"မြန်မာသကရာဇ်(၁၃၇၉-၁၃၈၀)တပို့တွဲ လပြည့်ကျော် နှစ်ရက်နေ့ အနောက်မြောက်ပြင်နယ် မင်းတဲအီကင်း ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်"
ကျွန်မ ရုံးကအပြန် ရပ်ကွက်ထဲသို့ ဝင်လာရာလမ်းတစ်လျှောက်
မုန့်လင်မယားသည် တစ်ဦး၊ လမ်းထဲသို့ရောက်ရှိနေတာ တွေ့လိုက်ရသည်။ မုန့်လင်မယားသည်လေးကို ကျော်လာတော့ အရှေ့မှ ခြင်းလုံးပွဲရှိနေသဖြင့် လမ်းပိတ်ထားသောကြောင့် ကျွန်မတခြားလမ်းမှ ကွေ့ဝိုက် ပြီးအိမ်ရှေ့ရောက်အောင်ဆိုင်ကယ်မောင်းရပါသည်။အိမ်သို့ရောက်၍ လွယ်အိတ်ချ ရုံး uniform လဲပြီး ခနအနားယူနေချိန်တွင်တော့ ခြင်းဝိုင်းမှ အသံများကို စတင်သတိပြုမိလာပါသည်။ ရောက်ရောက်ချင်းမှာတော့ ကိုယ့်ဇောနဲ့ ကိုယ်ကြောက့် ရပ်ကွက်ထဲတွင် ဘာရှိလို့ ခြင်းဝိုင်းရှိသည်လဲမသိ၊ ဘေးအိမ်မှ အိမ်နီးချင်းအန်တီကြီး တစ်ဦးအားမေးလိုက်မှပင် "ရပ်ကွက်ဘုရားပွဲ" ဟုသိလိုက်ခြင်းပင်ဖြစ်ပါသည်။ "သြော်......ဘုရားပွဲတောင် ရောက်ရှိပါပြီလား " အတွေးများက ကလေးဘဝဆီသို့ ပြန်၍တွေးတော သတိရမိသွားပါသည်။ကျွန်မတို့ ငယ်ငယ်က ဘုရားပွဲ..အလွန်ပျော်စရာကောင်းလှသည်။ ဘုရားပွဲသို့မရောက်မှီ တစ်လလောက်အလိုကတည်းကပင် ဘုရားပွဲတွင်ပါသော ဇာတ်ပွဲကြည့်ရှူရန် အဝတ်အစားကြိုချုပ်ကြသည်။ ဇာတ်ပွဲမှလည်း ကိုယ်ကြိုက်နှစ်သက်သည့် ဇာတ်သဘင်ဖြစ်လျှင် "ပန်းကြဲစင်"ဟုခေါ်သော ရှေ့ဆုံးစင်ကိုမရရအောင် အပြိုင် လု၍ဝယ်ကြသည်။ ဘုရားပွဲ ကျင်းပရန် တစ်ပတ်လောက်အလိုတွင် ရပ်ကွက်ထဲမှ အမှိုက်ကုန်း ဟုခေါ်သော ဂေါပကပိုင်မြေတွင် ဇာတ်စင် စတင်၍ဆောက်ကြလေပြီ။ ကလေးများ သဘာဝ စပ်စုကြသည်။ ဇာတ်စင်ဆောက်သည့်နား သွား၍ ဆော့ကြ၍လည်း လူကြီးများအော်ငေါက်တာခံခဲ့ရဖူးသည်။
စင်ဆောက်ပြီးသွားလျှင်လည်း စင်ပေါ်တွင် ဇာတ်ထွက် တိုင်းဆော့ကြသည်။ မင်းသမီး မင်းသား စတိတ်ရှိုးထွက်တမ်း ကစားကြသည်။ အဆော့လွန်၍ အိမ်ပြန်နောက်ကျလျှင်လည်း အမေက တုတ်တချောင်းနှင့် စောင့်နေ၍ သူငယ်ချင်း အချင်းချင်း အသက်အောင့်ပြီး ခုနှစ်ချက် ဆွဲဆိတ်ခဲ့ပါသေးသည်။ ဘုရားပွဲ အတွက်ဆွမ်းကြီးလောင်းရန် ပဒေသာပင်များ သီးသည့်အထဲ ကိုယ့်မိသားစုနာမည်ကို လိုက်ရှာကြရသည်မှာလည်း အလွန်ပျော်စရာကောင်းခဲ့ပါသည်။ဘုရားပွဲပထမရက်တွင် ညနေစောင်းရောက်လျှင်ပဲ ပွဲကြည့်ရန်ချုပ်ထားသော အင်္ကျီလှလှဝတ် မိတ်ကပ်လှလှပြင်၊အိမ်သို့ ဘုရားပွဲမုန့်လာစားသူများကို ကောင်းကောင်းဧည့်ခံကြပါသည်။( ငယ်ငယ်တုန်းက ဘုရားပွဲရောက်တော့မည့် သူငယ်ချင်းအိမ် လက်ချိုးရေ ရသည့် ရင်ခုန်သံအားတစ်သက်မေ့နိုင်မည်မထင်)။ မုန့်စားသူများအား ဧည့်ခံရင်း ရပ်ကွက်ဓမ္မာရုံ ဆီသို့ ဆွမ်းတော်ပွဲ သွားပို့ရသည်။
