#အလတ်မ [ စ/ဆုံး ]

in #life7 years ago

#အလတ်မ [ စ/ဆုံး ]
..

တနင်္ဂနွေရက်ကလေး ကျောင်းပိတ်ထားတော့ ဝတ္ထုစာအုပ်လေးနဲ့အ
ခန်းထဲ နှပ်လို့ကောင်းနေတုန်း

" ဘွားဘွား "

ဆိုတဲ့ မပီကလာအသံလေးနဲ့ တဆက်တည်းမှာဘဲပျော်မြူးသွားတဲ့ မေမေ့ အသံလေးကိုပါ ကြားလိုက်ရတယ် ။

" ဟယ် ဘွားမြေးလေး လာပါဥိး "

ဖတ်လက်စ စာအုပ်လေးကိုချပြီး အပြင်ဖက်ကို ထထွက်မယ်အလုပ်မှာ
စကားသံတွေက ဆက်တိုက်ထွက်လာခဲ့တယ် ။

" မြေးလေး ဘာစားပြီးပြီလဲ "

" မေမေ့ဆီက အကြော်စားထားတယ် ဘွားဘွား "

" ထမင်းစားချိန် လွန်နေပြီ မြေးလေး ဗိုက်ဆာမှာပေါ့ - ဘွားဘွားထမင်း
ကျွေးမယ် နော် "

" မေမေ - မီးမီး ထမင်းစားရမလားဟင် - မီးမီး ဗိုက်ဆာတယ် "

" ဗိုက်ဆာရင် အိမ်ပြန်ပြီးမှ စားရအောင်နော် - အိမ်ရောက်ရင် မေမေ
ကြက်ဥ ကြော်ပေးမယ် "

" မီးမီး ဗိုက်ဆာလို့ပါ မေမေရဲ့.. "

" သမီး.. "

" အလတ်မ - ကလေးဗိုက်ဆာတာကို ညည်း ကြားနေနိုင်တာလား
ငါက ညည်းအမေပါ အေ - ဒီအိမ်က ညည်းမိဘ အိမ်ပါ အေ့ "

" ဒါပေမယ့် သမီးကြောင့် ဖေဖေ နဲ့ မေမေ အပြောခံရပေါင်းမှ မနည်း
တော့တာ မေမေရယ် ၊ ပြီးတော့ ဒီနေ့ မောင်လေး ရောရှိနေတယ်မလား
နေပါစေ မေမေ - အိမ်ရောက်မှဘဲ သမီးကို ကျွေးလိုက်ပါ့မယ် "

ကြားနေရတဲ့စကားတွေက ရင်ထဲသံနဲ့ရိုက်သလို နာကျင်လှပါဘိ ။
ဝဲတက်လာတဲ့ မျက်ရည်ကို ဖယ်ထုတ်ရင်း နာရီကိုတချက်မော့အကြည့်
နေ့လည် ၁ နာရီနားကပ်နေပြီ ။
မနက်ကနေ ဒီအချိန်ထိ တလမ်းဝင်တလမ်းထွက် အကြော်ဗန်းလေး
ခေါင်းပေါ်ရွက် - သမီးလေးကို လက်တဖက်ကဆွဲရင်း အကြော်လည်
ရောင်းရာကနေ ခုချိန်မှ အိမ်ပြန်ရတဲ့ အဖြစ် .. ။ ကလေးဆိုတာ ညာ
တတ်တာမျိုးမဟုတ် ။ ဘယ်လောက်တောင် ဗိုက်ဆာနေပြီးမှန်းမပြော
တတ်တော့.. ။ မနေသာတဲ့ အဆုံး အခန်းပြင်ထွက်လာခဲ့လိုက်တယ် ။

" ကလေး - ဗိုက်ဆာနေတာကို - ကျွေးလိုက်တာ မဟုတ်ဘူး - လာ
မီးမီး အန်ကလ်လေး ကျွေးမယ် "

တူမလေးက မဝံ့မရဲလေးနဲ့ ကျနော့် ကိုကြည့်နေရှာတယ် ။ ရင်ထဲ နင့်
ခနဲပါဘဲ ။ မီးဖိုချောင်ထဲ ဝင်ပြီး ပန်းကန်လေး ၂ ချပ်ချပေးရင်း ထမင်း
နဲ့ ဟင်းကို အဆင်သင့် ခူးခပ်ပေးပြီးခါမှ ..

" မလတ် - ကလေးကို ခေါ်ပြီး သွားစားလိုက်တော့ .."

မလတ် မျက်နှာလေး တချက်ဝင်းထိန်သွားသလို - မျက်ဝန်းမှာလည်း
မျက်ရည် ပြည့်လျှံနေခဲ့ပြီ ။ ကလေးကို လက်ကလေးဆွဲရင်း
မီးဖိုချောင်ထဲ ဝင်သွားတဲ့ မလတ် နောက်ကျောလေးကို ကြည့်ပြီး
ကျနော်လည်း မျက်ရည်ဝဲမိပါရဲ့.. ။
ဧည့်ခန်း ပက်လက်ခုံပေါ်မှာ မှိန်းနေတဲ့ ဖေဖေက အစအဆုံးကြားပြီး
ပြီမို့ မျက်လုံးလေးတချက်ဖွင့်ရင်း ကျနော့် ကို ကျေနပ်တဲ့အကြည့်လေး
နဲ့ကြည့်လာခဲ့တာလည်း ရင်နင့်မိပါရဲ့.. ။
မခံသာနိုင်တဲ့ အဆုံး အခန်းထဲဝင်ပြီး အိပ်ရာထဲ မှောက်အိပ်ချလိုက်
တယ် ။ မျက်ရည်စီးကြောင်းတို့က ခေါင်းအုံးလေးပေါ်မှာကျဆင်းနေခဲ့
ပြီ လေ ။ သူ့ခြေ - သူ့လက် တအိမ်လုံးနှံ့နေခဲ့တဲ့ မလတ်က
အိမ်သားတယောက်ယောက် အမှိုက်ပစ်ချမိရင် ပွစိ ပွစိနဲ့မြည်တွန်
တောက်တီး ခဲ့ဖူးတဲ့ သူ့နေရာဟောင်း လေးကိုပင်ခြေမချဝံ့အောင်
ဖြစ်နေခဲ့တာတဲ့လား .. ။
ဘယ်လောက်တောင်ကြာနေခဲ့ပြီလဲ ။


တမိပေါက် တယောက်ထွန်းတော့မဟုတ် ။စုန်းပြူးတယောက်ရယ်လို့
လည်းမပြောရက် .. ။ ကိုကြီး ၊ မကြီး ၊ မလတ် ပြီးမှ ကျနော် မွေးချင်းလေးယောက်ထဲမှာမှ မလတ်က ညာဏ်အထိုင်းဆုံးပြောရမလား
ဆယ်တန်းကို အခါခါ ကျပြီး ကျောင်းထွက်ခဲ့ရသူ ။ မေမေနဲ့အတူကူပြီး
တမိသားစုလုံးအဝတ်တွေ လျှော်ဖွတ် ချက်ပြုတ်ပေးခဲ့သူ ။ တအိမ်လုံး
ကို အမှိုက်တစ မကျန်အောင် လှဲကျင်းရှင်းလင်းထားတတ်ပါပေရဲ့.. ။
တခါတလေ
ကျနော့် သူငယ်ချင်းတွေ အိမ်လာလည်လို့ စားစရာတခုခု စားသောက်
ပြီး အိတ်ခွံလေးကို အမှတ်တမဲ့ ပစ်ချမိရင်

" ဟေ့ - ဒီမှာ ခုလာကောက် - ဒီလောက်ရှင်းလင်းထားတာတောင်
ပစ်ချရသလား အမှိုက်ပုံး သွားမထည့်တတ်ဘူးလား "

အဲသလိုမျိုး အားမနာတမ်း ပြောတတ်လို့ ကျနော်နဲ့စကားများရတာ
ခနခန ။ သူငယ်ချင်းများကို မျက်နှာပူရတာအကြိမ်ကြိမ်ရယ် ။
ကျနော့် သူငယ်ချင်းများကို ဘဲမဟုတ်သေး ။ ကိုကြီးသူငယ်ချင်းတွေ
ရော - မကြီးသူငယ်ချင်းတွေရော သူက ငဲ့မနေဘဲ ဒိုးဒိုးဒေါက်ဒေါက်
ပြောချတတ်မြဲသာ .. ။
ထိုသို့သော မလတ်က စိတ်ပုတ်တာလား ဆိုတော့လည်းမဟုတ်
ပြန်ဘူးရယ် ။ ကျနော့် သူငယ်ချင်းတွေစားဖို့ လက္ဖသုတ်လေးတွေ
သံပုရာရည်တွေ စေတနာပါပါ လုပ်ကျွေးတတ်သေးရဲ့.. ။

" မင်းရဲ့ မလတ်က အပြောမတတ်တာကွ - စေတနာကတော့ တအိမ်
လုံးမှာ သူက အသာဆုံးဘဲ "

မောင်နှမတွေနဲ့ ပတ်သက်ပြီးလာသမျှ သူငယ်ချင်းတွေက မလတ် အပြောနဲ့ လွတ်ခဲ့တာတော့ မရှိဘူးလေ ။ အပြောမလွတ်သလို အကျွေး
မွေးလည်း မလွတ်ခဲ့.. ။ တခါတလေ မောင်နှမတွေရဲ့ သူငယ်ချင်း
တွေ အိမ်လာလည်ရင်း ထမင်းစားချိန် ကျော်နေခဲ့ရင် မလတ် က ထမင်း
အပိုလေးထပ်ချက် - ညနေစာ ဟင်းထဲက သူ့အတွက်ဝေစုကနေ ဖဲ့
ကျွေးတတ်သူတယောက်ပါ ။

" အလတ်မက အပြောမတတ်တာမဟုတ်ဘူး - စည်းကမ်းရှိတာ -
အမေ့ကိုယ်စား သူက အကုန်ဝင်လုပ်ပေးနေရတော့ အမေ ပြောမဲ့ စကားတွေ သူက ဝင်ပြောပေးနေတာဘဲ "

သားသမီးတွေနဲ့ပတ်သက်လာရင် ဘက်မလိုက်တတ်တဲ့ ဖေဖေ့ရဲ့
ဆုံးမ စကားကိုတော့ ကျနော်တို့နားထောင်ရမြဲလေ ။
ဒါပေမယ့်
တလောတုန်းဆီကမှ သူဌေးချွေးမ ဖြစ်သွားတဲ့ မမကြီးဆီက စကား
တချို့ထွက်လာခဲ့တယ် ။

" စည်းကမ်း ရှိတာက ရှိတာပါ ဖေဖေ - အလတ်မ ကိုယ်က ရိုင်းတာ
ပညာမတတ်တော့ စဉ်းစားချင့်ချိန်ညာဏ်နည်းတယ်လေ "

