ဘိဘိသနက ပို၍လေးနက်စွာ ပြောလိုက်ပြန်သည်။
''အံမယ် ဒီလိုဆိုတော့ငါက မိန်းမတန်မယ့် မိုက်မဲညံ့ဖျင်းမှုကိုချည်း အောက်မေ့ဆင်ခြင်နေတယ် လို့ ဆိုတာပေါ့လေ။ ဒီမှာ ဘိဘိသန၊ လောကမှာ ဘုန်းလက်ရုံးအာဏာသာလျှင် အမှန်ကန်ဆုံးပဲ''
''မဟုတ်ဘူး၊ နင်မှားနေပြီ၊ အသိဥာဏ်သာ အမှန်ကန်ဆုံး''
''တိတ်ကြစမ်း ဒါဟာပရောဟိတ်တွေရဲ့ နေရာမဟုတ်ဘူး၊ဒသဂီရိရဲ့နန်းတော်။ရာဝဏရဲ့နန်းတော်။ ဒီနေရာမှာ ဘာမှမမှန်ဘူး။ ဒသဂီရိသာ မှန်တယ်။''
ကျွန်ုပ်က ဘုရင့်အာဏာသံဖြင့် ငေါက်ငမ်းလိုက်သောအခါမှနှစ်ဦးလုံးတိတ်လျက် လက်အုပ် ချီလိုက်ကြသည်။
''နန်းရင်ပြင်မှာခစားတဲ့ပုံစံနဲ့ ဒီလိုလုပ်နေစရာသည်း မလိုပါဘူး။ အငြင်းအခုံတွေ ရပ်ကြဖို့ငါက ပြောတာပါ။''
''ကဲ .. အသုရာမင်းရဲ့ ပဏ္ဏာတော်စစ်ရထားကို သေသေချာချာ ကြည့်ပါအုံးလေ''
မိဖုရားမန္ဒောက သတိပေးမှပင် ကျွန်ုပ်တို့ သုံးဦးစလုံး စစ်ရထားဆီင်္သို့ အာရုံပြန်ရောက် သွားသည်။ စာတန်းထိုးထားသော 'မြားကာ' တစ်ခုလုံးတွင်ရွှေပိန်းချထားသည်။ ရထားတွင်း၌ ခြင်္သေ့ရေများကို ခင်းထားသောကြောင့် နူးညံ့လှပေသည်။ အမိုးမရှိသောကြောင့် ရထား၏ ပုံစံသည် ပို၍ကြွနေသည်။ ဘေးအကာများကိုမူ ကြေးနီသုံးထပ်ကာရံပြီး ဒြာဝိဒိယန်မျိုးနွယ်တို့၏ ခြင်္သေ့တံဆိပ်များကို ရွှေသားဖြင့်ထုလုပ်ပုံဖော်ထားသည်။
ရထား၏လက်ဝဲဘက်အတွင်း နေရာတွင် လေဟာဖြင့်ပြုလုပ်ထားသည့် မြားကျည်တောက်နှင့် ရတနာစီချယ်ထားသည့် ကြီးမားလှသော လေးကြီးနှစ်ခုချိတ်ထားသည်။ ကျည်တောက်ထဲရှိမြားတံများ၏ အသွားမှာ ဝင်းလက်နေသည်။ လက်ယာဘက်တွင်မူ သန်လျက်ဓားနှင့် လှံတံများချိတ်ရန်ထောင်ရန် အကန့်များရှိသည်။ အထူးခြားဆုံးကား ရထားဘီးနှစ်ဘက်၏ဝင်ရိုးများဖြစ်သည်။ဝန်ရိုးတန်သည် ဘီး၏အပြင်ဘက်တစ်တောင်ခန့်မျှထိုးထွက်နေပြီး သန်ချွန်အတက်များဖြင့် အတိပြီးသည်။ ဘီးဒေါက်နေရာတွင်လည်း သံချွန်များတပ်ဆင်ထားသည်။ စစ်မြင်းခြောက်ကောင်၏ ဇက်ကို ထိန်းသော ကြိုးများကို မြားကာတစ်ဖက်ရှိရွှေရောင်လက်ကိုင်တွင် ရစ်ခွေထုံးနှောင်ထားသည်။ ရွှေထည်နှင့်သံထည်များဖြင့်သာ အတိပြီးသော ဤစစ်ရထား၏အလေးဒဏ်ကို မြင်းခြောက်ကောင်သည် တစ်ဟုန်တည်း ပြေးဆွဲနိုင်ပါမည်လောဟု ကျွန်ုပ်သံသယဖြစ်လာသည်။ မြင်းများအားလုံး အနက်ရောင်ဖြစ်သည်။
နှာရောင်အဖြူစင်းမှစ၍ ခွာလေးဖက်အထက် အမွေးများ ပွနေပုံထိ ခြောက်ကောင်စလုံး တစ်သွေးတည်း တစ်ဆင်တည်းဖြစ်ပေသည်။ အဆင်းအားဖြင့်တာ့ မြင်းကြီးများသည် ခန့်ညားကြပါပေသည်။ သို့သော် ကျွန်ုပ်နှင့်တကွသော လေးလံသည့် ရထား၏အလေးချိန်ကို သင်းတို့ဆွဲနိုင်ပါမည်လား။ သံသယနှင့်ပြသနာကို အချိန်မပေးတတ်သည့် ကျွန်ုပ်သည် ရထားပေါ် သို့ခုန်တက်လျက် ဇက်ကြိုးများကို စုဆွဲရင်း နောက်ဆုံးမြင်းနှစ်ကောင်၏ တင်ပါးကိုရိုက်ချလိုက်သည်။
အားလုံးဖတ်စေချင်လို ပြန်လည် အပိုင်းတွဲလုပ်ပြီ တင်ပြပေးလိုက်ပါသည်။
အပိုင်း ၇ မျှော်
ဇာတ်လမ်းတွဲတွေမှာ ဒီလို နှောင်းခေတ်ပြန်တွေ ရေးတာ ရှားသွားပါပြီ ဆက်လက်အားပေးနေပါ့မယ်
ဟုတ် အားပေးမူရှိလို ကျေးဇူးတင်ပါတယ် ရှင့်