မင်္ဂလာပါ ...
တစ်စုံတရာသော ရသကို ဖန်တီးပေးပါရစေ..။
•••••••••••••••••••••••••
ပိန်းပိတ်အောင်မှောင်နေတဲ့ ညကိုလင်းချင်းစေဖို့ဖျော့တော့မှေးမှုန်နေတဲ့ အရောင်မှိန်မှိန်မီးလုံးလေး
က သူတတ်နိုင်မျှအလင်းကို သနားစရာဖျစ်ညစ်ပေးနေရှာတယ်။
တခြိမ့်ခြိမ့် ထစ်ချုန်းမြည်ဟီးတဲ့ မိုးခြိမ်းသံဟာ တောင်တန်းကြီးတွေကြားမှာ ပဲ့တင်လူးလား ဟိုဒီပြေးသွားလိုက်ရလို့ နားမခံသာမဖြစ်စေတော့ပဲ နူးညံ့သွားသယောင် ထင်ရတယ်။
ရွာနေတဲ့ မိုးပေါက်တွေ မစိုမထိရအောင် ကာကွယ်ပေးရင်း သက်ကယ်အမိုးလေးက တဖောက်ဖောက်မြည်နေရှာသလို တဝှေ့ဝှေ့တိုက်နေတဲ့ မိုးသက်လေကို ကြံကြံခံ စီးကာပေးတဲ့ တဲနံရံလေးကတော့ တဝူးဝူးအော်နေလေရဲ့။
အတန်းလိုက် အတန်းလိုက် စီစီရီရီရှိနေတဲ့ တဲအိမ်တန်းယားလေးတွေဟာ အမှောင်ထုရဲ့ရင်ခွင်မှာ ဆိတ်ငြိမ်စွာ မှေးစက်နေကြလေတယ်။
ဝင်းခနဲ လက်ခနဲ ပျက်လိုက်တဲ့ လျှပ်စီးရောင်ဟာ ဖုံးအုပ်နေတဲ့ အမှောင်ဝတ်ရုံလွှာကို ရုတ်ချည်းဆွဲဖယ်လိုက်တာကြောင့် သြကာသလောကခမြာမှာ ပကတိအရှိတရားကို အထင်းသား ဖော်ပြရရှာတယ်။
တချက်တချက်လွင့်ပျံ့လာတဲ့ တေးသီချင်းဟစ်အော်ဆိုငြီးသံဟာ အနှောင်အဖွဲ့ခံလူသားရဲ့ရင်ထဲကထွက်ကျလာတယ်လို့ မထင်ရအောင်အပူအပင်ကင်းမဲ့ပြီး ကြားရသူရင်ကို လွမ်းမောစေတယ်။
ငှက်ပျောဖက်လေးပေါ်မှာ အငွေ့တထောင်းထောင်းထနေတဲ့ ဆန်လုံးပုပု နီကျင့်ကျင့်အရောင်ထနေတဲ့ ထမင်းပူပူလေးဟာ မျှင်ငပိနဲ့ရောထောင်းထားတဲ့ ငါးပိထောင်းအနံ့လေးရဲ့ အကူအညီကိုယူပြီး အမြန်စားလှည့်ပါတော့လို့
ဖိတ်ခေါ်နေသလိုပဲ။
နဂိုကတည်းကခပ်စိမ့်စိမ့်အေးတဲ့အထဲ မိုးကြောင့်
ပိုလာတဲ့အအေးဒဏ်ကို လျော့ပါးအောင်ကူပေးသူဆိုလို့ ရဲခနဲရဲခနဲနေအောင်
ဖွာရှိုက်မိတဲ့ ဆေးပေါ့လိပ်အတိုလေးရယ်၊ဖန်တရာတေအောင် ညစ်ထေးနေတဲ့ ချည်စောင်ပိုင်းလေးရယ်၊တကျိုက်ချင်း မော့ချနေကျ ဆန်ကိုဖောက်ထားတဲ့ ခပ်ပြင်းပြင်းအရက်အိုးလေးရယ်ပါပဲ။
ခံစားချက်တချို့တချို့ကို ဆိုငြီးတဲ့အခါတိုင်း အဖော်လုပ်ပေးတဲ့ ဂစ်တာအိုလေးကတော့ အိပ်နေကျဝါးကွပ်ပျစ်လေးရဲ့ နဘေးမှာမှီနေတယ်။
