ပထမအချီ ငလျင်လှုပ်ပြီးသောအခါ ခြံအပြင်သို့
ထွက်ကြည့်မိသည်။ ခြံဘေးမှ အိမ်နီးချင်းများ
ကလည်း သူရို့ အိမ်အပြင်သို့ ထွက်ကာ ငလျင်က
အတော်ပြင်းသည်ဟု ပြောဆိုနေကြသည်။
ထိုသို့ ပြောဆိုနေစဉ် မျက်စောင်းထိုးအိမ်မှ
ကလေးငယ်တဦးကလည်း ထွက်လာသည်။
ထိုကလေးငယ်၏ အဖွားဖြစ်သူက အိမ်အပြင်
မထွက်ရန် သူ့မြေးကို လှမ်းအော်ပြောသည်။
ကလေးက သုံးတန်းကျောင်းသားဖြစ်သည်။
ထိုကလေးက ကျွန်တော်တူမ၏ ကျောင်းသား
ဖြစ်သည်။ သူ့အဖွားက ကျွန်တော်ကိုမြင်၍
သူ့မြေးကို ထပ်မံမပြောတော့ပေ။ ထိုကလေးနှင့်
ကျွန်တော်အတူရပ်နေစဉ် ဘေးအိမ်မှ လူများလည်း
အိမ်အပြင်ထွက်၍ အတော်ပြင်းတာဟု ပြောဆို
နေစဉ်အတွင်း။ ငလျင်က နောက်တကြိမ် ထပ်မံ
လှုပ်လာသည်။ ထိုနောက်တကြိမ်သည်လည်း
အတော်ပြင်းပေသည်။ ကလေးနဲ့ ကျွန်တော်
သည် ငလျင်၏ လှုပ်ခတ်မှုကြောင့် လမ်းပေါ်၌
ရပ်၍ မရတော့သဖြင့် နှစ်ဦးသား ဖင်ထိုင်ချ
လိုက်ရသည်။
ထိုသို့ဖင်ထိုင်ချရင်ဖြင့် အရှေ့ဖက် လမ်းမကြီးပေါ်ရှိ
ဆယ်ထပ်တိုက်ကြီး၏ အပေါ်ဆုံးထပ်မှ ရေလှောင်
ကန်များမှ ရေများက အောက်သို့ တဝေါဝေါကျ
လာသည်။ ဆိုလာပြားများကလည်း တဗြုန်းဗြုန်း
တဗြန်းဗြန်းမြည်းသည်။ ဆိုလာအောက်ခံ ပြုလုပ်
ထားသော သံချောင်းများကလည်း တဖျောင်းဖျောင်း
မြည်းကာ ကျိုးသည်က ကျိုးကုန်သည်။ ထို
ဆယ်ထပ်တိုက်က ယခုမှ ဆောက်လုပ်ပြီးစီးကာစ
ရှိသေးသည်။ ဆယ်ထပ်တိုက်က ပြိုမကျ၍
တော်သေး။ အောက်ခြေအထပ်များကတော့
အနည်းငယ်အက်သွားသည်။ အတွင်းမှာတော့
မည်သို့ဖြစ်ပေမည်မသိပေ။
ငလျင်ငြိမ်သွားပြီးသည့် ညနေမှာ တူမ၏
သူငယ်ချင်းအိုးဝေဖြင့် မြို့တွင်းသို့
ရောက်ဖြစ်ခဲ့သည်။ အိုးဝေကားကို မနက်ပိုင်းမှာ
စစ်ကိုင်းမှ ဆေးခန်းပြလာသူများက ငှားလာသည်။
ငလျင်လှုပ်ပြီးသည့်အခါ ဆေးခန်းမှ လက်မခံ၍
စစ်ကိုင်းသို့ ပြန်ကြပေမည်။ ငလျင်ကြောင့်
စစ်ကိုင်းတံတားဟောင်းကြီးက ကျိုးသွားသည်။
ရတနာပုံတံတားကလည်း ဖြတ်သန်းခွင့် မပြုတော့
ပေ။ ထိုအခါ ဆေးခန်းလာပြသူများက ရွှေကြက်ယက်
ဆိပ်ကမ်းမှ စစ်ကိုင်းဖက်သို့
ဇက်ဖြင့် ကူးသွားကြသည်။
ဆေးခန်းပြသူများကို ရွှေကြက်ယက်ဆိပ်ကမ်းမှာ
ပို့ပြီးသောအခါ မန္တလေးမြို့အတွင်းသို့ အိုးဝေ
ပြန်သောအခါမှာ အိုးဝေကို အလုအယှက်ငှားကြသည်။ အဘယ်ကြောင့်ဆိုသော စစ်ကိုင်းဖက်မှ
ဇက်ဖြင့် ကူးလာသော လူများက မန္တလေးမြို့
အတွင်းသို့ သွားရန် ကားမရှိပေ။ ထိုကြောင့်
ရောက်လာသော အိုးဝေကို အလုအယှက်ငှား
ကြခြင်းဖြစ်ပေသည်။ အချိန်ကလည်း ညနေ
အချိန်ဖြစ်၍ အငှားကားများက ရှားပါးနေသည်။
သူ့ငှားပါ ကိုယ့်ငှားပါဟု ပြောသူများကြား
ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးကို ဦးစားပေး
ငှားခဲ့ရသည်ဟု အိုးဝေသမားကပြောပြသည်။
ထိုကလေးနှစ်ယောက်နဲ့ အမျိုးသမီးက ဈေးချို
အနောက်ဖက် မြို့တော့်ဥယျာဉ်အနီးသို့သွား
ရန်ငှားသည်။ ပုံမှန်ဆိုပါမူ ရွှေကြက်ယက်မှ
မြို့တော်ဥယျာဉ်သို့ ကမ်းနားလမ်းမှ မောင်း၍
သွားပါမူ နီးပေသည်။ ငလျင်လှုပ်မှုကြောင့်
ကမ်းနားလမ်းမှ လမ်းများပျက်ဆီးကာ အဆောက်အဦ
အချို့လည်း ပျက်ဆီးနေသဖြင့် လမ်းပိတ်ထားသည်။
ထိုကြောင့် အိုးဝေကို မြို့တွင်းသို့ ပြန်မောင်း
လာသည်။ အိုးဝေကို ဆီဖြည့်ရန် အိမ်သို့
ခဏဝင်လာသည်။ ဆီဖြည့်ပြီး ကျွန်တော်တို့အား
မြို့ထဲကြည့်ရန် လမ်းကြုံလိုက်ခဲ့ဟု ခေါ်သဖြင့်
လိုက်ပါသွားသည်။ မြို့သစ် မနော်ဟရီလမ်းမပေါ်
ရှိ တိုက်အချို့က ပြိုကျနေသည်။ အချို့တိုက်များက
အက်ကြောင်းများဖြစ်ပေါ်နေသည်။
ဆက်လက်ရေးသားပါအုံးမည်။
April 3, 2025@htwegyi
!hiqvote
ဟူး ...
ဂရုစိုက်ပါဗျ။