ထိုစကားကို ကျနော် မနှစ်သက်ခဲ့မိတာတော့ အမှန်ပါဘဲ ။
ကိုယ့်ထက် အကြီးတွေချည်းမို့ ကျနော် ဝင်ပြောဖို့ခက်နေခဲ့ပါရဲ့.. ။
ဖေဖေ နဲ့ မေမေ ကတော့ သူစိမ်းဖက်သွားပြီဖြစ်တဲ့ သမီးကြီးကို သိပ်
ပြောလိုပုံမရခဲ့ .. ။ အတိုင်ဖောက်ညီတတ်တဲ့ အထက်နဲ့အောက်
မောင်နှမ ပီပီ ကိုကြီးက မကြီးရဲ့စကားကို ရာနှုန်းပြည့် ထောက်ခဲ့
နေခဲ့တယ် ။
မလတ်ကတော့ မျက်ရည်အဝဲသားနဲ့ပေါ့လေ .. ။


မကြီးအိမ်ထောင်ပြုပြီး နောက် ၁ နှစ်မှာဘဲ ကိုကြီးကသူ့ချစ်သူ နဲ့
လက်ထပ်သွားခဲ့တယ် ။ ကိုကြီးရော - မကြီးရော ယောက္ခမ အိမ်
အသီးသီး ရောက်သွားကြချိန် မလတ် နဲ့ ကျနော်ဘဲကျန်ခဲ့တော့တယ်
ကျနော် ဆယ်တန်း စတက်တဲ့ နှစ်မှာဘဲ မလတ်က သူ့ချစ်သူနောက်
ကို ခိုးရာ လိုက်သွားတော့တာပါဘဲ ။
မလတ်ကိုယ်တိုင်က ပညာမတတ်ခဲ့သလို သူ လိုက်ပြေးသွားတဲ့
ယောက်ျားက ဆိုက္ကားသမား ဖြစ်နေတော့ ..

" မွဲချင်တဲ့ ခွေး - ပြာပုံတိုး "

စကားကိုရက်ရက်စက်စက်သုံးနှုန်းပြီး

" အိမ်ရိပ်တောင် မနင်းစေနဲ့ "

တချက်လွတ်အမိန့်ကို လာထုတ်ပြန်သွားသူက ဖေဖေ နဲ့မေမေ
မဟုတ်ဘဲ ကိုကြီးနဲ့ မကြီးတို့ ဖြစ်နေခဲ့တယ် ။ တိုက်ဆိုင်မူလေလား
အဲဒီနှစ်မှာဘဲ ဖေဖေ က လေဖြန်းဝေဒနာကို ကောက်ကာငင်ခါ ရလိုက်
လေတော့ ..

" အလတ်မ ကြောင့် "

ကိုကြီးနဲ့ မကြီးတို့ရဲ့ လက်ညှိုးတွေက မလတ် ဆီမှာဘဲ ရှိနေခဲ့တယ်
ခါတိုင်း ဖေဖေ့ လစာရယ် ..
မေမေ့ အိမ်ဆိုင်လေးရယ် အမှီသဟဲပြုနေရတဲ့ ကျနော့် တို့အိမ်လေး
မှာ ဖေဖေက ဆေးပင်စင်ယူလိုက်ရတော့ မေမေ့ အိမ်ဆိုင်လေးကိုဘဲ
အားကိုးသဖွယ် ဖြစ်လာရတာပေါ့ ။ နာတာရှည်လို ဖေဖေ့ ဝေဒနာကို
ကုစားရ တာရော - ဆယ်တန်း ကျောင်းသား ကျနော့်အတွက် ကုန်ကျ
ရတာရော လိုက်မီမှုမရှိခဲ့တာတော့ အမှန်ပါ ။

" အိမ် စားစရိတ် သမီးထောက်ပံ့မယ် "

" ဖေဖေ့ ဆေးဖိုးနဲ့ ညီလေးကျောင်းစရိတ် သား ကူမယ် "

ကိုကြီးနဲ့ မကြီးဆီက အလျှံပယ် ကူညီလာပြန်တော့ ကျနော့်တို့အိမ်
လေး ပြန်လည်စိုပြေလာခဲ့ပါရဲ့.. ။ ဆိုက္ကားသမား မယား မလတ်ကို

" ဗိုက်ကလေး တလုံးနဲ့ အကြော်လည်ရောင်းနေတာ တွေ့တယ် "

ရပ်ကွက်ချင်းက တော်တော်လေးခြားနေတော့ မတွေ့ဖြစ်ခဲ့တာလည်း
အမှန်ပါဘဲ ။ ကျနော် ကိုယ်တိုင်ကလည်း မလတ် ကို မတွေ့မြင်ချင်ခဲ့
တာ ဝန်ခံမိပါရဲ့.. ။

" အငယ်ကောင်နော် - အလတ်မ နဲ့သွားတွေ့ရင် နင်လည်း သေခန်း
ပြတ်ဘဲ - မိသားစုကို အရှက်ခွဲသွားတဲ့ ဟာမ "

မကြီးစကားကို နာခံခြင်းရယ်တော့မဟုတ်ဘူး ။ မလတ် ပုံစံကို ကျနော်
မတွေ့မြင်ချင်ရုံသက်သက်ပါဘဲ ။ ထို့အတူ ကိုကြီးဆီက

" ဖေဖေ နဲ့ ညီလေးအတွက် "

ဆိုပြီးပေးလာတဲ့ထဲက ဖေဖေ့ အတွက်ဘဲ အသုံလိုတဲ့ ငွေလောက်ကို
ဘဲ လက်ခံ စေခဲ့တယ် ။ ကျနော့် ပညာရေးအတွက် မေမေ့ ဈေးဆိုင်
ထဲကနေ ခြိုးခြံချွေတာ သုံးရင် လုံလောက်နေပြီလေ ။

" ဒီအရွယ်နဲ့ မာနက တက်ပြနေချင်သေးတယ် "

