မင်္ဂလာပါ။ ကျွန်တော် ရန်ကုန်ရောက်ပြီးကတည်းက ပူသော အပူမှာ ဘာနှင့်မျှမတူပါ။ အခြားသူငှာလည်း ပူကြသည် ဖြစ်ရာ ကျွန်တော်တယောက်တည်း အဘယ့်ကြောင့် ဤမျှပူရပါသနည်း။ ဟုတ်ကဲ့ ကျွန်တော်က ပူတတ်၍သာဟု ဖြေရပါမည်။ ကျွန်တော်ပူသော အပူမှာ အလွန်ဒုက္ခများလှပါသည်။
ပူလွန်းလျင် ပန်ကာ ဖွင့်ဟု ပြောကြမည် ဖြစ်သော်လည်း ကျွန်တော့ အနေဖြင့် ပန်ကာလေအား မကြိုက်ပါ။ သဘာဝလေ တိုက်ခြင်း နှင့် ပန်ကာလေ တိုက်ခြင်း မတူပါ။ အဘယ့်ကြောင့်မှန်းမသိ ကျွန်တော် ပန်ကာလေ အား မကြိုက်ပါ။ ပန်ကာလေ ကြောင့် အေးသည်ဟုလည်း မထင်ပါ။
ဤသို့ဆိုလျင် Aircon ဖွင့်ပါဟု ဆိုကြပါလိမ့်မည်။ ဟုတ်ကဲ့ ။ နေ့ခင်းဘက် ပူလျင် အိမ်အောက်တွင် ဟိုနေရာထိုင်၊ ဒီနေရာထိုင် ၊ မီးဖိုချောင်ဝင် ၊ ကားဂိုဒေါင် သွား နှင့် ခွေးနေရာမရ ဖြစ်နေသော်လည်း ညဖက်တွင် Aircon ဖွင့်၍ အိပ်သော ကြောင့် ကောင်းမွန်စွာ အိပ်ရသော်လည်း အကျိုးဆက်အနေဖြင့် လကုန်၍ မီတာ စာရင်းစာရွက် ရောက်လာသောအခါ ကျွန်တော့ အနေဖြင့် အားနာရပါတော့သည်။
မည်သူ့အား အားနေနေသနည်း ဆိုသော် ကျွန်တော့ မိဘများအား ဖြစ်ပါသည်။ ကျွန်တော့ အနေဖြင့် အိမ်ခွဲနေကာ ကိုယ်ပိုင်စီးပွားရေး ဆေးဆိုင်ဖွင့်ရန် အသင့်အနေအထားသို့ရောက်ကာမှ Covid-19 ကြောင့် ဒုက္ခများရပါတော့သည်။ ကျွန်တော့ မိဘများက စျေးဆိုင်ဖွင့်၍ မရမည့် အတူတူ သီးခြားမနေပဲ သူတို့နှင့် လာနေရန် ခေါ်သောကြောင့် ကျွန်တော့ မိဘများ နှင့်သွားရောက်နေထိုင်နေရခြင်း ဖြစ်ပါသည်။
လင်မယား နှစ်ယေညက်စလုံးအား တင်ကျွေးထားသည့် အပြင် အိမ်ရှိ အသုံးဆောင်များပါ အခမဲ့ ပေးထားသည့် အတွက် ဤသို့ မီတာခ တက်လာသည်မှာ ကျွန်တော့ အတွက်တော့ အနည်းငယ် မျက်နှာပူစရာကောင်းနေပါသည်။ ရှိစေတော့။ ဤသည်မှာ ကျွန်တော်ပူသော အပူ။
