တစ်ခါက ရဟန်းမပြုစိမ့်သောငှာ ဗန္ဓုမာမင်းအား ဤသို့သော အကြံသည် ဖြစ်ပေါ်ပုံ။
''ဝိပဿီမင်းသားသည် မင်းမပြု ဘဲ မနေစေရ၊ ဝိပဿီမင်းသားသည် လူ့ဘောင်မှ ရဟန်းဘောင်သို့မဝင်စေရ၊ နိမိတ်ဖတ်ပုဏ္ဏားတို့၏ စကားသည် မမှန်စေရ''ဟု (အကြံသည် ဖြစ်၏)။
ထိုအခါ ဗန္ဓုမာမင်းသည် ဝိပဿီမင်းသား မင်းပြု ဖြစ်စိမ့်သောငှါ လူ့ဘောင်မှ ရဟန်းဘောင်သို့ မဝင်စိမ့်သောငှါ နိမိတ်ဖတ်ပုဏ္ဏားတို့၏စကား လွဲမှားစိမ့်သောငှါ ကာမဂုဏ်ငါးပါးတို့ကို တိုးတက်၍ စီရင်ထားစေ၏၊ ရဟန်းတို့ ထို့ကြောင့် ဝိပဿီမင်းသားသည် ထိုလူ့ဘောင်၌ပင် ကာမဂုဏ့်ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံစွာ စံစားလျက် နေပြန်လေ၏။
ထို့နောက် နှစ်ပေါင်းများစွာ နှစ်အရာပေါင်းများစွာ နှစ်အထောင်ပေါင်းများစွာ လွန်သောအခါ ဝိပဿီမင်းသားသည် ရထားထိန်းကိုခေါ်၍ ''အချင်းရထားထိန် ကောင်းကုန် ကောင်းကုန်သောယာဉ်တို့ကို ကလော့၊ သာယာသော ရှုမျှော်ခင်းကို ရှုစားရန် ဥယျာဉ်သို့ သွားကုန်အံ့''ဟု မိန့်ဆို၏။
ရထားထိန်းသည် ''အရှင်မင်းသား ကောင်းပါပြီ''ဟု ဝိပဿီမင်းသားအား ဝန်ခံ၍ကောင်းကုန် ကောင်းကုန်သော ယာဉ်တို့ကို ကစေပြီးလျှင် ''အရှင်မင်းသား ကောင်းကုန် ကောင်းကုန်သော ယာဉ်တို့ကို ကပြီးပါပြီ၊ ယခုအခါ၌ သွားရန် အချိန်ကို သင်မင်းသား သိတော်မူပါသည် (သွားရန်မှာ သင်မင်းသား၏ အလိုအတိုင်းပင် ဖြစ်ပါသည်)''ဟု လျှောက်ကြား၏။
ထိုစဉ်အခါ၌ ဝိပဿီမင်းသားသည် ကောင်းသော ယာဉ်ကို တက်စီး၍ ကောင်းကုန်ကောင်းကုန်သော ယာဉ်တို့နှင့်တကွ ဥယျာဉ်သို့ ထွက်သွားလေ၏။
ဝိပဿီမင်းသားသည် ဥယျာဉ်သို့ ထွက်သွားစဉ် ခေါင်းတုံးလျက် ဖန်ရည်ဆိုး အဝတ်ကိုဝတ်ရုံထားသော ရဟန်းကို မြင်လတ်သော် ရထားထိန်းကို မိန့်ဆို၏။
''အချင်းရထားထိန်း ဤယောကျ်ားကို အဘယ်သို့ ပြုထားသနည်း၊ ထိုသူ၏ ဦးခေါင်းသည်လည်းအခြားသူတို့၏ (ဦးခေါင်း) ကဲ့သို့ မဟုတ်ပါတကား၊ ထိုသူ၏ အဝတ်တို့သည်လည်း အခြားသူတို့၏ (အဝတ်တို့်) ကဲ့သို့ မဟုတ်ပါတကား''ဟု (မိန့်ဆို၏)။
''အရှင်မင်းသား ဤသူကား ရဟန်းမည်ပါသည်''ဟု လျှောက်၏။
''အချင်းရထားထိန်း ဤရဟန်းမည်သည် အဘယ်သို့သောသူပါနည်း''ဟု (မေး၏)။
''အရှင်မင်းသား"
ဤရဟန်းမည်သည်မှာ
==============
၁။ တရားကျင့်ခြင်းသည် ကောင်း၏၊
၂။ အမှန်ကျင့်ခြင်းသည်ကောင်း၏၊
၃။ ကုသိုလ်ပြုခြင်းသည် ကောင်း၏၊
၄။ ကောင်းမှုပြုခြင်းသည် ကောင်း၏၊
၅။ မညှဉ်းဆဲခြင်းသည်ကောင်း၏၊
၆။ သတ္တဝါတို့ကို သနားခြင်းသည် ကောင်း၏ဟု နှလုံးသွင်း၍ ကျင့်နေသူ ဖြစ်ပါသည်''ဟု (လျှောက်၏)။
''အချင်းရထားထိန်း ထိုရဟန်းမည်သည် ကောင်းပေ၏၊ အချင်းရထားထိန်း တရားကျင့်ခြင်းသည်ကောင်းပေ၏၊ အမှန်ကျင့်ခြင်းသည် ကောင်းပေ၏၊ ကုသိုလ်ပြုခြင်းသည် ကောင်းပေ၏၊ ကောင်းမှုပြုခြင်း သည် ကောင်းပေ၏၊ မညှဉ်းဆဲခြင်းသည် ကောင်းပေ၏၊ သတ္တဝါတို့ကိုသနားခြင်းသည် ကောင်းပေ၏။ အချင်းရထားထိန်း သို့ဖြစ်လျှင် ထိုရဟန်းထံသို့ ရထားကိုမောင်းလော့''ဟု (မိန့်ဆို၏)။