တနေ့တော့ သူ့ဆီခယရမှာဘဲ အတွေးမျိုးနဲ့ ကိုကြီးရဲ့ လှောင်ပြောင်
ရိပ်တွေကို ကျနော် သဘောမကျခဲ့ဘူးလေ ။ ကျနော့် မောင်နှမတွေကို
မချစ်တာတော့မဟုတ်ပြန်ဘူး ။ ချစ်ပါတယ် ။ ဒါပေမယ့် သဘောမကျ
မိဘူးရယ် .. ။
တအိမ်လုံးမှာ အငယ်ဆုံးဖြစ်ပြီး စကားအနည်းဆုံး လူဖြစ်နေခဲ့တယ် ။
ဝါသနာပါတဲ့ စာအုပ်လေးတွေဖတ်ရင်း နေတတ်ခဲ့တယ် ။ ကိုကြီး ဖြစ်
စေ ၊ မကြီးဖြစ်စေ အိမ်လာလည်တဲ့အခါမျိုးမှာ ကျနော်က ကိုယ့် အခန်း
မှာဘဲ ဝင်ပြီးစာအုပ်ဖတ်နေတတ်ခဲ့တယ် ။
သူတို့သားသမီး - ကျနော့် တူ - တူမလေးတွေပါလာရင်တော့ ကလေး
တွေကို ချီပိုး ပြီး ကလေးတွေနဲ့အတူ ဝင်ကစားဖြစ်ခဲ့ပါရဲ.. ။

" သမီး မိန်းကလေးမွေးတယ် "

တောင်းဆိုးပလုံးဆိုးသာ ပစ်ရိုးထုံးစံရှိခဲ့တယ် ။ သားဆိုးသမီးဆိုး ပစ်ရိုး
ထုံးစံမှ မရှိတာ ။ မလတ် ကလေးမျက်နှာမြင်တဲ့ချိန် မေမေ ကိုယ်တိုင်
သွားနေပေးခဲ့တယ်လေ ။

" မြင်ရတာ ရင်ထဲမချိ လိုက်တာ အကိုရယ် - ကျမ သမီးလေး ဘဝ
ကို ကြည့်ပြီး မခံစားနိုင်ဘူး ၊ အိမ်ကလည်း အစုတ်လေးကို ငှားနေ
ကြတာ ၊ ကောင်လေးမှာလည်း ဖအေကမရှိတော့ဘူး - အမေမုဆိုးမ
ကလည်း ဘာမှ မလုပ်တတ်မကိုင်တတ် - ကောင်လေးဆိုက္ကားနင်း
တာလေးကို အားကိုးပြီးနေရတာတဲ့ - အကို့ သမီးက အကြော်လေး
ရောင်းရင်းတဖက်ဝင်ငွေရှာတာတဲ့လေ - ခု ကလေးမွေးဖို့ ပိုက်ဆံကို
အတိုးနဲ့ ချေးထားရတယ်တဲ့ "

ဖေဖေ့ကို မျက်ရည်လေးတစမ်းစမ်းနဲ့ ပြောပြနေတဲ့ မေမေ့ လည်ပင်း
လေးမှာ ငါးမူးသား ရွှေဆွဲကြိုးလေး မတွေ့တော့ဘူးရယ် .. ။
ကျနော်ကတော့ ဘာမှ မပြောလိုခဲ့ ။ ကိုကြီးနဲ့ မကြီးရောက်လာချိန်
မှာတော့ တအိမ်လုံး ညံနေခဲ့ပါရဲ့.. ။

" နင်တို့က မောင်နှမ အချင်းချင်း ပစ်ထားနိုင်ပေမယ့် ဒီမအေ က
ဗိုက်လွယ်ပြီး မွေးထားတာအေ့ မပစ်နိုင်ဘူး - မျက်နှာမလွဲနိုင်ဘူး
ရှင်းလား "

မေမေရဲ့ စကားသံပြတ်အောက်မှာ ကိုကြီးနဲ့ မကြီးက ဘာမှ မတတ်သာတော့ စိတ်ဆိုးမာန်ဆိုးနဲ့ အိမ်ပေါ်ကနေ ဆင်းသွားကြတာ
တလ လောက် အိမ်ဖက်ကိုလှည့်လာဖော်တောင်မရခဲ့ဘူးလေ ။


ကျနော် ဆယ်တန်းအောင်တဲ့နှစ်ကလည်း အိမ်မှာ ဂယက်အနည်းငယ်
ထခဲ့သေးတယ် ။

" အလုပ် လုပ်ရင်း အဝေးသင်ဘဲ တက်မယ် "

ဖေဖေ ရော - မေမေရော သဘောမကျခဲ့သလို ။ ကိုကြီးနဲ့ မကြီးကလည်း ကန့်ကွက်ခဲ့ကြတယ် ။ သူစိမ်းဖက်နေတဲ့ ညီကို မောင်
နှမတွေဆီက အထောက်ပံ့ နဲ့ ကျောင်းမတက်ချင်တာတော့ အမှန်ပါဘဲ

" မေမေ့ မှာ သားငယ် အတွက် စုထားတာ ရှိတယ် "

