 နေရာသို့ တက်လှမ်းလာခဲ့၏။ Chelsea women အသင်းနဲ့တော့ 7 မှတ် ကွာနေသေး၏။ Arsenal သာ အနိုင်ရခဲ့ရင် အမှတ် ကွာဟမှုကို လျော့ချနိုင်မှာ ဖြစ်ပေမယ့် လက်တွေ့မှာတော့ Chelsea ကသာ အနိုင်ရသွား၏။ England မှာ Chelsea women အသင်းကို ရပ်တန့်နိုင်သည့် အသင်း မရှိတော့လေသလား။

တပတ် တပတ် ပျော်တလှည့် မပျော်တလှည့် ဖြတ်သန်းလာခဲ့တာ ဒီတပတ်မှာတော့ ပြန်လည်လို့ ပျော်ရွှင်ရသည်ပေါ့။ တလှည့်စီ မဟုတ်ဘဲ အမြဲတမ်း ပျော်ရရင် ကောင်းမည်။ အမြဲတမ်း မဟုတ်တောင် အကြာကြီး မပျော်ရတာမျိုး မဖြစ်ဖို့တော့ လိုပေလိမ့်မည်။

(photos from Manchester United Facebook pages)