စိတ်နှလုံးအေးချမ်းအောင် ဘယ်လိုနေထိုင်မလဲ အပိုင်း ၂

in HIVE-MYANMAR5 years ago

FB_IMG_1589141594941.jpg

အားလုံးဘဲ မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့။
စိတ်နှလုံးအေးချမ်းစွာ နေထိုင်နည်းကို ဆက်လက်ဆွေးနွေးပါ့မယ်။ မပြောခင် အပိုင်း ၁ ကို နည်းနည်းနွှေးရအောင်။
၁။ ကိုယ်မကြိုက်တဲ့အာရုံဆိုရင် ချက်ချင်းအစားထိုးပါ ။
၂။ပူမှန်းသိရင် လွှတ်ချပေးပါ။
၃။ ငါ ဆိုတာကို တတ်နိုင်သလောက်လျှော့ပါ။ စွဲလန်းမှုဟာ သောကဖြစ်စေမယ့် အကြောင်းဘဲဆိုတာ သိထားပေးပါ။
စွဲလန်းမှုကြောင့် ဖြစ်တဲ့ စိတ်ပူပန်သောကကိုတော့ တော်ရုံ အားနဲ့တော့ မဖြေဖျောက်နိုင်ဘူး။ လေ့ကျင့်တည်ဆောက်ထားတဲ့ စိတ်ဖြင့်သာ ဖယ်ရှားနိုင်မယ်။ ဟုတ်ပြီ ဘာကြောင့်လေ့ကျင့်ရမှာလဲ ၊ ဘယ်လိုလေ့ကျင့်ရမလဲ။ဘာကြောင့်လေ့ကျင့်ရမလဲ ဆိုရင် စိတ်ဆိုတာ တစ်နေရာတည်းမှာ အမြဲမနေဘူး။ မနေတာက ပြဿနာ မဟုတ်တောင် မထိမ်းသိမ်းနိုင်တာက ပြဿနာ။ ဟိုခုန်သည်ခုန် ဟိုသွားသည်သွား ၊မတွေးစေချင်တာကိုမှ လာတွေးဖြစ် ၊ ထားချင်တဲ့နေရာ ထားမရ၊ နှလုံးမသာမယာ ငိုကြွေးမှုတွေကို ဖြစ်စေသောစိတ်ကို ဖယ်ထုတ်နိုင်ဘို့ စိတ်ကို့လေ့ကျင့်ရတာပါ။ ဒေါသဖြစ်နေရင် မဖြစ်နဲ့လို့ ပြောရတာတော့ လွယ်တာပေါ့ တကယ် အာရုံကိုအစားထိုးဘို့ကြ power လိုသလို ထိမ်းသိမ်းတတ်တဲ့အလေ့အကျင့် လိုတယ်။ တစ်ဖြည်းဖြည်းချင်း စိတ်ကိုငြိမ်သက်အောင် လေ့ကျင့်ယူရတယ်။ပရိဒေဝသောကမီးတွေတောက်လောင်နေရင် ငြိမ်းသတ်ဘို့ ခဲယဥ်းတယ်။သူ့အကြောင်းသိမှ သူ့ကိုထိမ်းသိမ်းရလွယ်ကူတယ်လေ။
ဘယ်လိုလေ့ကျင့်ရမလဲ ဆိုရင်တော့ စိတ်ကို တည်ငြိမ်အောင်တစ်နေရာရာမှာထားရမယ် ၊ စိတ်သဘောကို စောင့်ကြည့်တတ်တဲ့အလေ့အကျင့်ကို မွေးမြူရမယ်။ စိတ်ကိုတည်ငြိမ်စေတဲ့နည်းတွေ မြောက်များစွာရှိပေမယ့် ကျွန်တော်အနှစ်သက်ဆုံးနည်းကို ဖော်ပြပေးပါရစေ။ ပြေးလွှားနေတတ်စိတ်ကို ကိုယ့်ခန္ဓာမှာ အမြဲနေဘို့ထားပါဆိုရင် မိတ်ဆွေတို့ ဘယ်နေရာမှာ ထားမလဲ။ ပြောရမယ်ဆိုရင် သူ့ကို မဆော့နိုင်အောင် အိမ်စာပေးတဲ့သဘောပေါ့။ ဘယ်နေရာမှာ ထားရင် သူငြိမ်သက်မလဲ။ စိတ်မှာ လှိုင်းတွေရှိတယ်။ သူမငြိမ်သက်လေ သူတုန်ခါလေ သူ့ကြိမ်နှုန်းမြင့်လေ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကြီးကို ရိုက်ခတ်တယ်။ ရိုက်ခတ်တော့ စိတ်ကြောင့်ခံစားမှုတွေ ဖြစ်လာတယ်။ ဒါကြောင့် သူ့ကို ငြိမ်သက်အောင် လုပ်ရမယ် တည်ငြိမ်အောင် အလုပ်ပေးထားရမယ်။ ကျွန်တော်တို့ ကိုယ်ခန္ဓာမှာ မွေးသည်မှ သေသည်အထိ အလုပ်လုပ်နေတာက အသက်ရှူခြင်းဖြစ်ပါတယ်။ နောက်ပြီး သူ့မှာ စည်းချက်နဲ့အတူ လှုပ်ရှားတယ်။ လေဝင်တာနဲ့ လေထွက်တာက balanceမျှတယ်။ မြန်ချင်မြန်မယ် နှေးချင်နှေးမယ် လေဝင်လေထွက်ကတော့မျှတယ်။ စိတ်ကို အလုပ်လုပ်ခိုင်းဘို့ အကောင်းဆုံးဘဲ။ လေဝင်လေထွက် timing လေးကို စောင့်ကြည့်ရင်း စောင့်ကြည့်ရင်း စိတ်ကလေးလည်းစီးမျောပြီး တစ်ဖြည်းဖြည်း ငြိမ်သက်လာပါတယ်။ ဒါကိုဘဲ ကမ္မဌာန်းလုပ်တယ် Meditation လုပ်တယ်လို့ ​ခေါ်ကြတာပါဘဲ။ ဘာကြောင့်နှစ်သက်လဲပြောရရင် ဘယ်အချိန်မဆို ဘယ်နေရာမဆို ကိုယ်ခန္ဓာဘယ်လိုပုံစံမျိုးမဆို လုပ်လို့ရတယ်။ အလုပ်လုပ်နေရင်းတောင် လုပ်လို့ရတယ်။ နှာခေါင်းဝက လေဝင်လေထွက်ကို သူစိမ်းတစ်ယောက်က စောင့်ကြည့်တဲ့ပုံစံမျိုးနဲ့ စောင့်ကြည့်ဘို့ စိတ်ကိုအလုပ်ပေးထားပါ။ ဒါကိုလုပ်နိုင်ရင် သင့်တာဝန်ကျေပါပြီ။ ဒါပေမယ့် အချိန်များများလုပ်နိုင်ဘို့ အရေးကြီးတယ်။
ဝေဘူဆရာတော်ဘုရားကြီးဟာ ထိုနည်းနဲ့ဘဲ ရဟန္တာဖြစ်တယ်ဆိုတာ သမိုင်းမှတ်တမ်းရှိပါတယ်။ ဟောတဲ့တရားပွဲတိုင်းမှာလည်း ဝင်လေထွက်လေကိုစောင့်ကြည့်စေတဲ့ ထိုနည်းတစ်ခုတည်းကိုဘဲ ပေးပါတယ်။ မိတ်ဆွေ တကယ် စိတ်နှလုံးအေးချမ်းစွာ ဘဝကိုဖြတ်သန်းချင်ရင် အထက်မှာကျွန်တော်ပြောခဲ့သလို ဝင်လေထွက်လေကို စောင့်ကြည့်ပေးရုံဖြင့် သင် ပိုင်ဆိုင်နိုင်ပါတယ်။ ၂၄ နာရီမှာ ၁ နာရီလောက်လုပ်ပြီး တစ်ဘဝလုံးအေးချမ်းချင်ရင်တော့ မရဘူးပေါ့မိတ်ဆွေ။ တစ်နေ့ကိုတစ်နာရီလောက်လုပ်ပြီး နှစ်ပေါင်း ၂၀ ၃၀ ကြာ တရားနဲ့ နေနေတယ်ဆိုပြီး မိမိစိတ်ကို​ချွေးသိပ်နေတဲ့ လူတွေ ကျွန်တော်တို့ နိုင်ငံမှာ များပြားစွာရှိပါတယ်။ ကောင်းတော့ကောင်းပေမယ့် ထိုက်သင့်သလောက် အကျိုးမဖြစ်စေဘူးပေါ့။ အနက်၁၀ပေ ရေတွင်းတူမှ ရေထွက်မှာကို တစ်ပေအနက် ကျင်း ၁၀၀ တူလည်း ရေမထွက်ပါဘူး။ ထိုင်မှမဟုတ်ပါဘူး စောင့်ကြည့်တတ်တဲ့ အလေ့အထ ဖြစ်ဖို့ အဓိကပါ။ ထိုင်ပြီးမှတ်ရင်တော့ စိတ်တည်ငြိမ်မှု မြန်ဆန်စေတာပေါ့။ စိတ်အေးချမ်းချင်ရင် ဒါလေး လုပ်နိုင်ရင် ဖြစ်ပါတယ်။ ဒီအလေ့အကျင့်ရှိမှလည်း အာရုံတွေကို အစားထိုးနိုင်မယ့် စွမ်းအားရှိမှာဖြစ်ကြောင်း ပြောကြားရင်းနိဂုံးချုပ်လိုက်ပါတယ်။
သတ္တဝါအာလုံး စိတ်နှလုံးအေးချမ်းပါစေ။

မဟော် ( ရှားကိုး)
14/5/2020
6:37 pm

Sort:  

မကောင်းတာ တွေးမြင်ပြုမိရင် state change ဆိုပြီး
ကောင်းတဲ့ဘက် ပြောင်းပစ်လိုက်မယ်

good idea

ဆင်ဖမ်းကျားဖမ်းထက် စိတ်ဖမ်းခက်တယ်ဗျာ။
သတိနဲ့ ဝင်လေထွက်လေ ငုတ်တိုင်မှာ စိတ်ကိုချီနှောင်ထားရမယ်။
ကိုမဟော်တင်ပြပုံကောင်းပါတယ်။ ကျနော်တို့လို လူငယ်တွေတွက်
ဗဟုသုတရစေပါတယ်။

ျေးဇူးပါညီ။