အိမ်ဆိုင်လေးကနေ ဖဲ့ပြီးစုထားမှန်းလည်း သိပါရဲ့.. ။ ဒါပေမယ့်
ကျနော့်အတွက် တာဝန်တခုမဖြစ်စေချင် ။ ကျနော့် ထက်စာရင် မလတ်
က ပို အခက်ခဲကြုံနေတာ သိထားတော့ နုတ်ကဖွင့်ဟ မပြောမိပေမယ့်
ကျနော့်အတွက် ကုန်ကျမဲ့ ငွေကို မလတ်အတွက် တခုခုတော့
လုပ်ပေးစေချင်ခဲ့တယ် ။
ဒါပေမယ့်
ကျနော့် နုတ်ကပြောမထွက်ဖြစ်ခဲ့ .. ။ မလတ် ခမြာ မိသားစုရိပ်မြုံလေး
ကို လွမ်းဆွတ်ပြိး တခါ လာလည်တုန်းက မကြီးရောက်လာတာနဲ့တိုး
ရော ခွေးမောင်းသလို မောင်းချ လိုက်သတဲ့ ။ ကျနော် အပြင်သွားနေ
ခိုက်မို့ မဆုံလိုက်ရ - မသိလိုက်ရ ။ ထိုသို့သောအခြေနေမျိုးမှာ

" မလတ်ကို ကူညီလိုက်ပါ "

ပြောခဲ့ရင်များ ကိုကြီး နဲ့ မကြီးက ကျနော့် ကိုပင် သေခန်းဖြတ်လေမလားဘဲ ။ မလတ်နဲ့ ကျနော် မတွေ့တာ
တောင် ဘယ်လောက်ကြာနေခဲ့ပြီလဲ ။
မလတ်နဲ့ ပတ်သက်ရင် တော်စပ်နေရတဲ့ ယောက္ဖ ဖြစ်သူ မျက်နှာ
ကိုတောင် ကျနော် မမှတ်မိချင်ခဲ့ .. ။
တနေ့
ကျနော် တို့ သူငယ်ချင်းတွေ လက္ဖရည်ဆိုင် ထိုင်နေတုန်းမှာ

" ညီလေး - အိမ်ပြန်ရင် ဒီဆေးလေးအဖေ့ အတွက်ယူသွားပေးပါနော်
အကို တို့တတ်နိုင်တာလေး နဲ့ ကန်တော့ ပေးတာပါ "

ဖေဖေ လိမ်းနေကျ လင်ဇီး တိုင်းရင်းဆေးဗူး ၅ -ဗူးကို ကြွတ်ကြွတ်အိတ်
လေးနဲ့ထည့်ရင်း လာပေးနေသူက မလတ်ရဲ့ ယောက်ျားမှန်း နီးနီးကပ်
ကပ်မြင်ဖူးတဲ့အဖြစ်ရယ် . ။
လက်ခံယူလိုက်တာနဲ့ ဝမ်းသာသွားတဲ့ ဟန်လေးက ကျနော့်ရင်ထဲ
ဘယ်လို ဖြစ်သွားမှန်းမပြောပြတတ်ခဲ့ . ။

" အဲဒါ - ဘယ်သူလဲကွ "

ကိုယ့်ထက်အသက်ငယ်ရွယ်သူတယောက်ကို မဝံ့မရဲ ပုံစံလေးနဲ့
ခပ်ယို့ယို့လေး ပြောလာသူ တယောက်ကို သူငယ်ချင်းတွေရှေ့မှာ

" ဒါ - ငါ့ ယောက္ဖ "

ခပ်မော့မော့လေးတော့ ကျနော် မပြောဖြစ်ခဲ့ပါဘူး ။

" မလတ် ယောက်ျား "

ရင်ထဲက တကယ်အသိမှတ် ပြုလိုက်တဲ့ စကားတခွန်းဆိုတာတော့
သေချာနေခဲ့တယ် ။ မကြီး ယောက်ျားကိုလည်း ကျနော်က " အကို "
ခေါ်သလို ကိုကြီး မိန်းမ ကိုလည်း " အမ " သာခေါ်ဖြစ်ပြီး သိပ်တော့
အရောတဝင်မနေတတ်ခဲ့ဘူးလေ ။

" မောင်နှမ လေးယောက်မှာ အငယ်ကောင်က အအေးဆုံးနဲ့စကား
အနည်းဆုံးဘဲ "

အလိမ္မာဆုံးတော့ဖြင့်မဟုတ်ပါ ။ သေချာ ပြန်စဉ်းစားကြည့်ရင်
ကိုကြီးကနေအစ - ကျနော်ထိ မောင်နှမ လေးယောက်လုံး လိမ္မာဆုံး
စာရင်းထဲ ဘယ်သူမှ ဝင်မနေခဲ့တာ အမှန်ဘဲ ။


" အလတ်မ ယောက်ျား ထိုင်းနိုင်ငံဖက်ကို အလုပ်သွားလုပ်တယ် "

မေမေ ယူဆောင်လာတဲ့ သတင်းကို ကြားချိန်မှာ မလတ် သမီးလေး
မီးမီး က ၂ နှစ်အရွယ် ရှိနေခဲ့ပြီ ။ ယောက်ျား လုပ်သူ မရှိတော့ ယောက္ခ
မ တာဝန်နဲ့ သမီးလေး အတွက်ကို မလတ် တယောက်တည်း
အကြော်လည်ရောင်းရင်း ရုန်းကန်နေခဲ့ရတယ် ။
မီးမီးကို တခါတလေ မေမေက အိမ်လည်ခေါ်လာတတ်ပေမယ့်
လူကြီးရိပ်တွေကို ကြည့်နေတတ်တဲ့ မီးမီးက မကြီးတို့ ကလေးတွေ
လောက်ရဲရဲတင်းတင်း ရှိမနေခဲ့ .. ။
အထူးသဖြင့်
ကျနော့် ကို မြင်ရင် လန့်သလို - ကြောက်သလို ရှိနေတတ်တဲ့ မီးမီး
လေးကို ကျနော်အသနား ပိုခဲ့တာတော့အမှန် ။ ကိုကြီးတို့ မကြီးတို့
သားသမီးတွေလာရင် ကျနော့် အခန်းကို ဗြောင်းဆန်ကုန်အောင် မွှေ
နှောက်တတ်ကြသလောက် မီးမီးလေး ကျတော့ တုတ်တုတ်လေးမှ
တောင် မလှုပ်ရဲခဲ့ဘူးရယ် ။
တခါတုန်းဆီက
မီးမီးကို မေမေ ခေါ်လာမှန်းလည်း ကျနော် မသိသေး ။ စာအုပ်
ဖတ်ရင်း အိပ်ပျော်နေခဲ့တယ် ။ အိပ်မက်လိုလို ဘာလိုလို တစုံတယောက် လက်က ကျနော့် မျက်နှာလေးကို လာတို့ထိနေတယ်
ဆိုပြီး လန့်အနိုး .. ။
ကျနော့် မျက်နှာကို မမှိတ်မသုန်လေးကြည့်နေတဲ့ မီးမီးလေးကို တွေ့
လိုက်ရတာပါ ။

