မင်္ဂလာပါ။ ကျွန်တော်ရေးသားနေသော မပြီးပြတ်သေးသည့် " ကျိန်စာသင့်မြေ " အကြောင်း ဆက်ပါအုံးမည်။ ယခင်စာစုတွင် ထိုအချိန်က ဖြစ်ပျက်နေခဲ့သော ဖားကန့် အကြောင်း များဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။ ထို ဖားကန့်တက်၍ လိမ္မာသောသူများ ကြီးပွားသွားခဲ့ကြသလို အများအားဖြင့်တော့ ပျက်စီးခြင်း ငါးပါး ဆိုက်သည့် အဖြစ်သို့ရောက်သွားခဲ့ကြပါသည်။
ထိုအချိန်က ကျွန်တော်တို့ လူမှုအသိုင်း အဝိုင်းတွင် တယောက်ယောက်က ဖားကန့် တက်၍ အလုပ်သွားလုပ်မည်ဆိုလျင် ထိုသူတော့ ပျက်စီးတော့မည်ဟူ သော အတွေးများ ဝင်လာသည် အထိ ဖြစ်ခဲ့ကြပါသည်။ ထိုအချိန်က ဖားကန့်အား နာမည်ပျက်စေသော အရာများတွင် ဖ သုံးလုံးသာမက HIV / AIDS ကလည်း တခုအပါအဝင် ဖြစ်ပါသည်။ဖားကန့်တက်၍ ပြန်လာလျင် လူရုပ် မပေါ်သူများ ၊ ရုပ်ပျက်ဆင်းပျက် သေသွား၍ ဤသူသည် ငါ၏သား ၊ အစ်ကို ၊ မောင်ဘွား ဖြစ်သည်ဟု အခေါ်မခံရပဲ လူမသိသူမသိ သေသွားကြသူများ အလွန်ပင် များပြားခဲ့ပါသည်။
ဤသို့ ဖြင့် ဘိန်းစား အမေ ခေါ်ခံရသူများ ၊ ဘိန်းစား၏သား ၊ ထိုသူ့သမီးကတော့ ဖားကန့်တွင် နာမည်ကြီးနေသည် ၊ မည်သူမည်ဝါ ၏ သားကတော့ AIDS ဖြစ်နေသည် ၊ မည်သူမည်ဝါ ၏ ယောက်ျားကတော့ ဖားကန့်တွင် မယားငယ် နှင့် အစရှိသော အကြောင်း အရာများနှင့်ပတ်သက်၍ ကျန်ရစ်သူများ ၊ ပြောဆိုခံရသူများ ၊ မကင်းရာ မကင်းကြောင်းများက မည်သို့မျှ မတတ်နိုင်သော ထိုအခြင်းအရာ များအတွက် ဖားကန့်အား ကျိန်စာ တိုက်ရန်သာ တတ်နိုင်ခဲ့ကြပါတော့သည်။
ဤ ဖားကန့်ဟူသော ရတနာမြေ ကချင်ပြည်နယ်တွင် မရှိလျင် ထိုသို့သော ဝမ်းနည်းကြေကွဲစရာ အဖြစ်အပျက်များ ဖြစ်လာနိုင်ကြမည် မဟုတ်ပါလား။ ဤ ဖားကန့်နှင့်ပတ်သက်၍ ကျောက်အောင်၍ ( သိန်း သန်း ချီ ) ချမ်းသာ သွားကြသူဟူ၍ လက်ချိုးရေတွက်၍ ရပါသည်။
ကျွန်တော်သိမှီလိုက်သူ ( အမည် မဖေါ်ပြလိုပါ ) သူဌေးကြီးကတော့ ပြည်တန်ကျောက်ခေါ် သော ကျောက်စိမ်းမျိုး ရသွားသဖြင့် တခါတည်း တရုတ်ပြည်ဖက် ခိုးထုတ်သွားက ယခုကတော့ အမေရိကန်ပြည်ထောင်စု တွင် အခြေချ နေထိုင်လျက် ရှိပါသည်။ သူ၏ သားသမီး များလည်း အားလုံး ပြည်ပတွင်သာ နေထိုင်လျက် ရှိပါသည်။
ထိုသူဌေးကြီးကတော့ အမျှော်အမြင်ကြီးသည်ဟု ဆိုရမည်ပင် ဖြစ်ပါသည်။ သူ့ နောက်တွင် နာမည်ကြီးလာသော ကျောက်စိမ်း သူဌေး ဘွဲ့ခံသူများကတော့ သူဌေး စားရင်းဝင် ဖြစ်သော်လည်း ထိုသူတို့၏ အမည်နာမ ကျော်ကြားခြင်းသည် ဖားကန့်နှင့် မြစ်ကြီးနား အပြင်ဘက် မရောက်ပါ။
