အသက်မဲ့သွားသော ညတစ်ည

in #life7 years ago (edited)

ကျွန်တော်တို့ မန္တလေးသားတွေကို ဒေသစွဲ၊ ဇာတိစွဲ အရမ်းကြီးတာလို့ပြောကြတယ်ဗျ။ ပြောလည်းပြောလောက်စရာပါ။ ကျွန်တော်တို့မန္တလေးသားတွေက ရေချင်းအတူတူတောင် ကိုယ့်မန္တလေးကျုံးရေကမှ ပိုချိုတာလို့ထင်တဲ့လူတွေ။ ဗုဒ္ဓဂါယာဘုရားဖူးသွားဖို့ထက် မဟာမုနိဘုရားကြီးကိုပဲ တစိမ့်စိမ့်ကြည့်ပြီး ဖူးမျော်ကြည်ညိုနေချင်တဲ့လူတွေ။ ကမ္ဘာပတ်ဖို့ထက် ကျုံးမြို့ရိုးကြီးပဲ ပတ်ချင်နေကြတာ။ ခါကာဘိုရာဇီတောင်တက်ဖို့ထက် ကိုယ့် မန္တလေးတောင်ပဲတက် ချင်ကြတဲ့လူတွေလေ။ အစားအသောက်ဆိုရင်လည်း ကိုယ့်မြို့က အစားအသောက်မှ အကောင်းဆုံးလို့ထင်တဲ့လူတွေ။ဟိုအရင်ကဆို အစိုးရ၀န်ထမ်း ရာထူးတိုးလို့ နယ်ရွေ့ရမယ်ဆိုရင်တောင် ရာထူးကိုပဲစွန့်တယ် မြို့ကိုမစွန့်ဘူးလို့တောင် ရှေးလူကြီးတွေက ပြောကြတယ်ဗျ။ ဘယ်အရပ်ဒေသေတွေမှာ ဘယ်လောက်ပျော်စရာကောင်းကောင်း၊ ပွဲတော်အခါရက်မျိုးမှာတော့ ကိုယ့်မွေးရက်မြေ မန္တလေးမြို့ကို မပြန်ပဲမနေနိုင်ကြပါဘူး။ မြန်မာ့ရိုးရာပွဲတော်တွေမှာ ဘယ်မြို့မှာ ဘယ်လောက်ပျော်စရာကောင်းကောင်း၊ ဘယ်လောက်ကြီးကျယ်ခမ်းနားပါစေ ဘယ်မြို့မှသွားမလည်ပဲ ကိုယ့်မြို့မှာပဲပျော်ကြ ဆင်နွှဲကြတာ။ ။အဲ့ဒီလောက်ထိ ဒေသစွဲ၊ ဇာတိဇွဲကြီးပြီး ကိုယ့်မြို့ကိုချစ်ကြတဲ့လူတွေ။မန္တလေးမြို့ဆိုတာကလည်း မြန်မာ့ယဉ်ကျေးမှုမြို့ မြန်မာအင်အားအကောင်းဆုံးမြို့ဖြစ်တာနဲ့အညီ ၁၂ လရာသီလုံး ပွဲလမ်းသဘင် ပြက်တယ်လို့ကိုမရှိသလောက်ပါပဲ။ မန္တလေးမြို့ရဲ့ ပွဲတော်တွေထဲမှာတော့ သင်္ကြန်နဲ့ တန်ဆောင်တိုင်ပွဲတော်ကတော့ ပျော်စရာအကောင်းဆုံးပွဲတော် နှစ်ခုပါပဲ ။ အဝေးရောက်နေတဲ့ ရွှေမန်းသားတွေ မလွမ်းပဲ မတမ်းတပဲမနေနိုင်တဲ့ ပွဲတော်နှစ်ခုဆိုရင် မမှားပါဘူး။ ဒီပွဲတော်နှစ်ခုမှာတော့ အဝေးရောက်ရွှေမန်းသားတွေဟာ ရောက်ရာဒေသကနေ ကိုယ့်မြို့ကိုယ်ပြန်ပြီး ဆင်နွှဲကြတာပါပဲ။မန္တလေးသင်္ကြန်ပွဲတော်ကတော့ မြန်မာနိုင်ငံသာမက ကမ္ဘာမှာပါ နာမည်ကြီးတဲ့ပွဲတော်တစ်ခုပါ။ အနယ်နယ်အရပ်ရပ်ကနေပြီးတော့ တခုတ်တရ တန်ဖိုးထားပြီး လာရောက် ပျော်ရွှင်ရတဲ့ပွဲတော်ကြီးပေါ့။ မြန်မာ့ရိုးရာ အနှစ်သာရတွေ၊ မန်းဆန်တယ်၊ နန်းဆန်တယ်ဆိုတဲ့ ယဉ်ကျေးပျူငှာတဲ့ မန္တလေးသူ မန္တလေးသားတွေရဲ့ အပြောအဆို အနေအထိုင်တွေကို ဒီပွဲကြီးမှာကောင်းကောင်မြင်တွေ့ခွင့် လေ့လာခွင့်ရကြတာပါ။တန်ဆောင်တိုင်ပွဲတော်ဆိုရင်လည်း သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေစပြီး ဆိုတာနဲ့ တစ်မြို့လုံးက ရပ်ကွက်အသီးသီး၊ ဈေးအသီးသီးရဲ့ကထိန်ပွဲတွေ၊ မိသားစုကထိန်ပွဲတွေနဲ့ တစ်မြို့လုံးစည်ကားလို့နေတော့တာပါပဲ။ နာမည်ကြီး ဈေးချိုကထိန်ကနေစပြီး ဆိုက်ကားဂိတ်အသင်းများက ကထိန်အထိ သဒ္ဒါန်တရား ရက်ရောစွာခင်းကျင်းကြတာပါ။ ဈေးချိုတော် ဈေးရုံ ၁၂ ရုံလုံးကထိန်ဆိုရင် ဇာတ်ပွဲ၊ အငြိမ်ပွဲများ တီးဝိုင်းများထည့်ပြီး တစ်ရုံနဲ့ တစ်ရုံအပြိုင်အဆိုင်ခင်းကြတာပါ။ ကထိန်ရက်တွေမှာ ဈေးလာဝယ်သူများကိုလည်း ဈေးဆိုင်တိုင်းက မုန့်မျိုးစုံချကြွေးပြီးဧည့်ခံကြပါတယ်။
တန်ဆောင်းမုန်းလဆန်း ၁၄ ရက်အဖိတ်နေ့ဆိုရင်တော့ မန္တလေးတစ်မြို့လုံးနီးပါးက စစ်ကိုင်းတောင်ရိုးကိုရောက်ရှိကုန်ကြပါတယ်။ အရင်တုန်းက မန္တလေးမြို့သားတွေဟာ ကထိန်ကို စစ်ကိုင်းတောင်ရိုးကို သွားခင်းကြတာများပါတယ်။ ဒီနေရာမှာ ဘာကြောင့် မန္တလေး ကထိန်အားလုံးနီးပါးဟာ စစ်ကိုင်းတောင်ရိုးကို သွားခင်းသလဲဆိုတာ မသိသေးတဲ့လူတွေသိရအောင်ပြောပြချင်ပါတယ်။ ဒုတိယ ကမ္ဘာစစ်ဖြစ်တော့ မန္တလေးကို မီးလောင်ဗုံးတွေအကြိမ်အကြိမ်အချခံရလို့ မန္တလေးမြို့ဟာ ပြာပုံဘ၀ရောက်ခဲ့ရပါတယ်။မန္တလေးသားတွေဟာ စစ်အတွင်း စစ်ဘေးရှောင်ဖို့အတွက် စစ်ကိုင်းတောင်ရိုးမှာသွားပြီးပုန်းခိုခဲ့ရပါတယ်။ အဲဒီအချိန်မှာ စစ်ကိုင်းတောင်ရိုးက ချောင်အသီးသီးမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေ၊ သီလရှင်ကျောင်းတွေက ကျွန်တော်တို့ မန္တလေးသားတွေကို ကျွေးမွေးပြုစုစောင့်ရှောက်ထားခဲ့ကြပါတယ်။ ထိုကျေးဇူးတရားများကို ပြန်လည်တုံ့ပြန်သောအားဖြင့် မန္တလေးသားတွေဟာ ကထိန်ခင်းရင် စစ်ကိုင်းမြို့မှာသွားပြီး ကထိန်ခင်းကြတာလို့ သိရှိရပါတယ်။
အဖိတ်နေ့ညကတော့ မန္တလေးမြို့က တက္ကသိုလ် ကျောင်းသူကျောင်းသားတွေ ဈေးချိုတော်က ပျိုဖြူချောတွေ အပါအ၀င် မန္တလေးတစ်မြို့လုံးနီးပါး စစ်ကိုင်းတောင်ရိုးရောက်ရှိကြပါတယ်။ အဖိတ်နေ့ညကတော့ မန္တလေးတစ်မြို့လုံးခြောက်ကပ်ကျန်ခဲ့တော့တာပါပဲ။ စစ်ကိုင်းတောင်ရိုးက ရှိရှိသမျှချောင်တွေအားလုံး ကထိန်ပွဲလာသူများနဲ့ ကြက်ပျံမကျစည်ကားနေပါတော့တယ်။ တစ်ချောင်နဲ့တစ်ချောင် လည်ပက်ကြပြီး စတုဒီသာတွေလျှောက်စားရတာ တကယ့်ကိုပျော်စရာကောင်းလှပါတယ်။ အပျိုလူပျိုတွေအတွက်ကတော့ စစ်ကိုင်းတောင် ဇာတ်လမ်းလေးတွေ ဖြစ်တည်ခဲ့ကြတာပေါ့ဗျာ။

လပြည့်နေ့ရောက်မှ မန္တလေးဘက်ကိုကူးကြတယ်။ လပြည့်နေ့ နေ့ခင်းမှာတော့ ကလေးတွေရော လူကြီးတွေပါမကျန် ဆွေမျိုး အသိမိတ်ဆွေအိမ်တွေသွားပြီး ပျော်ပွဲစားဖို့အတွက် မုန့်ဖိုးတောင်းကြပါတယ်။ တစ်ချို့အဖွဲ့တွေကတော့ အတီးအမှုတ် အကအခုန်တွေနဲ့ ပျော်ပွဲစားလိုက်ခံကြတာပေါ့။ ညပိုင်းမှာတော့ ရပ်ကွက်အသီးသီးကအိမ်တွေရှေ့မှာ စတုဒီသာမုန့်မျိုးစုံလုပ်ကြွေးကြတယ်။ ကာလသားလူငယ်တွေကတော့ တက္ကသိုလ်အဆောင်ရှေ့တွေမှာ ကျောင်းသူပျိုဖြူချောတွေရဲ့ မခေါ်မုန်လုံးကို လှည့်ပတ်စားရ လူပျိုလှည့်ရတာ အမောပါပဲ။မန္တလေးတန်ဆောင်တိုင်ရဲ့ မခေါ်မုန့်လုံးနဲ့ မယ်ဇလီဖူးသုပ်ကတော့ နာမည်ကြီးပေါ့ဗျာ။ ပိုက်ဆံရှိတဲ့ အိမ်တွေက ပိုက်ဆံကြဲကြ၊ ပံ့သကူတွေ့ပစ်ကြပေါ့။ ရပ်ကွက်ထဲက ပိုက်ဆံရှိတဲ့နေအိမ်ရှေ့ “ဦးချမ်းသာ ဒေါ်ချမ်းသာပိုက်ဆံကျဲပါဗျို့” ဆိုပြီး လူငယ်တွေစုပြီးသွားအော်ကြတယ်။ အိမ်ရှင်တွေကလည်း ငွေဖလားကြီးပိုက်ပြီး တပြုံးပြုံးနဲ့ထွက်လားပြီး ပိုက်ဆံကြဲတော့တာပဲ။ ကလေးရောလူကြီးရော လုပြီးပိုက်ဆံကောက်ကြတာ ဒူးတွေပွန်း တံတောင်ဆစ်တွေပါပွန်းလို့ပါပဲ။ရပ်ကွက်ထဲပျော်လို့ဝရင်တော့ အ၀တ်အစားအသစ်တွေလဲပြီး စက်ဘီးကိုယ်ဆီးစီးပြီး မဟာမုနိဘုရားကြီး၊ အိမ်တော်ရာ၊ အောင်တော်မူဘုရားတွေမှာ ကျင်းပတဲ့ မသိုးသင်္ကန်း ယက်လုပ်ယှဉ်ပြိုင်မှုတွေကိုသွားရောက်အားပေးကြ ဘုရားဆီးမီးပူဇော်ကြပါတယ်။ ဘုရားကအပြန်မှာ အသံချဲ့စက်ကြားရာ ဘုရားပွဲသွားပြီး ပွဲဈေးတန်းလျှောက်ပြီး ပွဲတော်မုန့်ဈေးတန်းမှာ မြန်မာမုန့်မျိုးစုံဝယ်စားကြတယ်။ကာလသားလူပျိုတွေကတော့ နေ့ခင်းကရထားတဲ့ မုန့်ဖိုးတွေစုပေါင်းပြီး ကြက်သားကာလသားဟင်း ချက်ပြုတ်စားသောက်ကြ သီးချင်းတွေဆိုကြ ကကြနဲ့ အင်မတန်ပျော်စရာကောင်းလှပါတယ်။ ညည့်နက်သန်းခေါင်ရောက်ပြီဆိုရင်တော့ ပံ့သကူဖွက်တာတွေလိုက်ရှာကြ အပျော်အဖြစ် အိမ်တွေ ဆိုင်တွေမှာ ချိတ်ထားတဲ့ ဆိုင်းဘုဒ်တွေကို တစ်ခုနဲ့တစ်ခုပြောင်းတပ်ပေးကြနဲ့ တစ်ညလုံးမအိပ်နိုင်ကြပဲ မိုးလင်းတဲ့အထိပျော်ရွှင်ခဲ့ကြတာပါ။

ဒါပေမယ့် ဒီနေ့ မန္တလေးသူ မန္တလေးသားအများစုဟာ ကိုယ့်မြို့ရဲ့ပွဲတွေမှာ တန်းဖိုးထား မပျော်တက်ကြတော့ဘူးဗျ။ ကိုယ့်မြို့ကိုမချစ်ကြတော့ဘူးလို့တောင် ထင်မိတယ်ဗျ။ အထူးသဖြင့် တန်ဆောင်တိုင်ပွဲမှာ မိမိတို့ရဲ့ အလွန်တရာပျော်စရာကောင်းတဲ့ ရွှေမန်းမြို့ရဲ့ တန်ဆောင်ပွဲတော်ကြီးကို ကျောခိုင်းပြီး တစ်ချို့ကတောင်ကြီးတက်ကြပြီး၊ တစ်မြို့လုံးနီးပါးကတော့ ပြင်ဦးလွင်တန်ဆောင်တိုင်ကို တက်ကြပါတယ်။ တန်ဆောင်မုန်းညမှာဆိုရင် မန်းလေးတစ်မြို့လုံးခြောက်ကပ်သွားပြီး တစ္ဆေခြောက်မှာတောင်ကြောက်ရပါတယ်။ တန်ဆောင်တိုင်ည မန္တလေးမြို့ကြီးကတော့ သားသမီးတွေစွန့်ပစ်ထားခဲ့တဲ့ မိအိုဖအိုကြီးလို အထီးကျန်နေလေရဲ့ဗျာ။
ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်ကို ကျွန်တော်လည်း ရောက်ဖူးပါတယ်။ ပျော်စရာကောင်းတာလက်ခံပါတယ်။ ဒါပေမယ့် နှစ်တိုင်းတက်ပျော်ရလောက်အောင်တော့ မဟုတ်ဘူးလို့ထင်ပါတယ်။ နာမည်ကြီး အဆိုတော်တွေပါတဲ့ ဖျော်ဖြေပွဲကို မကြည့်ဘူးလို့တက်ကြည့်ကြတာလား။ မီးပုံးပျံပွဲကြီးကပဲ နှစ်တိုင်းတက်ပျော်ရလောက်အောင် အရမ်းပျော်စရာကောင်းလို့ သွားကြတာလား။ ကျွန်တော်တို့ မန္တလေးမြို့ကပဲ အရင်လိုပျော်စရာမကောင်းတော့လို့လားဆိုတာ စဉ်းစားမတက်အောင်ပါပဲ။ဒီလိုပြောနေတာဟာ သူများမြို့ကိုသွားလည်ကြလို့ မနာလိုမရုစိတ်နဲ ပြောနေတာမဟုတ်ပါဘူး။ မီးပုံးပျံပွဲတော်ကို မမြင်ဘူး မရောက်ဘူးတဲ့သူတွေ သွားလည်တာ လည်ကြပါစေ။ ဒါပေမယ့်ဗျာ အလွန်ပျော်စရာကောင်းခဲ့သော ရွှေမန်းတန်ဆောင်တိုင်ပွဲကြီးကိုထားခဲ့ပြီး နှစ်တိုင်းတစ်မြို့လုံး ပြင်ဦးလွင်၊ တောင်ကြီးတက် ပျော်ကြတာ တစ်ချိန်က အင်မတန်ပျော်ရွှင်စရာကောင်းခဲ့တဲ့ ရွှေမန်းတန်ဆောင်တိုင်ညတွေကို ပြန်လည်သတိရပြီး စိတ်မကောင်းဖြစ်မိလို့ပါ။အဝေးရောက် ရွှေမန်းသူ ရွှေမန်းသားတွေက အခါကြီးရက်ကြီးပွဲတော်တွေမှာ ကိုယ့်မြို့ကို ပြန်ကြတယ်ဆိုတာက မိသားစုဆွေမျိုးသားချင်းတွေ၊ အပေါင်းသင်းမိတ်ဆွေတွေကို တွေ့ချင်တာရယ် ရွှေမန်းမြို့ကြီးကို လွမ်းတာရယ်ကြောင့်ပြန်လာကြတာပါ . . .