" မီးမီး ရောက်နေတာလား "

" ဟုတ် "

" မေမေရော ပါဘူးလား "

" မေမေက လာရဲဘူးတဲ့ - ကြီးကြီးတို့ စိတ်ဆိုးမှာ စိုးလို့တဲ့ "

" ဟာ .. "

" အန်ကလ်လေး "

" ဗျ "

" မီးမီး ကို ချစ်လားဟင် "

" ချစ်တာပေါ့ မီးမီးရဲ့ "

" ဘဘကြီး နဲ့ ကြီးကြီးက မီးမီး ကို မချစ်ကြဘူး - အရုပ်မ သမီးတဲ့ "

အယုတ်မ လို့ပြောလိုက်မှန်း နားလည်လိုက်တဲ့ခနမှာ ကျနော့်ရင်ခွင်
တခုလုံး လောင်မြိုက်သွားသလို ခံစားလိုက်ရပါရဲ့.. ။ ဒါတွေလား
ပညာတတ်အုပ်စု ။ ဒါတွေလား သွေးသားသံယောဇဉ် ၊ နုနယ်လွန်း
တဲ့ ကလေးတယောက် ကို စိတ်ဒဏ်ရာတွေ ပေးခဲ့ကြပြီ ။
ကျနော်ရော ..
တက္ကသိုလ်ပညာဆည်းပူးနေပါတယ် ဆိုတဲ့ ကျနော်ရော
ဒိကလေးအပေါ် ဘယ်လောက် အပြစ်တွေ လုပ်မိခဲ့ပြီလဲ ။
မီးမီးလေးကို ရင်ခွင်ထဲ ဆွဲသွင်းပြီး နမ်းရှိုက်လိုက်တဲ့ ကျနော့် မျက်ဝန်း
တွေဆီက မျက်ရည်စက်တွေကမီးမီးလေး ပါးပြင်ပေါ်ကို ကျဆင်းသွား
တယ် ထင်နေခဲ့တာ .. ။
မီးမီးလေးက ကျနော့် ဆီက မထင်မှတ်ဘဲ ရရှိလိုက်တဲ့ မေတ္တာ အတွက်
ငိုနေခဲ့တယ်ဆိုတာ နောက်မှ သိခဲ့ရတယ် ။
အဲဒီနောက်ပိုင်းမှာ
မီးမီးလေးကို ကျနော် အကြွေးတင်နေသလိုခံစားနေခဲ့ရတာတော့အမှန်
ပါဘဲ ။


ရေသောက်ဖို့ ကျနော် ဝင်သွားတော့ သမီးလေးကို ခွံကျွေးရင်း သူပါ
စားမဲ့ဆဲဆဲ ထမင်းလုတ်လေးကရပ်တန့်သွားရှာတယ် ။ ရင်ထဲ နင့်ခနဲ
ဘဲ ။

" စားလေ မလတ် - ဘာဖြစ်နေတာ ကိုယ့် အိမ်ဘဲဟာ "

" မောင်လေး .. "

" အရူးမ ငိုမနေပါနဲ့ ကလေး လန့်နေပါ့မယ် မလတ်ရယ် - မီးမီးစား
နော် - ပြီးရင် အန်ကလ် လေးနဲ့ဆော့ဖို့ကျန်နေခဲ့ - ညနေမှ အန်ကလ်
လေး ပြန်လိုက်ပို့ပေးမယ် နော် "

" မလတ်တို့အိမ် ကို နင်လာလည်မလို့လား မောင်လေး "

" အင်းလေ - ဘာဖြစ်လဲ - ဟာ ငိုပြန်ပြီ - ကဲ စားစရာရှိတာစား
မီးမီးလေး မေမေ က ဝမ်းသာလို့ ငိုနေတာနော် - မီးမီးလေး နား
လည်တယ်ဟုတ် "

" ဟုတ် အန်ကလ်လေး "

" ကလေး စိတ်မကောင်း ဖြစ်နေမယ် မလတ် - မငိုနဲ့တော့ "

" အင်းပါ - ငါ့ မောင်လေးနဲ့ ခုမှ စကားပြန်ပြောရလို့ ဝမ်းသာမိလို့ပါ "

" ကဲ အေးဆေး စားကြ "

ဆက်နေရင် ကျနော်ပါ ငိုမိမယ်ထင်ပါရဲ့.. ။
အခန်းထဲဝင်ရုံရှိသေးတယ် ၊ ခြေသံနဲ့အတူ အသံတွေက ဆက်တိုက်
အိမ်ပေါ်ကို လွင့်ကြဲကျလာတာ

