ကျောက်ဖရုံ၊ ရွှေဖရုံနှင့် ပဲစင်။

in HIVE-MYANMAR24 days ago

အိမ်ခြံဝင်းအတွင်းမှာ ကျောက်ဖရုံနှင့် ရွှေဖရုံ
ပင်နှစ်မျိုးပေါက်သည်။ ကျောက်ဖရုံသီးကတော
အဝရော အမုန်းရော စားရသည်။ အဲ ရွှေဖရုံသီး
ကတော့ ဘာဖြစ်လဲမသိပါ။ အသီးကင်းလေးများ
သာသီးသည်။ ထိုနောက်ဝါ၍ ကြွေကျသွားသည်။
ကျောက်ဖရုံနှင့် ရွှေဖရုံကြား ပဲပင်ပါ စင်ထိုးပြီး
စိုက်ပျိုးထားသည်။

အိမ်‌ဘေးခြံက အမျိုးသမီးက ပြောသည်။
ဟုတ်သလား မဟုတ်သလားမသိ။ ကျွန်တော်
တို့ခြံမြေများကို ကျိန်စာပြုထားသည်။ သို့ပါ၍
ရွှေဖရုံသီးများ မသီးဟု။ ထိုအမျိုးသမီးက
သူတို့လည်း ရွှေဖရုံသီး စိုက်ခဲ့သည်။ ယခုကဲ့သို့
အသီးကင်းလေးများသာ သီး၍ အသီးများက
ကြီးထွားမလာတော့ဟု ပြောသည်။

ရွှေဖရုံသီးများ မသီးသဖြင့် အသီးမစားရ၍
အညွန့်များကို ခူး၍စားသည်။ ရွှေဖရုံသီး အညွန့်များ
ကသန်မာလှသည်။ အညွန့်တိုင်းမှာ အသီးလေးများ
ပါသည်။ ရွှေဖရုံရွက်များ အလွန်ကြီးမားသည်။
ကျောက်ဖရုံနှင့် ရွှေဖရုံအညွန့်အရွက်များက
ပဲစင်ပေါ်သို့ အတင်းတိုးဝှေ့ နေရာလုတက်ကြ
သည်။

ထိုကြောင့် ပဲအညွန့်များအဖို့ နောက်ဆုတ်ပေးရသည်။
ယခင်နှစ်က ယခုအချိန်ဆိုပါရင် ပဲသီးများ
အဝစားရသည်။ ယခုနှစ်မှာ မည်သည့်ကြောင့်
မသိပေ။ ပဲသီးများက အပွင့်နည်း၍ ပိုးကျနေသည်။
အငယ်မ၏ ပြောစကားကြောင့် ပဲပင် အသီးနည်း
ရသည်ဟု အကို တာယာပွကြီးပြောသည်။

အငယ်မက ဒီနှစ် ပဲသီး သီးပါရင် ပလပ်စတစ်ဖြင့်
ထုပ်၍ ရောင်းမည်ဟုပြောသည်။ ပဲပင်က ယခုနှစ်မှာ
ရှစ်ပင်၊ ကိုးပင်ခန့် ကပ်၍ ပေါက်သည်။ အပင်
အရေ အတွက်များ၍ လားမသိပါ။ ယခင်နှစ်က
ပဲပင်တစ်ပင်တည်းကို ပဲသီးများများစားရသည်။
ယခု ပဲပင်များမှ ပဲသီးက တစ်တောင့်နှစ်တောင့်
ကို ရှာဖွေ၍ ခူးစားရသည်။

ယခင်နှစ်က ပဲသီးကို အိမ်သားများအဝ စားရသည့်
အပြင် ဘေးအိမ်များကိုလည်း ဝေငှပေးရသည်။
ယခုနှစ်မှာတော့ အိမ်သားကျွန်တော်တို့ပင်
ပဲသီးကို ဝဝ မစားရသေးပေ။ ဝဝ မစားရသေးဟု
ပြောရပေသိ တစ်နေ့ နည်းနည်းခြင်းခူးသည်
မှာ ငါးဆယ်သားခန့်တော့ ရသေးသည်။
ယနေ့ ပဲပင်မှ ပဲသီးများကို သေချာစွာရှာခူး
သည့်အခါ အစိတ်သားခန့်ရသည်။ ဈေးမှ
ဝက်သား အဆီအ‌ခေါက်ဝယ်၍ ပဲသီးနှင့်
ချက်စားသည်။ ကျောက်ဖရုံသီးကို ဝက်ရိုးဖြင့်
ဟင်းရည်ချက်သည်။ ထိုကြောင့်ယနေ့ ထမင်း
စား၍ကောင်းသည်။

@htwegyi
December 12, 2024