ပွဲကြိုက်ခင် ညကို မြန်မြန်ရောက်ချင်သည်။ ဇာတ်ပွဲမစမှီ ပွဲဈေးတန်းတစ်လျှောက်တွင် ပေသီးလှိမ့်၊ ဂလုန်းဂလုန်း အပျော်တမ်းဆော့ကြသည်။ မုန့်လင်မယား ဆိုတာကို မုန့်နှစ်ခုမင်္ဂလာဆောင်ထားသော မုန့်ဟူ၍လည်း တွေးမှတ်ပြီး ဝယ်စားခဲ့ကြသည်။ ဇာတ်ပွဲထွက်သည့် အချိန်ရောက်ပြီ။ တစ်နေကုန်လုံး ညရောက်ရန်အားခဲထား၍ ညရောက်၍ ပွဲထွက်ချိန်တွင် ရှေ့ဆုံးပန်းကြဲစင်မှ အိပ်ငိုက်ပါသည်။ စတိတ်ရှိုး၊ ပြဇာတ် ပြီး၍ နှစ်ပါးသွားချိန်ရောက်မှ လူရွှင်တော် ဦးလေးကြီးမှ ကိုယ့်ကို အရွှန်းဖောက်သည့် အချိန်မှ လန့်နိုးခဲ့ရခြင်း ဖြစ်ပုံလေးကိုလဲ ပြန်တမ်းတမိသည်။ မနက် လေးနာရီလောက်တွင် စ၍ ဆွမ်းကြီးလောင်းကြပါပြီ။ ကျွန်မကတော့တော့ မနက်ခင်းရောက်လျှင် ညက ပွဲကြည့်ခဲ့၍ ပွဲကိုက်သည့်အကြောင်ပြချက်ဖြင့် ကျောင်းကိုခွင့်ယူပါသည်။ ကျောင်းမှသူငယ်ချင်းများမှလည်း ကျောင်းလာမည့်နေ့တွင် ပွဲကိုက်စိန် ဟုခေါ်ကြမှာကိုလည်း နှစ်သက်သည်။ ကိုယ်က အိပ်ငိုက်နေပေမဲ့ လူကြီးတွေပြန်ပြောကြသော မင်းသားချောကြောင်း၊ မင်းသမီး မှာ ဗိုက်ခေါက်ထူကြောင်း ပြဇာတ်တွင် အရမ်းငိုရကြောင်း ပြန်ပြောပြမည်။ ဇာတ်ပွဲ နှစ်ညကပြီးနောက်ရက်တွင် အောင်ပွဲအဖြစ် ခြင်းဝိုင်းကို ထည့်ကြပါသည်။ ကျွန်မတဖြည်းဖြည်းအရွယ်ရောက်လာသည့်အချိန်တွင်တော့ ဇာတ်ပွဲပါလျှင် ရန်ဖြစ်ကြသည်၊ ဇာတ်စင်အားကန်ထရိုက်ဆွဲမည့်သူမရှိ၊ စသေါအကြောင်းပြချက်တွေနှင့်ပင် ဇာတ်ပွဲမပါတော့ဘဲ အရပ်တီးဝိုင်းအဖြစ် ပြောင်းလဲကြသည်။ နောင် နှစ်တွေတွင်တော့ ကျွန်မသည်လည်း အတန်းကြီး၍ အတန်းစာ ဖက် ကို အာရုံစိုက့်ရ၍ ကျူရှင်နှင့်ကျောင်းမအားလပ်သည်ကတစ်ကြောင်း၊ နယ်သို့ပြောင်းရသည်ကတစ်ကြောင်း ရပ်ကွက် ဘုရားပွဲနှင့် အလှမ်းကွာနေသည်မှာ နှစ်ချီသွားလေသည်။ ယခုပင်တော့ ခေတ်ကာလ၏ တိုက်စားမှုများနှင့်အတူ ဘုရားပွဲနှင့်တူသည့်အရိပ်အယောင်အား တစ်စက်မှမတွေ့ရ၊ ပွဲဈေးတန်းဆိုသည်ကိုလည်း ဘယ်ကိုမှလိုက်ရှာ၍ပင်မရ။ ဖြစ်နိုင်လျှင် အတိတ်ကာလဆီကို ခရီးနှင်ပြီး ဇာတ်ပွဲကို မအိပ်ငိုက်ဘဲ တစ်ညလုံးပေါက် ထိုက်ကြည့်ချင်ပါသေးသည်။
Pwal tot ma kyi phu bu 😁
Mote tway tot lite buy eat phu tal
အခုလည်း ပွဲတွေကတော်တော်ရှားသွာပြီ
Shi tot shi kya par tal. Ma kyar ma kyar see tal night phat tway