မိုးတွေရွာပြန်ပြီ
မကြာခင် မိုးကျပြန်တော့မယ်။ကလေးတွေအတွက် စာသင်ကျောင်းတွေ ပြန်ဖွင့်ကြပြန်တော့မယ်။ ထီးကိုယ်စီ လွယ်အိတ်ကိုယ်စီကို ရေမစိုအောင် နည်းအမျိုးမျိုးနဲ့ လုံခြုံအောင် ထုတ်ပိုးပြီး ကျောင်းကို သွားကြပြန်တော့မယ်။
ဒီခေတ်က မိုးကာအင်္ကျီတွေပေါ်လာတော့ မိုးရွာလည်း ကလေးတွေ ကျောင်းသွားရတာ သက်တောင့်သက်သာပါပဲ။
ကျွန်မတို့ ငယ်တုန်းက ကျောင်းသွားချိန်တွေဆို အခုလို ဘယ်ဟုတ်ပါ့မလဲ.။လွယ်အိတ်ထဲ ပါနေကျ ခေါက်ထီးလေး မလုံ့တလုံကို ဆောင်းပြီး လွယ်အိတ်ကို ခေါင်းကနေနောက်ကျောကို ကျော်ချပြီး ကျောပိုးအိတ်လုပ် ဖိနပ်ကို ထီးချိတ်မှာ ချိတ်ပြီး ကျောင်းသွားခဲ့ကြတာ..
ဖိနပ်မဲ့ ခြေထောက်နဲ့ ရွံ့ပျော့တွေကို တပြတ်ပြတ်နင်း ရေအိုင်တွေ့ရင် ဆင်းလို့ ရေဆေး ချော်လဲကြတာလည်း အခါခါ။လူရေစိုမှာထက် လွယ်အိတ်တွေ စာအုပ်တွေ ရေစိုမှာ ပိုကြောက်ရတဲ့ မိုးရာသီပေါ့..။
မိုးရွာတော့ အလံတိုင်ရှေ့မှာ Assembly စီစရာမလိုတော့ မနက်ခင်းတွေမှာ မိုးအေးအေးနဲ့ ကွေးရတာကလည်း အရသာတစ်ခု။
အဖေအမေတွေ ဆရာ ဆရာတွေ ဘယ်လောက်ပဲ ဆူဆူ ဘယ်လိုပဲ ပြောပြော သရက်သီးမှည့်တွေ ရေမဆေးပဲ စား..ယင်နားစာတွေကို အဖွဲ့လိုက်ကြီး တစ်ယောက်တစ်လက် ဝိုင်းလုစား..အို..ပျော်ဖို့များကောင်းရဲ့..။
အဖွဲ့လိုက်ဆိုမှ ကျွန်မတို့ ငယ်ငယ်က အခုခေတ်လို နေ့နေ့ညည ကျူရှင်တက်ဖို့မလိုဘူး။ အမြဲတမ်း စာကျက်နေဖို့မလိုဘူးလေ ဒီတော့ ကစားချိန် ပိုရကြတယ်။ သူငယ်ချင်းချင်း ပိုချစ်ခင်ရင်းနှီးခွင့်ရကြတယ်။
ကျွန်မတို့ဆို ဆရာမ လစ်တာနဲ့ အတန်းဘေးက ရေမြောင်းမှာ လှေလှော်တမ်းကစားနေကျ အခန်းဘေးက ကပ်ပေါက်နေတဲ့ ကုက္ကိုပင်ပေါ်မရမက တက်ပြီး စာကျက်နေကျလေ..
ကျွန်မတို့တုန်းက အတန်းတွေတိုးတော့ ကျောင်းမကြီးမှာ အခန်းတွေ မလောက်တော့လို့ အဆောင်သေးသေးလေးကို ယာယီလေးဆောက် ပျဉ်တွေကာပြီး ကျွန်မတို့က အဲ့ဒီအဆောင်မှာ နေရတာ လွတ်လပ်လိုက်တဲ့ ဖြစ်ခြင်း..