တောင်ပြာတွေ ပတ်လည်ဝိုင်းပြီး မျှော်လေရာလွမ်းဖို့ကောင်းတဲ့ ဒေသဖြစ်ပေမယ့်
လာချင်လို့ လာကြသူဆိုတာ မရှိပဲ ခါးသီးနာကြည်းမှုအသံတွေ မိုးလင်းမိုးချုပ်ကြားနေရတဲ့ ဒီနေရာကို
ငါဘာကြောင့် ရောက်နေပါလိမ့်??ဆိုတဲ့ အတွေးက
စိတ်ထဲပဲ့တင်ထပ်နေတယ်။
အားပါးတရရှိုက်ဖွာ မှုတ်ထုတ်လိုက်တဲ့ မီးခိုးငွေ့တွေက တစုံတစ်ယောက်ရဲ့ ပုံပန်းအသွင်ကို လက်ရာမြောက်စွာ ဖော်ပြနေသလားပဲ...။
အိပ်မက်ထဲမှာ ဆုံတွေ့ရနိုး မျှော်ကိုးပြီး မအိပ်ချင်သေးပဲ ဇွတ်မှိတ်အိပ်စက်လိုက်တယ်။
Credit- Photos
ဝေလီဝေလင်း အိပ်ချင်မူးတူးနဲ့
မနိုးတနိုးဖြစ်နေချိန် ဆွဲဆွဲငင်ငင်ဝင်လာတဲ့အသံက
" နွားလွှတ်မယ်ဗျိုးးးးနွားးနွား"
တိတ်ဆိတ်ကြည်လင်နေတဲ့ မနက်အာရုဏ်ဦးထဲမှာ သူ့နှိုးဆော်သံဟာ ဒီနားကတောစပ်တခွင်မှာ ပဲ့တင်ထပ်သွားတယ်။သူ့အသံကြားလိုက်တာနဲ့ မနက် ၆နာရီခွဲဆိုတာ သိလိုက်ပြီ။သူကတော့ ဒီအဝိုင်းထဲက အိမ်တိုင်းအိမ်တိုင်းမှာ မွေးထားသမျှ နွားအားလုံးကို တစ်ယောက်ထဲ ဒိုင်ခံကျောင်းပေးဖို့ နွားကျောင်းတာဝန်ပေးထားခြင်းခံရတဲ့
သူတစ်ယောက်ပါ။သူက အားလုံးရဲ့ နှိုးစက်ဆိုပါစို့လေ။ကျုပ်လဲ သူအသံကြားမှ နိုးကြားသွားပြီး မထချင်သေးပေမဲ့ တာဝန်တစ်ခုဆိုတာ ရှိပါသေးလားဆိုတဲ့အသိနဲ့ ကိုယ်လက်သန့်စင်ဖို့ အားယူထလိုကပေမယ့် အိပ်မှုန်စုံဝါးဖြစ်နေတုန်းပဲ။တခြားအိမ်ဝိုင်းတွေမှာလဲ သူ့အသံကြားမှ ကိုယ့်အိမ်ကနွားတွေကို ကြိုးဖြေလွှတ်သူက လွှတ်၊ ပေတေတေ ကပ်တပ်တပ်လုပ်နေတဲ့ နွားကို ခြောက်သူကခြောက် ဟောက်သူကဟောက်နဲ့ နံက်ခင်းလေးဟာ အသံစုံစုံနဲ့ ပိုအသက်ဝင်လာတယ်။
ဒီလိုနဲ့ တအောင့်အကြာမှာတော့ အိမ်တန်းအသီးသီးက လွှတ်လိုက်တဲ့ နွားထီး နွားမ နွားပျို နွားအိုဟူသမျှတို့ဟာ သူတို့ကိုနေ့စဉ်နဲ့အမျှ လမ်းပြစောင့်ရှောက်နေတဲ့သခင်ရဲ့အစောင့်အရှောက်နဲ့အတူ စားကျက်မြေရှိရာကို သွားဖို့ အသုတ်လိုက် အအုတ်လိုက် စုဝေးတန်းစီရောက်ရှိလာကြတယ်။အဲဒီလိုစုံညီသွားပြီး
သိပ်မကြာခင်မှာပဲ သူ့ရံရွေတော် နွားအုပ်ကြီးရဲ့ နောက်ကနေ လောက်လေးခွထည့်ထားတဲ့ သူ့လွယ်
