မင်္ဂလာပါ။ ဤစာစုသည် ကျွန်တော်ယခုတလော ဌာနဆိုင်ရာ နေရာ အတော်များ များသွားလာခဲ့ရသဖြင့် ကျွန်တော်ကြုံတွေ့ရသော ဗဟုသုတအား ဝေမျှပေးလိုရင်းသာ ဖြစ်ပါသည်။ မည်သူ့ကိုမျှ ပုတ်ခတ်ရန် မဟုတ် သလို ဆန္ဒ လည်းမရှိပါ။
ကျွန်တော် ကြုံတွေ့ခဲ့ရသော စင်္ကပူ ရုံးဌာန များနှင့် မြန်မာပြည် ရုံးဌာနများ အနည်းငယ်ကွာခြား ပုံကို ဖော်ပြပေးချင်ပါသည်။ စင်္ကပူတွင် ဌာနဆိုင်ရာ တိုင်းတွင် Website ရှိပါသည်။ အလုပ်သမား ဝန်ကြီးဌာန ၊ ပညာရေး ဝန်းကြီး ဌာန ၊ ကုန်းလမ်းပို့ဆောင်ရေး ၊ ယျဉ်ထိန်းသိမ်းရေး ၊ ရဲစခန်းများ စသည် စသည်ဖြင့် ဌာန ဆိုင်ရာ Website များရှိကြပါသည်။
မိမိသိလိုသည့် အကြောင်းအရာများအား ထို သက်ဆိုင်ရာ Website တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ မိမိဝင်ရောက် ဖတ်ရှု ၍ နားမလည်လျင် Inquiry ဟူသော နေရာတွင် ဖုန်းနံပတ်များရှိပါသည်။ ထို ဖုန်းနံပါတ်များအား ဆက်၍ မိမိသိလိုသည်များအား ဆက်လက်မေးမြန်နိုင်သလို Website များ၏ ထောင့်စွန်း တနေရာတွင် Chat Box များ ရှိပါသည်။
မိမိ စကားမပြောလိုသော် ထို Chat Box တွင် ဝင်ရောက် Chatting လုပ်ခြင်းဖြင့် မေးမြန်းနိုင်ပါသည်။ မိမိသိရှိလိုသည်များအား ထိုင်ရာမထ တနေရာတည်းမှ စုံစမ်း သိရှိနိုင်ပါသည်။ မပြီးသေးပါ။ ဤသို့ စုံစမ်းမှုပြီးလျင် website အတွင်းမှ Survey Form တခု ထွက်လာပါလိမ့်မည်။
Survey Form ဆိုသည်မှာ မိမိ၏ Website သို့ ဝင်ရောက်ကြည့်ရှု၍ မိမိသိလိုသည်များ အား အဆင်ပြေစွာ သိသွားသည် လား ၊ သို့မဟုတ် အားနည်းချက်များ ရှိနေသေးသည်လား ၊ မိမိ၏ အကြံပေးချက်အား တောင်းခံသော Form ဖြစ်ပါသည်။
မိမိအနေဖြင့် အဆင် မပြေလျင် မပြေကြောင်း မည်သည့်နေရာတွင် အားနည်းချက်ရှိနေကြောင်း ထောက်ပြပြောဆိုနိုင်ပါသည်။ ဤသည်မှာ Website နှင့်ပတ်သက်၍ လွယ်ကူမှု။ မိမိတို့ အနေဖြင့် မဖြစ်မနေ ဌာနဆိုင်ရာ ရုံးသို့ သွားရန် လိုအပ်လာပါက ထိုဌာန ဆိုင်ရာ ရုံးတွင် မိမိပထမဆုံး တွေ့ရမည်မှာ Receptionist ဟူသော ဧည့်ကြို ကောင်တာတွင် ထိုင်နေသည့် ဧည့်ကြိုများအား တွေ့ရပါလိမ့်မည်။
ထိုဧည့်ကြိုများအား မေးမြန်း၍ မိမိမည်သည့် ကိစ္စအတွက် လာရောက်ကြောင်း ပြောပြလျင် ဧည့်ကြိုများက လိုအပ်သလို လမ်းညွန်ပေးကြပါသည်။ ယခု နောက်ပိုင်းတော့ Touch Screen monitor များထားပေးကာ မိမိလာရင်း ကိစ္စမည်သည့် ကောင်တာ မည်သည့် အထပ် တွင် ဆောင်ရွက် နိုင်ကြောင်း ရှာဖွေနိုင်ပါသည်။
ဤသို့ မရှာဖွေတတ်လျင် ဧည့်ကြိုများအား မေးမြန်းနိုင်ပါသည်။ အကယ်၍ မိမိလာရင်း ကိစ္စ အား ပြုလုပ်ဆောင်ရွက်ရန် နေရာသိပြီ ဆိုလျင် Q machine ထံသို့သွား၍ Q number ရယူရပါသည်။ တနည်း ပြောရလျင် တန်းစီ နံပတ်ဖြစ်ပါသည်။
TV screen များတွင် မည်သည့် ကောင်တာ တွင် မည်သည့် နံပတ်အတွက် အလုပ်လုပ်နေကြောင်း မြင်နေရပါသည်။ TV screen ပေါ်တွင် မိမိ Q number ပေါ်လာမည့် အချိန်စောင့်ကြည့် ရုံသာ ဖြစ်ပါသည်။ မိမိ Q number ပေါ်လာလျင် ဘေးတွင် ကောင်တာ နံပတ်ပါတွဲ၍ ဖေါ်ပြပေးပါသည်။ ထိုကောင်တာသို့ သွား၍ မိမိပြုဖွယ် ကိစ္စများအား ဆောင်ရွက်ရုံသာ ဖြစ်ပါသည်။
မည်သူ့မှလည်း ကြောက်စရာမလို ၊ အားကိုးစရာမလို ၊ ရေလောင်းရန်လည်း မလိုသလို ရေဖျန်းရန်လည်း မလိုပါ။ မြန်မာပြည် အကြောင်း ဆက်ကြပါအုံးစို့။ လွန်ခဲ့သော ရက် အနည်းငယ်က ကျွန်တော် ဌာနဆိုင်ရာ ရုံးတခုသို့ ရောက်သွားခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော် Website တွင် မိမိသိလိုသည့် အကြောင်းအရာများ မရှိသောကြောင့် ဖြစ်ပါသည်။
ထိုရုံး သို့ ရောက်သွားသောအခါ ဧည့်ကြို မရှိ။ ကြောင်တောင်တောင်ဖြင့် မည်သူ့ မေးရမည်မသိ။ အလုပ်ရှုပ်နေသော စာရေမ တယောက်အား မေးသောအခါ အပေါ်ထပ်သို့ သွားရန် ညွှန်လိုက်ပါသည်။ အပေါ်ထပ်သို့ ရောက်သော်လည်း မည်သူ့ကို မေးရမည်မှန်း မသိ။ ရုံးလုပ်သား အားလုံး သူတို့ အလုပ် သူတို့ လုပ်နေကြသည်။ မိမိမှာ ဂြိုလ်သားကဲ့သို့ ထိုနေရာတွင် ရပ်ကြည့်နေရသည်။
နောက်ဆုံး မတတ်သာ၍ အရဲစွန့်ကာ မေးကြည့်တော့ ဩ... အဲဒီ ကိစ္စ အတွက်လား ။ ဟုတ်ကဲ့ ပုံစံများ ဖြည့်သွင်းရမည်ဟူ၍ လျှောက်လွှာပုံစံများ လာပေးပါသည်။ ဤသို့ လျှောက်လွှာပုံစံများပေးဖေါ်ရသော မယ်မင်းကြီးမအား ညအိပ်ရာဝင်တိုင်းထည့်သွင်းဆုတောင်းပေးမည်ဟု ဆုံးဖြတ်ချက် ချခဲ့ပါသည်။
လျောက်လွှာပုံစံအား ဖြည့်ပြီးသော်...... မပြီးသေးပါ။ သုံးလွာကို တက်သွားလိုက်ပါ ဟု ညွန်ကြားချက်ရပြန်ပါတော့သည်။ သုံးလွာသို့ ရောက်သော် စာရေးမကာ ရှိပါသည်။ သို့သော် လူကြီး အစီးအဝေးသွား နေ၍ နောက်နေ့မှ လာခဲ့ပါဟူလို။
ကျွန်တော့ အနေဖြင့် စိတ်တိုရန်ထက် ဝမ်းနည်းမှုအားပို၍ ခံစားရပါသည်။ ကျွန်တော့ အနေဖြင့် စင်္ကပူ အစိုးရ ရုံးဌာန အတော်များများ ဖြင့် ပတ်သက် အလုပ်လုပ်ဖူးပါသည်။ လူကြီး အစည်းဝေးတက်နေ၍ မိမိကိစ္စအဆင်မပြေခဲ့ပါဟူ၍ မရှိခဲ့ဘူးပါ။
