ရှောင်နိုင်သမျှတော့ ရှောင်အုံးနော်။

in HIVE-MYANMAR18 hours ago

မိတ်ဆွေအိမ်သို့ မနေ့က အလည်သွားသည်။
မိတ်ဆွေက နှစ်လုံးဝါသနာပါသူဖြစ်သည်။
သူ့ရဲ့ တွက်ဂွင်များကို စာအုပ်များဖြင့်ပြသည်။
ဘယ်ဂဏန်းက ဘယ်လို။ ဘယ်ဟာက
ဘယ်သို့ စသဖြင့် တွက်ချက်ပြသည်။
ပထမတော့ ကိုယ်တွေလည်း အားနာသဖြင့်
အင်း အင်း ဟု အားနာသမှု အသံပြုသည်။

နောက်တော့ သူ့အိမ်သို့ လေးငါးခေါက်
ရောက်သွားသည့်အခါမှာ သူ့တွက်ဂွင်များက
မှန်နေသည်ကိုတွေ့ရသည်။ သူက ဒီအပတ်
ဘာဂဏန်း‌ကြောင့် ဘာ ဘာထွက်မည်ဟု
ပြောသည်။ သူပြောသည့်အတိုင်း ထွက်သည်
လည်းရှိသည်။ မထွက်တာလည်းရှိသည်။
မထွက် ဆိုသည်မှာ နောက်အပတ်များသို့
ပြောင်းရွေ့ထိုးရသည်။

မိတ်ဆွေသည် နှစ်လုံးထိုးရာတွင် ဆတိုးဖြင့်
ထိုးခြင်းဖြစ်သည်။ ပထမအကြိမ် တထောင်ကျပ်
ဖြစ်ပြီး နောက်တကြိမ်မှာ နှစ်ထောင်ကျပ်
စသဖြင့် ထိုးခြင်းဖြစ်သည်။ သူထိုးသည့်
အကွက်များလည်းကြည့်ပါအုံး အကွက်
ငါးဆယ်ခန့် ထိုးခြင်းဖြစ်သည်။ အကွက်
ငါးဆယ်ဆိုပါမူ ဒိုင်းနှင့် သူက တဝက်ဆီ
အလောင်းအစားပြုကြခြင်းဖြစ်သည်ဟု
ထင်မိသည်။

သူထိုးသော အကွက်ငါးဆယ်အတွက်
သူက ကော်မရှင်ခပြန်ရသည်ဟု ပြောသည်။
ထိုကြောင့် နှစ်လုံးထိုးတာ သူက စီးပွားဖြစ်
ထိုးသည်ဟုပြောသည်။ ကျွန်တော်က
နှစ်လုံးထိုးလို့ ချမ်းသာသူ၊ သူဌေးဖြစ်သူ
မကြားဖူးကြောင်းပြောသည့်အခါ။ သူက
သူစီးပွားဖြစ်အောင်ထိုးပြမည်ဟု ပြောသည်။

ကိုင်း ဒီလောက်ရှိတာ ပြောမရသဖြင့်
သူအရှိန်နှင့် သူလိမ့်ပါစေဟု ပစ်ထားလိုက်
သည်။ အဲ မနေ့ကတော့ မိတ်ဆွေသည်
သူဟာသူ နှစ်လုံးထိုးပြီး တွက်ချက်ထားမှု
များကိုပြန်လည်စစ်ကြည့်သည်ဟု ပြောသည်။
သူထိုးသော ဂဏန်းများက ပေါက်မပေါက်
မသေချာပါ။ သူပေါက်သောအခါ ရသည့်
အမြတ်ကနည်းသည်။ သူထိုးရသော
ငွေအရင်းက များသည်ဟု ပြောလာသည်။

ဒီကြားထဲ နှစ်လုံးထွက်ချိန်ဆိုပါမူ ကိုယ်ထိုး
သောဂဏန်း ပေါက်မပေါက်ကို ရင်တုန်၊
ရင်ခုန်ရ‌သည်။ ထိုကြောင့် နှလုံးရောဂါရနိုင်
ကြောင်းလည်းကျွန်တော်က ပြောမိသည်။
ထိုးသူ မိတ်ဆွေကိုယ်တိုင်တော့ မသိပေ။
သူထိုးသည်ကို သိရှိသူ ကျွန်တော်က
ကြားထဲက သူရဲ့ နှစ်လုံးထိုးမှုကြောင့်
ရင်တုန်ရပါသည်။ နှစ်လုံးထွက်ချိန် ဆိုပါမူ
သူထိုးထားသော အကွက်များ ထွက်မထွက်
ကြည့်ရတာ အမောပါလေ။

လောင်းကစားဆိုသည်က အစပြုမိပါက
စွဲလန်းစေသည်။ မိတ်ဆွေသည် နှစ်လုံးဂဏန်း
များကို တွက်နေရသည်ကပင် စိတ်ဝင်စားစရာ
ကောင်းသည်ဟုပြောသည်။ သူက သင်္ချာကို
စိတ်ဝင်စားသူလည်းဖြစ်သည်။ သူ့ကိုယ့်သူ
ထိန်းသိမ်း၍ နှစ်လုံးထိုးသည်ဟုပြောပေသိ
တခါတရံ လောဘကိုတော့ဖြင့် မတွန်းလှန်နိုင်
ဖြစ်နေတတ်သည်။ လောင်းကစားကို အတတ်နိုင်ဆုံး
ရှောင်ရှားရပေမည်။ လောဘကို အရင်းခံ
ကြသဖြင့် လောဘနောက် လိုက်မိ၍ အမှား
များနဲ့ တွေ့ကြရသည်။ အချိန်မီ သတိ အသိ
ရကြပါရင်ဖြင့် အမှားကင်းစင်ပါလိမ့်မည်။

@htwegyi
January 9, 2025