ရထားထိန်းသည် ''အရှင်မင်းသား ကောင်းပါပြီ''ဟု ဝိပဿီမင်းသားအား ဝန်ခံ၍ ထိုရဟန်းထံသို့ ရထားကို မောင်း၏။
ထိုအခါ ဝိပဿီမင်းသားသည် ထိုရဟန်းအား ဤစကားကို ဆို၏။
''အသျှင် သင်သည် အဘယ်သို့ ဖြစ်နေသနည်း၊ သင်၏ ဦးခေါင်းသည်လည်း အခြားသူတို့၏ (ဦးခေါင်း) ကဲ့သို့ မဟုတ်ပါတကား၊ သင်၏ အဝတ်တို့သည်လည်း အခြားသူတို့၏ (အဝတ်တို့) ကဲ့သို့မဟုတ်ပါတကား''ဟု (ဆို၏)။
''အရှင်မင်းသား အကျွန်ုပ်သည် ရဟန်း မည်ပါသည်''ဟု (ဆို၏)။
''အသျှင် ရဟန်းမည်သော သင်သည် အဘယ်သို့သော သူပါနည်း''ဟု (မေး၏)။
''မင်းသား ရဟန်းမည်သော အကျွန်ုပ်သည်
၁။ တရားကျင့်ခြင်းသည် ကောင်း၏၊
၂။ အမှန်ကျင့်ခြင်းသည်ကောင်း၏၊
၃။ ကုသိုလ်ပြုခြင်းသည် ကောင်း၏၊
၄။ ကောင်းမှုပြုခြင်းသည် ကောင်း၏၊
၅။ မညှဉ်းဆဲခြင်းသည်ကောင်း၏၊
၆။ သတ္တဝါတို့ကို သနားခြင်းသည် ကောင်း၏ဟု နှလုံးသွင်း၍ ကျင့်နေသူ ဖြစ်ပါသည်''ဟု (ဆို၏)။
ဘုရားလောင်း ရဟန်းပြုတော်မူခန်း
ထိုအခါ၌ ဝိပဿီမင်းသားသည် ရထားထိန်းကို မိန့်ဆို၏။
''အချင်းရထားထိန်း ဤ (အရပ်) မှပင် နန်းတော်သို့ ပြန်လေလော့၊ ငါသည်ကား ဤအရပ်၌ပင် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်တော့အံ့''ဟု (မိန့်ဆို၏)။
ရထားထိန်းသည် ''အရှင်မင်းသား ကောင်းပါပြီ''ဟု ဝိပဿီမင်းသားအား ဝန်ခံ၍ ရထားကိုယူပြီးလျှင် ထို (အရပ်) မှပင် နန်းတော်သို့ ပြန်လေ၏၊ ဝိပဿီမင်းသားသည်ကား ထို (အရပ်) ၌ ပင်ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်လေ ၏။
ဗန္ဓုမတီနေပြည်တော်၌ ရှစ်သောင်းလေးထောင်သော လူပေါင်းများစွာတို့သည် ''ဝိပဿီမင်းသားသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်လေသတတ်''ဟု ကြားလေကုန်၏၊ ကြားကုန်လတ်သော် ထိုသူတို့အား ဤသို့သောအကြံသည် ဖြစ်၏။
''ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်လျက် ဝိပဿီမင်းသား ကျင့်သုံးသော ထိုတရားနှင့် ဝိနည်းသည် မယုတ်ညံ့သည်သာ စင်စစ်ဖြစ်လတ္တံ့၊ ထိုရဟန်းအဖြစ်သည် မယုတ်ညံ့သည်သာ စင်စစ်ဖြစ်လတ္တံ့၊ ဝိပဿီမင်းသားသော်မှ ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုး အဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်နိုင်သေး၏၊ ငါတို့ကားအဘယ်မှာ မဝင်နိုင်ဘဲရှိအံ့နည်း''ဟု (အကြံဖြစ်၏)။
ထိုအခါ ရှစ်သောင်းလေးထောင်သော လူပေါင်းများစွာတို့သည် ဆံမုတ်ဆိတ်ကို ပယ်ပြီး လျှင်ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်ရုံကုန်လျက် ဝိပဿီဘုရားလောင်းသို့ အတုလိုက်၍ ရဟန်းပြုကုန်၏၊ ရဟန်းတို့ ဝိပဿီဘုရားလောင်းသည် ထိုပရိသတ်ခြံရံလျက် ရွာ နိဂုံး ဇနပုဒ် နေပြည်တော်တို့၌ ဒေသစာရီလှည့်လည်၏။
Posted using Partiko Android
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://legacy.suttacentral.net/my/dn14
ဆရာတော်ဘုရား ကိုယ်ပိုင်အရေးအသားလေးပါထည့်စေလိုပါတယ် ကူးထည့်ထားတာမျိုး
ကို steemit ကလက်မခံတဲ့အတွက် အရှင်ဘုရားအဆင်မပြေနိုင်ပါ စေတနာသဒါတရားများ
စွာဖြင့်။