သူဌေးဘွဲ့ ခံထားသည့် အတိုင်း သုံးပြ ဖြုန်းပြ ၊ လှူတန်းပြ ရသဖြင့် လုံးခြာလည် လိုက်နေကြသူများ ၊ ရောက်လေရာ မယားရှိသူများ အဖြစ်သာ လူသိများကြပါသည်။ အခြား လိမ္မာသော သူဌေး များ ရှိကောင်း ရှိပါလိမ့်မည်။ ကျွန်တော့ အားနည်းချက်ကြောင့် မသိသည်လည်း ဖြစ်နိုင်ပါသည်။
ကျွန်တော်ဆိုလိုသည်မှာ မြန်မာပြည် တွင် ဦးတေဇ ၊ ဦးဇော်ဇော် စသည့် စီးပွားရေး လုပ်ငန်းရှင်များအား မသိသူမရှိပါ။ သို့သော် ကျောက်စိမ်းမြေမှ ကြီးပွား၍ မြန်မာပြည်တွင် မသိသူမရှိ ကျောက်စိမ်း သူဌေး ဟူ၍ မကြားဖူးသော ကြောင့် ဖြစ်ပါသည်။ ဖားကန့်နှင့် ပတ်သက်၍ ပြောရလျင် ကိုယ်တွေ့အဖြစ်အပျက် တခုအား ဖေါ်ပြပေးချင်ပါသည်။
ကျွန်တော်တို့ ငယ်ငယ်က ကျွန်တော်တို့ အိမ်မလှမ်းမကမ်းတွင် ကျောက်စိမ်း သူဌေး တယောက်ရှိခဲ့ပါသည်။ ပထမ အကြိမ် ကျောက်အောင်သော အခါ တိုက်အိမ် ကြီး ဟီးနေအောင်ဆောက် ၍ ဆွေမျိုး အသိုင်းအဝိုင်း ကြီးကြီး ဖြင့် နေထိုင်ကြပါသည်။ သူကိုယ်တိုင် ကျင်းသားဘဝမှ သူဌေးဖြစ်လာသည် ဖြစ်၍ ကိုယ်ပိုင်ကျောက်စိမ်းကျင်းများ ဝယ်ကာ ကျောက်စိမ်း ဆက်လက် တူးဖေါ်နေခဲ့ပါသည်။
ထို အချိန်တုန်းကတော့ အိမ်စီးကား Publica တစ်စီး ၊GMC ကုန်ကား များ နှင့် မြင်း အတော်များ များ ဝယ်ယူခဲ့ကာ ကျောက်တူးရင်း ကုန်းကူးရင်း ကြီးပွားနေခဲ့ပါသည်။ ထိုအချိန်က ထိုသူဌေးမှာ မုဆိုးဖို ဖြစ်၍ သူ၏ သား ( သားတယောက်သာ ရှိသည် ) အား လားရှိုးတွင် ဘော်ဒါ ထားကာ ကျောင်းတက်စေခဲ့သလို သူ၏ ဆွေမျိုး အတော်များများအားလည်း အိမ်များ လယ်ယာများ ဝယ်ယူပေးနိုင်ခဲ့ပါသည်။
ဒုတိယ အကြိမ် ကျောက်အောင်သော အခါ တွင်လည် ကျွန်တော်သိမှီလိုက်ပါသည်။ အဘယ့်ကြောင့် ဆိုသော် ထိုသူဌေးအား အခြားသော လောပန်းများက ဝိုင်း၍ လှော်သဖြင့် အထည်ကြီးပျက် အပျိုကြီး တယောက်အား မင်္ဂလာ ဆောင်ယူ လိုက်ပါသည်။ ထိုမင်္ဂလာပွဲမှာ တရပ်ကွက်လုံး မီခိုးတိတ်ပါသည်။
ထိုသူဌေး ကျောက်အောင်လာသော ပိုက်ဆံမှာ မည်မျှ များသနည်း ဆိုလျင် ပိုက်ဆံ ( ပီနံအိတ် ) အလုံး ၅၀ ကျော်ရှိမည်ဟု ထင်ပါသည်။ ထို အချိန်ကတော့ မိမိတို့ပိုက်ဆံများ ဘဏ်အပ်ရန် စိတ်မဝင်စား၍လော သို့မဟုတ် ဘဏ်စနစ်ကပဲ ခေတ်မမှီသေး၍လောမသိပါ ကျောက်အောင်သည် ဆိုသည်နှင့် ပိုက်ဆံများ ပီနံအိတ်နှင့် မလာကြသည်သာ ဖြစ်ပါသည်။
ထိုအချိန်က ပိုက်ဆံများမှာ အကြီးဆုံး ၂၀၀ တန် အထိသာ ရှိသည်ဟု ထင်ပါသည်။ ၉၀ ကျပ်တန် ၄၅ ကျပ်တန် များ သည် အကြီးသုံး ဖြစ်၍ ၁၅ ကျပ်တန် ၁၀ ကျပ် ၅ ကျပ် တစ်ကျပ် တန် ဗိုလ်ချုပ်ခေါင်း ပိုက်ဆံများ အသုံးပြု၍ ရနေသေးသော အချိန်ဖြစ်ပါသည်။
