မျက်လုံးအစုံကိုဖွင့်ကြည့်လိုက်တော့ အဖြူရောင်မျက်နှာကျက် အဖြူရောင်နံရံကိုသာ မြင်နေရပါသည်။ကျွန်တော်ဘယ်ရောက်နေပါလိမ့်။တဖြည်းဖြည်းပြန်စဉ်းစားနေရသည်။သြော်...ကျွန်တော့်အိမ်ကိုပြန်ရောက်နေပါလား။အိပ်ယာကကမန်းကတန်းထ အိမ်အောက်ကိုပြေးဆင်းသွားလိုက်မိသည်။အိမ်အောက်မှာလည်း အိမ်သားတွေတစ်ယောက်မှမတွေ့ရ။ဘယ်သွားကြပါလိမ့်။အိမ်ကြီးက တိတ်ဆိတ်လွန်းလှသည်။ဒီအချိန် ဘယ်ထွက်သွားကြလဲ စဉ်းစားမရတော့။အမေရော အဖေရော အကိုရော အမရော တစ်ယောက်မှ အရိပ်တောင်မမြင်ရ။ကျွန်တော့်ကိုအသိမပေးဘဲ ထွက်သွားကြသည်ကို စိတ်ဆိုးနေမိသည်။ဘာအကြောင်းကိစ္စများအရေးကြီး၍ တစ်အိမ်သားလုံးထွက်သွားကြသနည်း။စဉ်းစားရင်းနှင့်ဧည့်ခန်းထဲ ထိုင်နေမိလိုက်သည်။ခဏအကြာ အပြင်ကကားသံကြားလိုက်သည်။ဟော..အမေတို့ပြန်လာပြီထင်သည်။
"အီး ဟီး ဟီး အမေ့သားလေး အမေ့ကိုထားခဲ့ပြီပေါ့ အီး ဟီး ဟီး"
အမေဘာဖြစ်လာသည်မသိ ငိုယိုနေလို့ပါလား။ဘယ်သူဘာဖြစ်တာလဲ အရမ်းသိချင်နေမိသည်။ကျွန်တော်အပြင်ကိုပြေးထွက်လိုက်ပါသည်။ကားပေါ်မှ အမေနှင့် ညီမလေး အကိုတစ်ယောက်ဆင်းလာပါသည်။အမေ့ကိုတွဲရင်းနှင့်။
"အမေ ဘာဖြစ်လာတာလဲဗျ ငိုယိုလို့ ကြားလို့မှမကောင်းဗျာ"ကျွန်တော်လှမ်းမေးလိုက်သည်။
"အီး ဟီး ဟီး "ကျွန်တော်မေးတာကိုမဖြေဘဲ ငိုမြဲတိုင်းငိုနေတော့သည်။ကျွန်တော့်ကို အဖတ်မလုပ်ကြတာလား။
"အကိုကြီး ဘာဖြစ်လာတာလဲလို့ မေးနေတယ်လေဗျာ"အကိုကြီးကလည်း ဘာမှပြန်မပြော။ကျွန်တော့်ကိုတောင်မကြည့်ကြတော့ဘူးဘယ်သူဘာဖြစ်လို့ ကျွန်တော့်ကိုတောင် ပြန်မဖြေနိုင်ကြတာလဲ။
"စိတ်လျော့ပါအမေရယ် အကိုလေးလည်း သူ့ကံကဒီလောက်ပဲပါလာလို့နေမှာပါ သေတဲ့လူကသေပြီပဲ ဘယ်တတ်နိုင်ပါ့မလဲ တရားနဲ့ဖြေပါအမေရယ်"
ဟာ..ညီမလေးဘာတွေပြောနေတာလဲ အကိုလေးဆိုတာ သူကျွန်တော့်ကိုခေါ်တာလေ ကျွန်တော်က ဘာလို့သေရတာလဲ။သူတို့ရှေ့မှာရပ်နေတာ မမြင်ကြဘူးလား။
"အမလေးးး အမေ့သားလေး ရန်နောင်ရေ အမေ့ကိုဘာလို့ထားသွားတာလဲ အမေ့သားလေးကိုမှဘာလို့အစောကြီးခေါ်သွားရတာလဲ အီး ဟီး"ကြားရသည့်စကားများကြောင့် ခေါင်းနားပန်းကြီးသွားသည်။ကျွန်တော့်နာမည်ကိုခေါ်ပြီး ငိုနေပါလား။ကျွန်တော် ဘာဖြစ်သွားပါလိမ့်။တစ်ခုခုစမ်းကြည့်မှဖြစ်တော့မည်။အကိုကြီး ချထားသော ကားသော့ကို လှမ်းကောက်ကြည့်လိုက်မိသည်။သို့သော် ကိုင်၍မရ။လက်ထဲပါမလာခဲ့။ဟာ ကျွန်တော်တကယ်ပဲသေသွားတာလား။သိချင်ဇောနှင့် ဆေးရုံသို့ ပြေးထွက်လာခဲ့ပါသည်။ဆေးရုံကိုခဏလေးနှင့်ရောက်လာခဲ့ပါသည်။ဆေးရုံသို့ရောက်ချင်း ရင်ခွဲရုံသို့ ပြေးသွားလိုက်ပါသည်။