" အလတ်မ တို့ရောက်နေတာလား - ဘာလဲ ငတ်ပြတ်တော့ မိဘ
အိမ်ကို အရှက်မရှိ တက်လာပြီးစားတာလား -"

အမှန်တကယ် ဝန်ခံရရင် ကျနော့် မကြီး ဒီလောက် ရိုင်းစိုင်းခက်ထန်
လိမ့်မယ်လို့ ကျနော် မထင်ခဲ့ပါ ။ ထို့အတူ ကိုကြီးရောဘဲ

" အကိုကြီးတော့ အဖအရာ "

မွေခံထိုက်သူတဲ့လား ။ ပြောထွက်လာတဲ့ စကားတွေ ကျနော်ပင် ခံနိုင်
ရည်မရှိခဲ့ . ။

" သေခန်းဖြတ်ထားပါတယ် ဆိုမှ ခွေးမတကောင်ကို အိမ်ပေါ်တင်
ပြီးအစာကျွေးနေတယ် - အဖေနဲ့ အမေ တို့လုပ်တာ မဟုတ်သေးဘူး"

ကိုကြီးရဲ့တောက်တချက်အခေါက်မှာ မေမေ့ ငိုသံလေးက လွင့်ကျလာ
ခဲ့တယ် ။

" ပြောကြဟေ့ ပြောကြ - နင်တို့ပေးစာ ကမ်းစာ စားနေရတဲ့ မိအို
ဖအို ဆိုတော့ ပြောထားကြ - မောင်နှမတွေတဲ့ ကြားလို့မှ ကောင်းသေး
ရဲ့လား - မိဘ တွေတောင် မသေသေးဘူး - ရက်စက်နေကြတာ
အကို - ကျမ တို့ ဘယ်လို သားသမီးတွေကို မွေးထားရတာလဲ အကို
ရဲ့ .. "

ဝေဒနာသည် ဖေဖေ့ဆီက မပီမသ ငိုသံလေးကြားတဲ့အခိုက်မှာ ကျနော်
မနေသာတော့ဘူး ။ အပြင်မှာ ကျနော့်တို့အိမ်လေးကမ္ဘာပျက်နေခဲ့ပြီ
အခန်းထဲကနေ ဝုန်းဆိုပြေးထွက်လာခဲ့တယ် ။ အပြင်ဧည့်ခန်းမှာဒေါသူ
ပုန်ထနေကြတဲ့ ကိုကြီးနဲ့မကြီး ။ ထောင့်လေးမှာ ရင်ဘတ်ထုရင်းငိုနေ
တဲ့မေမေ ၊ ပက်လက်ထိုင်ခုံလေးမှာ လက်ဝါးအုပ်ငိုနေတဲ့ ဖေဖေ ။
မီးဖိုချောင်ထဲဝင်တော့ထမင်းလုတ်လေးတန်းလန်းနဲ့ကျစ်ကျစ်နေအောင် ဖက်ပြီးငိုနေကြတဲ့မလတ်တို့ သားအမိ မြင်ကွင်းက ကျနော့်ရင်ကို တူနဲ့ခပ်ပြင်းပြင်းထုပစ်သလိုခံစားလိုက်ရတယ် ။
မီးဖိုချောင် နံရံမှာ ချိတ်ဆွဲထားတဲ့ အဖိုးရဲ့အမွေ ငှက်ကြီးတောင်ဓါး
ကို ဆွဲယူလိုက်တော့

" မောင်လေး - မောင်လေး မလုပ်ရဘူး "

မလတ်က ဝင်ဆွဲဖို့လုပ်တာကို တွန်းဖယ်ရင်း အိမ်ရှေ့ပြေးထွက်လာ
တဲ့ ကျနော့် ကိုအမြင်မှာ အကြီးနှစ်ယောက်က မျက်လုံးပြူးသွားတယ်

" အငယ်ကောင် .. မင်း . "

ကိုကြီးအော်သံဆုံးခွင့်မပေးလိုက်တော့ဘူး - ခါတိုင်း မော့မကြည့်ဝံ့ခဲ့
တဲ ကိုကြီးနဲ့မကြီးကို ဓါးနဲ့ တည့်တည့်ချိန်ရွယ်ရင်း

" ခင်ဗျားတို့ ခု အိမ်ပေါ်ကနေ ဆင်းမလား - ကျုပ်အပိုင်းပိုင်းဖြစ်အောင် ခုတ်ပစ်ရမလား - မောင်နှမ - ဒါလား မောင်နှမ - ဒီမိဘ ကမွေးပြီး
ဒီသွေးသားတွေ စီးဆင်းနေတဲ့ သူတွေတဲ့လား - သွေးက ရေထက်စေး
တယ်ဆိုဗျ - အလတ်မ အတွက် သိက္ခာကျတယ် - အရှက်ရတယ်
ဟုတ်လား - မိဘ ကို တက်ရိုင်းနေတဲ့ ခင်ဗျားတို့လုပ်ရပ်က ဘယ်
လောက်တောင် သိက္ခာ ရှိနေလဲ - ဂုဏ်ရှိနေလဲ ပြောလေ - မောင်နှမ
အချင်းချင်း သေခန်းပြတ်မလဲ ဘာလေးနဲ့ - ကောင်းပြီ ခင်ဗျား
တို့ ဒီအိမ်ရိပ် လုံးဝ လာမနင်းနဲ့ ၊ မိဘ အိမ် ဆိုပြီး ပိုင်မယ်ဆိုင်မယ်
လာမလုပ်နဲ့ ၊ မိဘ သေမှ အမွေလာခွဲကြ - ခင်ဗျားတို့ နှစ်ယောက်
လုံးရော - သားသမီးတွေရော အရိပ်ယောင်တောင် မမြင်ရစေနဲ့
ခင်ဗျားတို့သိအောင် ပြောလိုက်မယ် - မလတ်ကို မနက်ဖန်ကစပြီး
ဒီအိမ်မှာဘဲ ခေါ်ထားမယ် - သူ့ကို မောင်နှမ အဖြစ်လက်ခံနိုင်မှ
ခင်ဗျားတို့ လာခဲ့ကြ - သွာတော့ သွားကြတော့ "