အိတ်ကလေးကို တစောင်းလွယ်ပြီး ပါးစပ်က "ဟဲ့ ဟိုနွား ..အော် ဒီနွား" ဟု ဟန့်ကာမန့်ကာဖြင့် ထွက်ခွာသွားပါတယ်။မိုးငွေ့နှင်းငွေ့ မပျယ်သေးပဲ စိမ်းမြမှုန်ဝေနေတဲ့ တောတန်းနောက်ခံပေါ်မှာ နွားအုပ်ကြီးဟာ သူ့ရဲ့စီမံမှုအတိုင်း အစီစဉ်တကျ သူ့ရှေ့ကနေ တရွေ့ရွေ့ ရွေ့လျားသွားတဲ့ မြင်ကွင်းက ကျုပ်အတွက်တော့ မရိုးနိုင်ပဲ မနက်တိုင်း ထကြည့်ရတာ အကျင့်တခုလိုဖြစ်နေခဲ့ပြီပေါ့။တခါတလေ သူဆိုငြီးသွားတဲ့ သီချင်းသံ တပိုင်းတစက မကြားတချက် ကြားတချက်နဲ့ မနက်ခင်းပျိုရဲ့ ခြေတော်ရင်းမှာ လွင့်ကျန်ခဲ့တယ်။
" " ရိုးရိုးလေး ယဉ်တယ်ဗျာ ..သိပ်လှတယ် ဆရာမရာ " "သိမ်မွေ့စွာ အပြုံးကလေးများက..အသဲထဲစွဲပေါ့ဗျာ " "
အော်..တကယ်တမ်းတော့ ကြမ်းကြုပ်ရက်စက်မှုတွေနဲ့ ဒီနေရာကို မရောက်ချင်ပဲ သူရောက်လာခဲ့ပေမယ့် သူ့မှာ နူးညံ့ခံစားတတ်တဲ့အသဲနှလုံးရှိတာပဲ...လို့ ကျုပ်တစ်ကိုယ်တည်း သုံးသပ်မိရင်း မျက်နှာသစ်ဖို့ ဟန်အပြင်မှာတော့
သံကို သံချင်းပွတ်တိုက်နေတဲ့
"" ချွင် ချွင်..ချွင်ချွင် "" ဆိုတဲ့အသံတွေရယ်
ကြိမ်းမောင်းဆူပူနေတဲ့ အသံတချို့ရယ်ကြောင့်
အလှမပီပြင်သေးတဲ့ နံနက်ခင်းပျိုလေးလဲ
ရောရောနှောနှော အကျည်းတန်သွားရရှာတယ် ။ ။
ချစ်သောအားဖြင့်
@Builderb
လမ်းကြောင်းမှန်ပေါ်ကိုတက်လာဖို့ရွေးချယ်လိုက်တာ မှန်မမှန် သိလောက်ပီလို့ထင်ပါတယ် ကြိုးစားထား ဘရို အားပေးပါတယ်ဗျာ
Hi @ansoe
Thanks for supporting on me.
Have a great time!
စာအရေးအသားကော တင်ပြချက်ကော ကောင်းတယ်ဗျာ
အကြည်တော် စာစရေးတုန်းက သစ်ရွက်လေးမြင်သစ်ရွက်လေး ရေးသလိုပဲ
မနက်လန်းဆန်းစွာ နိုးထပြီး အမြင်ကော အသံကော ခံစားမှု အတွေးကော ထည့်ရေးသွားတယ်
ဆာက ဆာပါပဲ
Hi @thatkozaw
အားပေးတဲ့အတွက် ဝမ်းသာပါတယ်ခင်ဗျ။
ဆာတော့ မဟုတ်ပါဘူးခင်ဗျ :)
အားလုံးအဆင်ပြေပါစေဗျာ..ကျေးဇူးပါ
စာဖတ်နေရင်းက နေ့စဉ်အလုပ်သွားနေကြတဲ့ bus ကားဂိတ်က လူအုပ်တွေကို မျက်စိထဲမြင်နေမိတယ်.....
တစ်ခုခုရရှိသွားရင် ကျေနပ်မိတယ်ခင်ဗျ
ရောက်နေတဲ့နေရာနဲ့ သူ့ရဲ့အတွင်းစိတ်ဟာ ဆန့် ကျင်ဘက်ဖြစ်နေပါလားနော် ရင်လေးစရာသူ့ဘဝ so sad
ရသတစ်ခုကို ရရှိခံစားမိလို့ ကျေးဇူး sispskk
Thanks you!