ဒါပေမယ့် ရွှေမန်းမြို့ကို ရောက်လို့ မိတ်ဆွေသူငယ်ချင်းတွေတွေ့ချင်လို့ ဖုန်းဆက်လိုက်ရင် ပြင်ဦးလွင်ရောက်နေရတာနဲ့ တောင်ကြီးရောက်နေရတာနဲ့ ဘယ်သူနဲ့မှကို မတွေ့ခဲ့ရပါဘူး။ တန်ဆောင်တိုင်ညမှာအငြိမ့်ပွဲ၊ ဇာတ်ပွဲတွေ တစ်ပွဲမှ ရှာမတွေ့တော့ပါဘူး။ မုန့်လုံးရေပေါ်စားဖို့တောင် တော်တော်ရှာယူနေရပြီ။ မန္တလေးဝိညာဉ်ပျောက်ဆုံးသွားသလိုတောင် ခံစားရပါတယ်။ အရင်က အလွန်တရာပျော်ရွှင်စရာကောင်းခဲ့တဲ့ ရွှေမန်းတန်ဆောင်တိုင်ပွဲတော်ကြီးကို ကျွန်တော်တို့ မန္တလေးသားတွေ တန်ဖိုးထား မပျော်တက်တော့တာကတော့ တော်တော်ဝမ်းနည်းစရာ ကောင်းလှပါတယ်။
ခေတ်စနစ်ရဲ့တိုက်စားမှု တိုင်းတစ်ပါးသားတွေရဲ့ လွမ်းမိုးဝါးမျိုမှုတွေကြောင့် မြန်မာ့ယဉ်ကျေးမှုခံတပ် မန္တလေးမြို့ကြီးဟာ ယိမ်းယိုင်နေပါပြီ။ ဒီခံတပ်ကြီး ပြန်လည်တည့်မက်ရေး ပြိုလဲမသွားရေးအတွက် ပခုံးပြောင်းတာဝန်ယူကြမယ့် ယနေ့ မန္တလေးသား မျိုးဆက်သစ်လူငယ်တွေရဲ့ အပေါ်မှာမူတည်နေပါတယ်လို့ပြောချင်ပါတယ်။ ဘာတွေဘယ်လိုပဲပြောင်းလဲသွားပါစေ ကျွန်တော်ကတော့ သင်္ကြန်ပွဲတော်နဲ့ တန်ဆောင်တိုင်ပွဲတော်အချိန်ရောက်ရင်တော့ ကျွန်တော်ချစ်တဲ့ မြို့ရွှေမန်းကို အရောက်ပြန်နေအုံးမှာပါပဲ။ ဟိုရင်တစ်ချိန်က ပျော်ရွှင်ကြည်နှုးစရာကောင်းခဲ့သော ရွှေမန်းမြို့ရဲ့ တန်ဆောင်တိုင်ညချမ်းတွေကို လွမ်းဆွတ်တမ်းတရင်း . . .

Sort:  

မင်္ဂလာပါခင်ဗျာ Steemit Platform သည် အခြား သော ဆိုဒ်များမှ စာများ , ဆောင်းပါးများ , သတင်းများအား ကူးယူဖေါ်ပြခြင်းကို အထူးပင်တားမြစ်ထားပါသည်။ ဤ Platform သည် မိမိကိုယ်ပိုင်အရေး အသား အတွေးအမြင် အတွေ့အကြုံတို့ အား ဖလှယ် ရာနေရာ ဖြစ်၍ အခြားသော copy များ credit များ ဖြင့် post မတင်ရန် သတိပေးလိုက်ပါသည်။ မိတ်ဆွေ၏ post နှင့် ပုံစံတူ post အား https://steemit.com/myanmar/@kowinnhtunn/athkmethyaetha-m-eltnesaangtongny-2017113t73628647zတွင် တွေ့မိပါသည် ။Kowinnhtunn မှ tomorrow ဂျာနယ်တွင်ပါရှိသော ဆောင်းပါး ဖြစ်ကြောင်း ဖေါ်ပြပြီး ဖြစ်ပါသည်။ @zawphyowai အနဖြင့် MSC 082 ကိုယ်ပိုင် နံပါတ်ဖြင့် post တင်ခြင်းသည် အခြားသူ ရေးသားထားသော ဆောင်းပါး အား မိမိ ရေးသားထားသယောင် ဖြစ်စေပြီး တိုက်ရိုက် ကူးချထားကြောင်းသိသာပါသည်။ အကယ်၍ ဤသို့ MSC နံပါတ်တပ်ထားသော copy ဆောင်းပါး ထပ်မံ တွေ့ရှိပါက MSC မှ ထုတ်ပယ် မည်ဖြစ်ကြောင်း သတိပေးလိုက်ပါသည်။

ဟုတ်ကဲ့...ဆင်ခြင်ပါ့မယ် ခဗျား