" သားငယ် .. "

" မေမေ - သား အရမ်းဝမ်းနည်းတယ် - သားတို့မောင်နှမ တွေ လား
ဒါက မောင်နှမတွေလား မေမေ - တယောက်က ခွေးလိုမောင်းချခံနေ
ရတယ် - တယောက်က ဓါးနဲ့ရွယ်နေရတယ် - နှစ်ယောက်က ဘီလူး
သရဲစီးနေတယ် - သွေးသားသံယောဇဉ် ဆိုတာ ဘာလဲ မေမေ - သူတို့
ဂုဏ်သိက္ခာအတွက် သူတို့လုပ်နေတာကကော သိက္ခာရှိရဲ့လား
သား ရင်နာလွန်းလို့ပါ - ဘဝအဆက်ဆက် ဒီလို စိတ်ဓါတ်ရှိသူတွေနဲ့
သား မောင်နှမ မတော်ပါရစေနဲ့ - မဆုံဆည်းပါရစေနဲ့ "

" သားငယ် ဘာဘဲဖြစ်ဖြစ် အကို အမ တွေကို ဓါးနဲ့မရွယ်ကောင်းဘူး
သား ငရဲကြီးမယ် "

" တဘဝစာ ငရဲအတွက် သားခံပါ့မယ် မေမေ - သား ရွယ်ရုံဘဲ ရွယ်
တာပါ သူတို့ကို သား မသတ်ပါဘူး - ဘာဖြစ်လို့လဲ ဆိုတော့
သားရဲ့ အကိုနဲ့အမ ဖြစ်နေလို့ဘဲ - သားရဲ့မောင်နှမ တွေကို သတ်ရ
လောက်အောင် သား မရိုင်းစိုင်းသေးပါဘူး မေမေ - ဒီလို သွေးသား
မဆန်တဲ့ မြင်ကွင်းကို ဆက်မကြည့်နိုင်တော့လို့ သား ကိုယ်သား
စီရင်ဖို့ ယူလာတာပါ "

" သားငယ် မလုပ်ရဘူး နော်သား "

" မောင်လေး - မောင်လေး "

ကျနော့် ကိုယ် ကျနော် ဓါးနဲ့ချိန်ရွယ်လိုက်ချိန်မှာ အကုန်လုံးထိတိထိတ်
ပြာပြာနဲ့ ဖြစ်သွားကြတယ် ။ တအိမ်လုံးရဲ့အချစ်ဆုံး အငယ်ဆုံးလေး
ကျနော့် အသက်ကို စတေးပေးခဲ့လို့ ဒီမောင်နှမတွေ ချစ်ခင်စည်းရုံး
မယ်ဆိုရင် ကျနော် ပျော်ပျော်ကြီး စတေးရဲပါတယ် ။
ကျနော် ဓါးကိုလက်နှစ်ဖက်နဲ့ စုံကိုင်ရင်းအပေါ်ကို မြှောက်ချိန်မှာ
အရင်ဆုံးပြေးဝင်လာသူက မလတ် - ပြီးတော့ ကိုကြီး - ပြီးတော့
မကြီး .. ။ လက်ထဲက ဓါးကို လာယူသွာသူက လမ်းလျှောက်ရင်တောင်
အားယူပြီးလျှောက်နေရတဲ့ ကျနော့် ဖေဖေ ကိုယ်တိုင်ပါဘဲ ။
ငိုသံလေးတွေက အိမ်လေးထဲမှာ ညံစည်နေခဲ့တယ် ။
မီးမီးလေးရဲ့ ကြောက်လန့်တကြားအော်ငိုသံလေးက ထွက်တချက်
မထွက်တချက်နဲ့.. ။ ကလေး စိတ်ထဲ ဘယ်လောက်တောင် တုန်ရီ
နေခဲ့ပြီလဲ .. ။
ငိုသံလေးတွေက ရပ်တနိ့မသွားကြသေးဘူး ။
မနက်ဖန်မှာ အဖြေတခုတော့ ရှိလာမယ်ထင်ပါတယ် ။
ကျနော် မျှော်မှန်းထားတဲ့ မိသားစု - မောင်နှမ သံယောဇဉ်လေးတွေ
ပြန်လည်ရှင်သန်ဖို့ဘဲ ဆုတောင်းရုံမှတပါး ... ။


ကြားလား သေနတ်သံတွေ
ကြောက်လန့်တာတောင် အသံလေးမထွက်ရဲတဲ့ ကလေးငိုသံလေးတွေ
ဒီမြေ - ဒီရေ အတူကြီးပြင်းကြ
အတူ အရိပ်ခိုလှုံကြရင်း
မတူညီတဲ့ အတ္တ စွဲလေးတွေနဲ့ ကျနော်တို့နိုင်ငံလေး ငိုသံမစဲခဲ့တာ
ခုချိန်ထိပါဘဲ ။
မနက်ဖန်တိုင်း မှာ အဖြေရှိတယ်
ကျနော်တို့ လိုချင်တဲ့ အဖြေလေးဘဲ ဖြစ်စေချင်ပါရဲ့.. ။


Sort:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://pornsharing.com/