သူငယ်ချင်းတွေ တစ်ယောက်နဲ့ တစ်ယောက် ငြင်းကြခုန်ကြ ကစားကြ ရန်ဖြစ်ကြဆိုတာ အတန်းထဲ နေ့တိုင်း ဖြစ်နေကျတွေပါပဲ။ ဒါပေမဲ့ ဘယ်တော့မှ ကြာကြာ စိတ်မကောက်ခဲ့ကြဘူး..။
အတန်းထဲမှာ တစ်ယောက်ယောက်က အချဉ်သီးနဲ့ ဆား ငရုတ်သီးနဲ့ ပါလာပြီဆို တစ်တန်းလုံး တည့်သွားတာပါပဲ။ဆရာမ စာသင်ချိန် တစ်ယောက်ယောက် မုန့်ခိုးစားလည်း သစ္စာဖောက်ပြီး တိုင်မဲ့သူမရှိဘူး။အဲ့ဒီလောက် စည်းလုံးခဲ့တယ်။
တစ်ယောက်က စာမရသေးဘူးလို့ပြောရင် အချိန်ရရင် စာကို ကူပြပေးတယ်..အချိန်မရရင် ကူးချခိုင်းလိုက်တယ်..ပြီးရောပဲ။
ကျွန်မတို့ တစ်ခန်းလုံးမှာ ယောက်ျားလေး မိန်းကလေးဆိုတဲ့ အမြင်တွေထက် မင်းနဲ့ငါ ဆိုတဲ့ သူငယ်ချင်းတွေပဲ ပိုပြီး ကြီးစိုးခဲ့တယ်။ဪ...အဲ့ဒီအချိန်က ကျွန်မတို့က ခုနစ်တန်းပါ..။
မြီးကောင် မပေါက်တပေါက် အရွယ်မရောက်တရောက်လို့ ဆိုနိုင်ပေမယ့် အလှအပတွေကို စိတ်ဝင်စားဖို့ထက် အပေါင်းအသင်းတွေနဲ့ ကစားရတာ အစားတွေ လုစားရတာက ကျွန်မတို့တွေ ကြားမှာ ခေတ်စားခဲ့တယ်။
အဲ့ဒီထက် ခေတ်စားတာက အဲ့ဒီတုန်းက အတန်းပိုင် ဆရာမပါပဲ။
သူကိုင်တာက သင်္ချာ။ စာကို သေချာရှင်းမပြပေးခင် စာကို အရင်တွက်ခိုင်းလေ့ရှိတယ်။မရရင် ဆော်ပလော်တီးခံရတယ်။အစတော့ ကျောင်းသားလေးတွေက ရိုးသားပါတယ် မရရင် မရဘူးပေါ့။ တုတ်ပါလာတော့ ကျွန်မတို့တွေ လူပါးဝလာကြတယ်။ အထူးထုတ်စာအုပ်တွေ မနှစ်က အတန်းကြီးသမားတွေရဲ့ တွက်စာ အဟောင်းတွေကို သယ်ချလာပြီး ကူးချပစ်တယ်။
ဆရာမရဲ့အကျင့်က ဘယ်လိုတွက်တာလဲလို့ မေးဖို့ထက် အဖြေမှန်ကို ပေးနိုင်ဖို့ ပိုအရေးကြီးတာကိုး...။အဲ့ဒီလိုဆိုတော့ စာအုပ်ဟောင်းရှာရတဲ့ အလုပ်က လွှဲရင် အဆင်ကို ပြေလို့..။
အဲ့ဒီကလိန်ကျတဲ့ အကျင့်လေးကို ကျွန်မတို့ တစ်ခန်းလုံးနီးပါး တက်ညီလက်ညီ ကျူးလွန်ခဲ့ကြတာပါ..။ စာတော်တဲ့ စာကြိုးစားတဲ့ တစ်ယောက်စ နှစ်ယောက်စကတော့ ကိုယ့်ဘာသာ နားလည်အောင် ကြိုးစားတွက်ယူကြလို့ပါ..။
အဲ့ဒါက ကျောင်းစာ ကိစ္စတွေပါ..ကျန်ပါသေးတယ် မိုးရာသီဆိုတော့ အခန်းပြင်မှာ ကစားလို့ သိပ်မကောင်းဘူးလေ။ အဲ့ဒီတော့ ကျောင်းသွားကျောင်းပြန် ကျောင်းလမ်းကြီးကို အပေါ်ယံ ဗွက်ထအောင်လုပ် အဲ့ဗွက်တောမှာ စကိတ်လို လျှောစီးခဲ့ကြတာတွေများ ဘယ်ဆရာမ ဘယ်လောက်ဆဲဆဲ မမှုခဲ့ကြဘူး။အမေကတော့ သိပ်မသက်သာလှပါဘူး..အမေရှိရင် အီလန်ရှိတယ်ဆိုတဲ့ ကြော်ငြာမတိုင်ခင်ကတည်းက ကျွန်မတို့ စိတ်ထဲ အမေ့ကို ဆပ်ပြာနဲ့ တွဲမြင်နေတတ်တာကိုး..။
ပျော်တာပဲ သိတာပေါ့..