မြင်ရသောမြင်ကွင်းကြောင့် ကြောင်စီစီဖြစ်သွားမိသည်။အကြောင်းကားကျွန်တော့်ခန္ဓာကိုယ်ကို ခွဲစိတ်နေခြင်းပင်။ကျွန်တော်ရုတ်တရက်ဆိုသလို အရုပ်ကြိုးပြတ်ခွေလဲကျသွားပါသည်။ကျွန်တော်တကယ်သေသွားခဲ့ပြီပဲ။ထင်မှတ်မထားသောသေခြင်းတရားနှင့်ရင်ဆိုင်ခဲ့ရပါပြီ။ကျွန်တော်ဆေးရုံမှပြန်ထွက်ချိန် အဖေနှင့်တွေ့ပါသည်။အဖေက ကျွန်တော့်ကိုမီးသဂြိုလ်ဖို့စီစဉ်နေပြီ။"အဖေသားဒီမှာလေ" အော်ပြောနေပေမဲ့ အဖေလည်းမကြားနိုင်တော့ပါ။ထို့နောက်ကျွန်တော့်ခန္ဓာကိုယ်ကို ဆေးရုံမှ ထုတ်လာပါတော့သည်။မီးသဂြိုလ်တော့မည့် ကျွန်တော့်ခန္ဓာကိုယ်အား ကြည့်ရင်း ငိုချင်လာမိသည်။ဘယ်လိုကြောင့် ဝမ်းနည်းနေမှန်းမသိ။အသက်ရှိစဉ်က သေမည့်အကြောင်းမစဉ်းစားမိခဲ့။အပျော်အပါးနှင့်သာအချိန်ကုန်ခဲ့သည်။အခုတော့ သေခြင်းတရားက ရက်ချိန်းမပေးဘဲလာခေါ်ဆောင်သွားခဲ့သည်။
ဟိုဟိုဒီဒီစဉ်းစားရင်းအိမ်ကိုပြန်ချင်မိသည်။အမေ့အိမ် အမေ့နားမှာပဲနေချင်မိသည်။ထို့ကြောင့် ကျွန်တော် အိမ်သို့ ဦးတည်ပြေးထွက်လာခဲ့ပါသည်။စိတ်ထဲတွင်ပေါ့ပါးနေပြီးလေထဲဝဲပျံနေသလိုခံစားနေရသည်။တစ်နေရာနှင့်တစ်နေရာကို ခဏလေးနှင့်ရောက်သည်။အိမ်ရောက်တော့ မိသားစုအားလုံးစုံညီနေသည်ကိုတွေ့ရသည်။အဝေးတွင်အလုပ်လုပ်နေသော အမကြီးလည်းပြန်ရောက်နေပါသည်။အမကြီးနှင့်ကျွန်တော်ကမတည့် အမြဲလိုလိုရန်ဖြစ်ကြသည်။ကျွန်တော်က မကောင်းသာမှန်သမျှမလွတ်ကင်းသည့် သူ။ဒါကို အမကြီးက ချွန်တွန်းဝင်လုပ်သည်။မိဘများကတော့ အလိုလိုက်အကြိုက်ဆောင်ကြသည်။လောင်းကစား၊အရက်၊ဆေးပြားအကုန်လုပ်သည်။အခုကျွန်တော်သသည်ဆိုတာလည်းဆေးချပြီးဆေးလွန်ပြီးသေဆုံးခြင်းဟုသိရသည်။ကျွန်တော့်ဘဝတွင်မိန်းမနှင့်ပတ်သတ်ရင်ပဲလွတ်ကင်းသည်ဟုဆိုရမည်။ကောင်းမှု ကုသိုလ်ဟူ၍မရှိ။ကိုယ်တိုင်သေခြင်းတရားနှင့်တွေ့ဆုံမှသာ ကုသိုလ်ကောင်းမှုများအကြောင်းသတိရမိသည်။ကျွန်တော်မသေချင်သေးဘူးဗျာ။
ဒီလိုနဲ့မိုးချူပ်တော့ မီးဖိုချောင်ထဲ သွားထိုင်နေမိသည်။အမေမီးဖိုချောင်ထဲဝင်လာတာတွေ့ရပါသည်။ကျွန်တော့်အမေသတိမိအောင် ကျွန်တော်စားနေကျ ပန်းကန်ကိုအောက်သို့ဆွဲချလိုက်ပါသည်။
"ဂလွမ်း.."