ကျွန်တော့ မဟေသီမှ ကျွန်တော့အား သနားသွားသည်ဟု ထင်ပါသည်။ ထို ဌာနဆိုင်ရာ ကိစ္စများအား သူတယောက်တည်း လုပ်သွားပါတော့သည်။ သူလုပ်သွားတော့လည်း ဟုတ်နေသည်သာ။ စကား တခွန်း မှတ်သားလိုက်ရပါသည်။ "လမ်းကြောင်း " ဟူလို။
ကျွန်တော်နားလည် ပါသည်။ ကျွန်တော်တို့ အနေဖြင့် ဤကဲ့သို့သော ကိစ္စများအား မသိမဟုတ်ပါ ။ မြန်မာနိုင်ငံသား တယောက်ဖြစ်သည့် အလျောက် ယခင် စင်္ကပူ မထွက်မှီကလည်း ကြုံဖူးသား ဖြစ်၍ အထူးတလည် ထူးဆန်းနေသည်တော့မဟုတ်ပါ။
သို့သော် ကျွန်တော်ဆိုလိုသည်မှာ ကျွန်တော်တို့၏ ပြောင်းလည်းချိန် တန်ပြီ ဟူသော ကြွေးကြော်သံတွင် ပြောင်းလည်းရန် များစွာလိုနေသေးကြောင်း သိစေလိုရင်းသာ ဖြစ်ပါသည်။ ဟုတ်ကဲ့။ မိတ်ဆွေ အနေဖြင့် ဌာနဆိုင်ရာသို့ဝင်ရန် "လမ်းကြောင်း" သိဖို့လိုပါလိမ့်မည်။
Henry Aung ( Kachin )
ပြောင်းတော့ လဲပါရဲ့ .. လေကြီးလွန်းလို့ ရွာက ပြောင်းခင်းတွေတော့ လဲကုန်ပြီ ဆိုသလိုပါပဲ အစ်ကိုရေ
ခုထိ ငွေပေး ရန်မလို တွေများနေဆဲ ..
ဟုတ်ပါ့ဗျာ... ပြောင်းတွေ လဲ ကုန်ပြီ လို့ပဲ ပြောရတော့မယ်။
ပြောင်းလဲချိန်တန်ပြီ ဆိုတာလဲပြောင်းလဲတော့မှာနဲ့ တူပါတယ်
ဟုတ်ပါ့ဗျာ... ပြောင်းတွေ လဲ ကုန်ပြီ လို့ပဲ ပြောရတော့မယ်။
ပြောင်းလဲချိန် တန်ပြီပဲ အော်အော်နေတာ တကယ်က မပြောင်းသေးဘူးရယ်။
စနစ်ကို ပြောင်းလည်းဖို့ လိုနေတာ။ လူတွေက မပြောင်းကြတော့ စနစ်လည်း ပြောင်းလို့ မရဖြစ်နေတာ ရယ်။
ဟ မ လေး ကိုဟင်က ခုမှ လမ်းကြောင်းသေးသေး ပိစိညှောင့်တောင့်လေး ရှိသေး ကျွန်တော်မှာ ခု လမ်းကြောင်းကြီး စဖောက်နေရပြီး။
ပြီးမှ အသေးစိတ်ရေးတင်ပြပါမည်။
လမ်းကြောင်းကြီး ကြီးဘယ်လို ဖေါက်သလဲ... သိချင်နေပြီ။
လမ်းကြောင်းမသိရင် ဝင်ဖို့ ခက်ရချည်ပေါ့။ ရုံးပိုင်းကိစ္စကိုတော့
သိပ်မသိပေ။ တရားရုံးတော့ရောက်ဖူးတယ် အကုန် လမ်းကြောင်းတွေချည်းပဲ။
နောက်ဆုံး တိုလီမိုလီလုပ်ပေးတဲ့ ပြာတာ လေးကအစ လမ်းကြောင်းရှိကြောင်း
သိခဲ့ရပါတယ်။
ရုံးဆိုရင် ဘယ်ရုံးမှ မပတ်သက်ချင်ပေမယ့်... မြန်မာနိုင်ငံသားဆိုတော့ မြန်မာ ရုံးတွေနဲ့ မကင်း နိုင်ဘူးကိုး...
ကြွေးကြော်နေရုံဖြင့် မရ
လိုက်နာကြမှ ရမည်။
အထက်ဖား အောက်ဖိ လမ်းကြောင်းရှိတဲ့ မြန်မာ့ ဗျူရိုကယက်
အစိုးရဌာနများသည်ကား စိတ်ပျက်ဖွယ်ပါလားဗျာ