ကျွန်တော် စင်္ကပူတွင် အလုပ်လုပ်စဉ်က လည်း ပူပါသည်။ နေ့ခင်းဘက်တွင် ရန်ကုန်ထက်ပို၍ ပူပါသည်။ သို့သော် ညနေခင်းရောက်လာလျင် အလိုလို အေးသွားပါတော့သည်။ အကြောင်းမှာ စင်္ကပူသည် သစ်ပင်ကြီးများ သစ်တောများ ဒီရေတောများအား စနစ်တကျ ထိန်းသိမ်းထားသော ကြောင့် အပူထိန်းနိုင်ခြင်း ဖြစ်ပါသည်။
ညဘက်တွင် တကူးတက Aircon ဖွင့်အိပ်စရာမလိုပါ။ သို့သော် စင်္ကပူနိုင်ငံသားများကတော့ အကဲပိုသူများ ဖြစ်ရာ သူတို့ပူသော အပူသည် Aircon မှလွဲ၍ အခြား မည်သည်မှ မကယ်နိုင်ပါ။ စင်္ကပူ နိုင်ငံသားတို့ အကဲဆတ်သည့် အကြောင်း သီးသန့်ရေးပါအုံးမည်။ ကျွန်တော်၏ အပူကို ဆက်ကြပါအုံးစို့။
အားလုံးသိပြီး ဖြစ်သည့် အတိုင်း ကျွန်တော်တို့ နိုင်ငံသည် ဘာနည်းပညာမှ မရှိ၍ ကျောက်စိမ်း အတုံးလိုက်ရောင်း ၊ သစ် အလုံး လိုက်ရောင်းဟူသော အနေအထား မှ ဆယ်စုနှစ်တခုခန့်ကြာလာသော အခါ တောင်တန်း တို့မှာ တောင်ကတုံး ဖြစ် မြစ်ချောင်းများ ကော ရာသီဥတု မမှန် ဖြစ်လာပါတော့သည်။ စကား မချော်ခင် အပူ အကြောင်း ဆက်ပါအုံးမည်။
ယခင်လူများ သဘာဝပတ်ဝန်းကျင်အား မည်မျှ ဖျက်ဆီးခဲ့သည် ဖြစ်စေ ပြည်သူတင်သော အစိုးရလက်ထက်တွင် သစ်ပင် ပန်းမန်စိုက်ရန် အများကြီး အားပေးလိမ့်မည်ဟု မျှော်လင့်ထားခဲ့မိပါသည်။ ဤပြည်သူ့ အစိုးရလက်ထက်တွင် မကောင်းဘူးမပြောပါ။ ယခင်ကထက် ထူးခြားသာလွန်စွာ ကောင်းမွန်ပါသည်။
လမ်းတံတားများ ၊ အဆောက်အအုံများ ၊ အဓိကအားဖြင့် လျပ်စစ်မီး မပြတ်တောက်ရေး စသည်စသည်ဖြင့် ချီးမွမ်းစရာ အများ အပြား ရှိပါသည်။ ထို့အတူ လွတ်လပ်သော လူမှုအဖွဲ့အစည်းများကလည်း ကျန်းမာရေး ၊ သန့်ရှင်းရေး မှ အစ ပရဟိတ အဖွဲ့များဖွဲ့စည်းကြကာ ကူညီရိုင်းပင်းနေကြသည်မှာလည်း အားတက်စရာ ဖြစ်ပါသည်။
သို့သော် ယခုအချိန်ထိ ကျွန်တော့စိတ်ထဲတွင် မတင်မကျ ဖြစ်နေသည်မှာ သစ်တောရေရာဖြစ်ပါသည်။ လူမှုအဖွဲ့အစည်း များ ၊ ဌာနဆိုင်ရာများ ၊ ကျောင်းများ ၊ ပရဟိတ လုပ်ငန်းများ လုပ်ဆောင်နေကြသူများအား သစ်ပင်စိုက်ရန် မနှိုးဆော်နိုင်ခြင်း အတွက် ကျွန်တော် ဘဝင်မကျဖြစ်နေခြင်း ဖြစ်ပါသည်။