အမေရုတ်တရက်လန့်သွားပါသည်။ပြီးမှ ပန်းကန်အားကောက်ကိုင်ပြီး မျက်ရည်စတွေဖြင့်
"သားလေးရေ အမျှ အမျှ အမျှ"လို့ပြောပြီး ငိုနေပါတော့သည်။ကျွန်တော်လည်းငိုနေပါတယ်အမေ။ကျွန်တော်ရုတ်တရက်တစ်စုံတစ်ယောက်ကိုသတိရမိသွားသည်။ဟုတ်သည်..ကျွန်တော့်ချစ်သူ သီတာ။သူ့ဆီသွားရန်ပြေးထွက်ခဲ့ပြန်သည်။လမ်းတွင် တွေ့ရာလူများကို ခြောက်လန့်ခဲ့သည်။တချို့က ထွက်ပြေးကြသည်။တချို့က အော်ကြသည်။သူတို့လန့်လျှင် ရီနေရသည်။ဒီလိုနှင့် သီတာအိမ်ရောက်တော့ သီတာအိပ်သည့်အခန်းတံခါးအား အားကုန်ရိုက်ထည့်လိုက်သည်။မည်သူမှထမကြည့်ရဲ။အိုးခွက်ပန်းကန်များကိုလည်း မွှေနှောက်ပစ်လိုက်သည်။တစ်အိမ်သားလုံး လုံးဝထမကြည့်ကြပါ။မသေခင်က ကျွန်တော့်အားအရမ်းချစ်ခဲ့သည့် သီတာ အခုတော့ ကြောက်နေမည်ထင်သည်။
ပြီးတော့ ကျွန်တော့်သူငယ်ချင်းတွေဆီ တစ်ယောက်ပြီးတစ်ယောက် လိုက်လံခြောက်လန့်ပါသည်။သူတို့လန့်ရင် ကျွန်တော်ပျော်သည်။တစ်ယောက်ကျန်သေးသည် ကျွန်တော့်အမကြီး။အမကြီးတို့သားအမိအိပ်နေသည်ကို အမကြီးအား ကျွန်တော် ခြေထောက်ဆွဲလိုက်ပာသည်။နဂိုကတည်းကကြောက်လန့်တတ်သော "အမကြီးမှာ ကြောက်လန့်တကြားထပြေးပါတော့သည်။ပါးစပ်မှလည်း
ကြောက်ပါပြီ ရန်နောင်ရယ် ငါ့ကိုမခြောက်ပါနဲ့တော့" လို့ဆိုပြီးအကျယ်ကြီးအော်ပါတော့သည်။မှတ်ပြီမဟုတ်လားဟု စိတ်ထဲတွင်ပျော်နေမိတော့သည်။လေထဲတွင်ငှက်တစ်ကောင်လိုပျံဝဲလိုက်လမ်းလျှောက်လိုက်နှင့်ပျော်မြူးနေခဲ့သည်။
ဒီလိုနဲ့ရက်လည်မည့်ရက်ကိုရောက်လာခဲ့ပါသည်။ရက်လည်မည့်နေ့တွင် မိသားစုများမှ အမျှပေးဝေပါက သာဓုခေါ်ရင် ကောင်းရာဘုံဘဝကိုရောက်သည်ဟု ကြားဖူးပါသည်။ထို့ကြောင့်လျှောက်သွားနေရာမှကျွန်တော်အိမ်သို့ပြန်လာခဲ့သည်။အိမ်ရှေ့သို့ရောက်သောအခါ ကိုယ်ရောင်တောက်တောက်နှင့်ခြံစောင့်နတ်ဟုထင်ရသော နှစ်ယောက်က အိမ်ထဲသို့ပေးမဝင်တော့ပါ။ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ရက်လည်နေ့ကျော်သွားပြီတဲ့။သာဓုလည်းမခေါ်ရပါ။ပျော်ပါးပြီးအချိန်ကုန်နေခဲ့တာနဲ့ ရက်လည်နေ့ကိုသတိမရခဲ့ပါ။အိမ်ထဲဝင်ချင်သော်လည်း ဝင်လို့မရတော့။