ဆိုခဲ့သည့် အတိုင်း ပိုက်ဆံများအား ဤကဲ့သို့ ထုနှင့် ထည်နှင့် အိမ်တွင် သိမ်းထားခြင်း အကျိုးရလဒ်ကာ ဓားမြ တိုက်ခံရခြင်း ဖြစ်ပါသည်။ ထိုသူဌေးလည်း ဓားမြ တိုက်ခံရပါသည်။ ထို ဓားမြ များကလည်း သူ၏ ကျောက်စိမ်းတွင်း ၌ အလုပ်လုပ်နေသော ကျင်းသားများဟု ဆိုပါသည်။
ထို့နောက် သူယူထားသော အထည်ကြီးပျက် မိန်းမမှာ ဖဲရိုက်ရာတွင် နာမည်ကြီးလာပါတော့သည်။ အစပိုင်းတွင် ထိုမိန်းမ ဖဲနိုင်သော ကြောင့် နောက်ထပ် မြေကွက်ဝယ်ကာ အိမ်တလုံးပင် ဆောက်နိုင်ခဲ့ပါသေးသည်။ လောပန်း ကတော်များ တွင် အတော်လက်ဖွာသော ကတော် ဖြစ်ကြောင်း နာမည်ကြီးသလို ဖဲရိုက်ရာတွင်လည် ပိုက်ဆံ ပီနံအိတ် ဘယ်နှစ်အိတ် ဟူ၍ ရိုက်ကြသည်ဟု သိရပါသည်။
ထို လောပန်း ကတော်များ ဖဲရိုက်ရာတွင် မည်သူမျှ တစ်သိန်း နှစ်သိန်း ဟူ၍ မရိုက်ကြပါ။ ဥပမာ ၉၀ တန် ပီနံအိတ် ၁ အိတ် ၂ အိတ် ဟူ၍ လောင်းကြေးထပ်ကြသည်ဟုကြားဖူးပါသည်။ ဤသည်မှာ ကျောက်အောင်ခဲ့ကြသည့် လောပန်းတို့၏ ဘဝတစိတ်တဒေသ အား ဖေါ်ပြပေးရခြင်းသာ ဖြစ်ပါသည်။
ဆိုခဲ့သည့် အတိုင်း ထိုသူဌေး ကြီးမှာ နောက်ထပ် ကျောက်မအောင် တော့ပဲ စီးပွားပျက် သွားပါတော့သည်။ သူ့မိန်းမကတော့ ဖဲရိုက်မပျက်။ နောက်ဆုံး ရှိသမျှ တိုက်တာအားလုံး ရောင်းချ ပေါင်နှံကာ ကျောက်စိမ်းလုပ်ငန်း ဆက်လုပ်သော်လည်း စီးပွား ဖြစ်မလာခဲ့တော့ပါ။ ထို့နောက် အိမ်ထောင်ကွဲ ကာ ထိုသူဌေးလည်း ဆုံးပါးသွားခဲ့ပါသည်။
သူ၏ ကျန်ရစ်သော သူဌေးသားမှာ ပညာ ဆုံးခန်းတိုင်အောင်ပင် မသင်လိုက်ရ။ လောကဓံ ၏ အထုအထောင်းများ ကြားတွင် ယခုတော့ မြစ်ကြီးနားတွင် ဆိုက်ကား နင်းနေသည်ဟု သိရပါသည်။ တချိန်က ပိုက်ဆံများ ထားစရာနေရာမရှိသည့် သူဌေးသား ယခု ဆိုက်ကား ဆရာ ဖြစ်နေပြီ ဟုဆိုလျင် ယုံနိုင်ဖွယ်ရာမရှိပါ။
ဆက်လက် ဖေါ်ပြပေးပါမည်။
Henry Aung ( Kachin )
ဖားကန့်တက်ပြီဆိုရင် သူဌေးလောင်းပဲ။
ကျောက်အောင် မအောင်တော့မသိဘူး။ ဘိန်းစားတွေပေါတယ်လို့တော့
ငယ်ငယ်က မိဘတွေပြောလို့သိခဲ့ရ။
အမှန်ပါပဲ။ လူမသိသူမသိ သေဖို့ တော့ အသေအချာပဲ။
,အင်း လောဘလောဘ ငွေကိုမထိမ်းနိုင်တော့ ငွေက လူကိုဖျက်ဆီးသွားတာ တော်တော်တရားကျစရာပါ။
ဒီထက်တရားကျစရာကောင်းတာတွေ အများကြီးပါ ဦးထွေးရေ.....
ဒါကြောင့်လည်း ငယ်ငယ်က စာထဲမှာ ကုဋေ၈၀ သူဌေးသားအကြောင်း သင်ခဲ့ရတာပါ။
ဖားကန့်က ခုထိလည်း နာမည်ကြီးနေတုန်းပါပဲ
ခုထိ နာမည်ကြီးဆို အခုထိ ကျိန်စာသင့်နေကြတုန်းကိုးလို့ ။
ကံတရားက နှစ်ခါတောင် ပေးပါသော်လည်း ဇာတ်သိမ်းမလှတဲ့လောပန်းပါလားဗျာ
မှန်ပါတယ်။ ကံတရား ၂ ခါ ပေးပေမယ့်... အယူမတတ်တော့။