အမှန်ဆိုရလျင် ကျွန်တော်တို့ နိုင်ငံအနေဖြင့် တတိုင်းတပြည်လုံး နိုင်ငံတော် အဆင့် သတ်မှတ်ချက်ဖြင့် သစ်ပင်စိုက်ကြလျင် နှောင် လေး ငါးနှစ် တွင် ဤယနေ့ အချိန်ကဲ့သို့ အပူမများတန်ရာ။
ဤသည်မှာ ကျွန်တော့ အတွေးသာ ဖြစ်၍ အစိုးရမင်းများအား အပြစ်ဆိုလိုခြင်း မဟုတ်ပါ။ အစိုးရမင်းများကလည်း သစ်ပင်စိုက်ခြင်း ထက်ပို၍ အရေးကြီးသော ၊ ပညာရေး ၊ ကျန်းမာရေး ၊ စီးပွားရေး ၊ လမ်းပန်းဆက်သွယ်ရေး ၊ စသည်စသည် တို့အား အလျင် ဦးစားပေးလုပ်ဆောင်နေရ၍ ဤသစ်ပင်စိုက်ရန် အားပေးမှုအား ဒုတိယ ဦးစားပေး အဆင့်တွင် ထားဟန်ရှိပါသည်။ ရှိစေတော့။
ယမန်နေ့ညက ဆိုင်ကလုန်း အဖန်မ် ကြောင့် ညလုံးပေါက်နီးပါး မိုးရွာသွန်းသွားပါသည်။ ဤယနေ့ တနေ့လုံးလည်း တိမ်ထူထပ်ကာ မိုးရွာလိုက် တိတ်လိုက်ဖြင့် တနေ့လုံး ရွာသွန်း ဖြိုးနေပါသည်။ အမှန်တော့ ကျွန်တော် ဤ ဆိုင်ကလုန်း ကို မျှော်နေခြင်း ဖြစ်ပါသည်။ မုန်တိုင်းအား မျှော်ရမည်လောဟု အပြစ် မတင်စေချင်ပါ။
ကျွန်တော့ အနေဖြင့် အပူဒါဏ်အနည်းငယ် လျော့စေအံ့သောငှာ အနှီး မုန်တိုင်းအား မျှော်မိခြင်း ဖြစ်ပါသည်။ မိုးရွာသွန်းသောကြောင့် ကျွန်တော့အနေဖြင့် အနည်းငယ် သက်သာရာ ရပါပြီ။ သို့သော် ဆိုင်ကလုန်း မုန်တိုင်းဟူသော အရာများမှာ ဘယ်သော အခါမျှ သက်သက်သာသာ ပြီးသွားသည် မရှိပါ။
ဤ ဆိုင်ကလုန်း မုန်တိုင်း အဖန်မ် ကလည်း ကျွန်တော်တို့ မြန်မာပြည် အတွက် မိုးရွာသွန်းစေရန်နှင့် အပူလျော့ စေရန်မျှ ဖြစ်သော်လည်း အန္ဒိယ နှင့် ဘင်္ဂလားရှိ ပြည်သူတို့က မည်မျှ ထိတ်လန့်နေမည်ဆိုသည်ကို တွေးကြည့်၍ သိနိုင်ပါသည်။
အဘယ့်ကြောင့် ဆိုသော် ဤ အဖန်မ် ဆိုင်းကလုန်းသည် မြန်မာပြည်အား အထိနာစေခဲ့သော နာဂစ်ဆိုင်ကလုန်းထက် ပို၍ ပြင်းထန်သည်ဟု ဆိုနေကြပါသည်။ ကျွန်တော်တို့ အေးမြနေသော်လည်း အခြားသူတို့ မည်မျှ ကြောက်ရွံ့ ထိတ်လန့်နေမည်ကို ခန့်မှန်းကြည့်နိုင်ပါသည်။ ကျွန်တော့ အနေဖြင့်လည်း ဆုတောင်း ခြင်းမှလွဲ၍ မတတ်နိုင်ပါ။