ကျွန်မတို့တွေက စာမရလို့ အရိုက်ခံရတယ်ဆိုတာထက် ဆော့လွန်းလို့ အရိုက်ခံကြရတာ များပါတယ်။
ဒါပေမဲ့လည်း တစ်ခန်းလုံးဆိုတော့ တက်ညီလက်ညီပေါ့လေ..
ပြီးကျတော့လည်း ဆော့ပြီးရင်းဆော့ ကစားပြီးရင်းကစား စားပြီးရင်း စားကြပြန်တာပါပဲ..။
အခုလို မိုးရာသီ ရေတွေများလာရင် ဖျက်ပစ်လိုက်တဲ့ ကျွန်မတို့ ကျောင်းခန်းလေးကို လွမ်းမိတယ်။ မိုးတွေ သိပ်ရွာလွန်းရင် ကျွန်မတို့ စာသင်ခန်းလေးဟာ ရေတွေပြည့်နေတတ်တော့ ခြေထောက်လေးကို ရေထဲချလို့ စာသင်ခဲ့ကြရဖူးတယ်။ ခြေထောက်တွေကို အပေါ်တင်ဖို့ ဘယ်လိုပြောလို့ရမှာလဲ။ အကောင်းဆုံး ရွေးချယ်မှုအနေနဲ့ ကျွန်မတို့ကို ကျောင်းပိတ်ပေးလိုက်ရတာပါပဲ..။
အဲ့ဒီလောက် ဆော့ခဲ့ကြတဲ့ သူငယ်ချင်းတွေ အဲ့ဒီလောက် တက်ညီ လက်ညီရှိခဲ့ကြတဲ့ သယငယ်ချင်းတွေလည်း အခုချိန်မှာတော့ တကွဲတပြားတွေနဲ့ ဆုံဖို့လည်း ခက်ကုန်ကြပြီ..။
ဒါပေမဲ့ ဆုံလိုက်တိုင်း အဲ့ဒီအကြောင်းတွေဟာ ပြောလို့ မကုန်နိုင်ကြသေးဘူး။ရယ်မောလို့ မဝနိုင်ကြသေးဘူး..။
ကျွန်မ...
မိုးရွာရင် ကျွန်မတို့ စာသင်ခန်းလေးကို လွမ်းတယ်။ စာသင်ခန်းဘေးက လှေလှော်တမ်းကစားကြတဲ့ ရေမြောင်းလေးကို လွမ်းတယ်။ အမြဲတစေ ဆရာမလစ်ချိန်တိုင်း ဆူညံပွက်လောရိုက်အောင် ဆူညံနေတတ်ကြတဲ့ သူငယ်ချင်းတွေကို လွမ်းတယ်...
မိုးရွာတိုင်း....အခုလို မိုးရာသီရောက်တိုင်း ကျောင်းဖွင့်ချိန်ရောက်တိုင်း အဲ့ဒီနေ့တွေကို မပျက်မကွက် လွမ်းတယ်...
I'm ATM.
MSU no .021
Photo credit by google image.
@ayethatmon
Nice
ကျေးဇူးပါ
good idea
ကျေးဇူးပါ
Good post
ကျေးဇူးပါ
Good One
Thanks.
You receive vote 100 % Vote From @sattpaing. Because You Tag msu. MSU is Myanmar Steemit User Group.
Good Luck
#msu
Thanks.
ငယ်ဘဝကို လွမ်းမိပါတယ်ဗျာ
This post have been received 100 % upvote from @htetlinnaung. Beacause your Tag is msu. MSU is Myanmar Steemit User Group.
Good Luck
#msu
Msu 034
@zayyarwin
MSU 42