စိတ်ညစ်ညစ်နှင့် လမ်းထိပ်သို့ထွက်ခဲ့ပါတယ်။ထို့နောက်မှာတော့ ကိုယ်လုံးထွားထွားနှင့်တစ်ယောက်က ကျွန်တော့်အားလာဆွဲခေါ်ပါတော့သည်။"ဘာလုပ်တာလဲဗျ ကျွန်တော့်ကိုဘာလို့လာဆွဲခေါ်နေရတာလဲ"ကျွန်တော်မေးလိုက်မိသည်။
ထိုခပ်ထွားထွားကောင်မှ "မင်းကိုငရဲ ပို့ရမှာ မင်းမသေခင်က လုပ်ခဲ့တဲ့ အကုသိုလ်အကျိုးတွေကြောင့်ပေါ့ မင်းကမိဘမျက်ရည်ကျ စိတ်ဆင်းရဲအောင်လုပ်ခဲ့တဲ့ကောင် ကုသိုလ်ကောင်းမှုဆိုတာ ဘာမှမင်းမလုပ်ခဲ့ဘူး ဒါကြောင့်ငရဲ သွားရမှာ"
ထိုသူပြောလိုက်သောစကားကြောင့် ကျွန်တော်ချွေးဇောများပျံသွားသည်။ကြောက်လည်းကြောက်လာသည်။မည်သူ့ကိုမှ အကူအညီတောင်းလို့လည်းမရ။ထွက်ပြေးရန် ရုန်းသော်လည်း အချည်းနှီးသာ။"ကျွန်တော့်ကိုအခွင့်အရေးပေးပါ ငရဲမင်းရယ်"ကျွန်တော်မျက်နှာငယ်လေးနှင့်ပြောလိုက်ပါသည်။သို့သော်
"နောက်ကျသွားပြီ မရတော့ဘူး မင်းကိုလူ့ဘဝမှာထဲက အခွင့်အရေးပေးခဲ့ပြီးပြီ လာသွားမယ်"ကျွန်တော်ငိုယိုပြီးတောင်းပန်ပေမဲ့သနားစိတ်ကလေးနည်းနည်းတောင်မရှိဘူးဗျာ။အမေ့ကို တွေ့ချင်ပြီး ကျွန်တော့်အတွက်ကုသိုလ်ကောင်းမှု ပြုလုပ်ခိုင်းစေချင်သည်။သို့ပေမဲ့ အချိန်လွန်ခဲ့လေပြီ။နောင်တနှင့်သာ ငရဲမင်းခေါ်ရာကိုလိုက်သွားရတော့မည်။ဖြစ်နိုင်ရင် လူ့ဘဝကိုပြန်သွားပြီး ကုသိုလ်ကောင်းမှုနှင့်လူအများအကျိုးသယ်ပိုးချင်သည်။ထိုအတွေးမျိုး မသေခင်က အဘယ်ကြောင့်မတွေးမိပါလိမ့်ဟု ကျွန်တော့်ကိုကျွန်တော်အပြစ်တင်ရင်း..။
(စိတ်ကူးအတွေးဖြစ်ရေးသားထား၍ လိုအပ်သည်များလည်းရှိနိုင်ကြောင့် သည်းခံဖတ်ပေးကြပါဗျာ)
photos from google image
Author by @nandasai(MSC.076)
Already voted @nandasai
Ok thank
လူ့ဘ၀ရတုန်း ကုသိုလ် ကောင်းမှူတွေ အများကြီးလုပ်ရမယ် ☺
ဟုတ်ပါတယ်ဗျာ