လက်ရှိအခြေအနေသည် အအေးသက်သာသော အခြေအနေသို့ ရောက်ပြီ ဖြစ်၍ ကျွန်တော့ အနေဖြင့် သက်သာရာရပြီးဟု ထင်နေကြပါလိမ့်မည်။ ကျွန်တော်ပူနေသည်မှာ ပြင်ပအပူထက် မိုးရွာပြီး နောက်တွင် လိုက်လာမည့် ရာသီ တုတ်ကွေးအား သတိထားမိနေသောကြောင့် ဖြစ်ပါသည်။
မည်သို့ပင် ဆိုစေ အနည်းငယ် အပူငြိမ်းစေသော ဆိုင်ကလုန်း အား ကျေးဇူးတင်ရသလို မိုးမျှော်နေသော မြန်မာပြည်ရှိတောင်သူတို့ကလည်း ကျေးဇူးတင်ကြပါလိမ့်မည်။ ဥတုရာသီ သည် တောကို မှီပါသည်။ ကျွန်တော်တို့ တောများ ဖြစ်အောင် အလျင်အမြန်သစ်ပင်စိုက်ကြရပါလိမ့်မည်။
Henry Aung (Kachin)
ဒီညတော့ မိုးရွာနေလို့ အေးချမ်းစွာ အိပ်စက်ရပါပြီဗျာ။
နှစ်စဉ် သစ်ပင်စိုက်ပွဲတော် ကျင်းပကာ စိုက်ပျိုးကြသော်လည်း
မပြုစု မစောင့်ရှောက်ကြသည့်အတွက် အဖက်မတင်ပါ။
သစ်ပင်စိုက်အဖွဲ့ တည်ထောင်သင့်ပါသည်။
အေးဗျာ ကျွန်တော်တို့ ဆီမှာ အပင်စိုက်တဲ့ ပရဟိတ အဖွဲ့လိုအပ်နေတယ်။
မုန်တိုင်းကို ကျေးဇူးတင်မိပါသည်။ မန်းလေးနွေညတွေဟာ ချွေးထုတ်ခန်းထဲ
ရောက်နေသလို ထွက်လိုက်တဲ့ချွေးတွေ။ မနက်မိုးလင်းလျှင် အင်္ကျီမှာ
ချွေးနံ့တွေ နံစော်လို့😁... အဲယားမကွန်းနိုင်တော့ ကြိတ်မိတ်ခံရသည်ပေါ့။
ဟုတ်ပါ့ဗျာ။ တနေ့တနေ့ စွတ်ကျယ် ဘယ်နှစ်ထည် လည်းရမှန်း မသိဘူး။ ချွေးထွက်တာဆိုတာ ရေချိုးနေတဲ့အတိုင်းပဲ။
ဒီမွာေတာ့ မိုး၇ြာမွေအးတယ္ဗ်ာ
အပူသက်သာသွားပြီပေါ့။
စိုက်ပြီး ထိန်းသိမ်းနိုင်မှ ပိုကောင်းမယ်ထင်တယ်အစ်ကိုရေ။ ဒါေပမယ့် မစိုက်တာထက်စာရင်တော့
တော်သေးတာပေါ့ဗျာ။
အေးဗျာ ကျွန်တော်တို့ ဆီမှာ အပင်စိုက်တဲ့ ပရဟိတ အဖွဲ့လိုအပ်နေတယ်။
နိုင်ငံတော်အနေနဲ့ နည်းပညာပံ့ပိုးပေးနိုင်ရင်ကောင်းမှာပဲ မျှော်လင့်နေရဆဲပါပဲ ဘယ်တော့များမှ 😶
မျှော်နိုင်သမျှတော့ မျှော်ရအုံးမှာပေါ့ဗျာ
ယခု ကိုဟင်က ရန်ကုန်မှာလား။
ဟုတ် ။ ရန်ကုန်ပြန်ရောက်နေပြီ ကိုမဟော်