မင်္ဂလာပါ မိတ်ဆွေအပေါင်းတို့။ဝါဝင်ပြီးဆိုတော့ အသောက်အစားလေးလျော့ ပြီး ကုသိုလ်ရေးတစ်ခုခုလုပ်မယ်လို့ စဉ်းစားထားမိတယ်။ ပုတီးစိပ်ရင် ကောင်းမလား ၊ပရိတ်ပဌာန်းရွတ်ရင်ကောင်းမလား ၊အာနာပါနလုပ်ရင်ကောင်းမလားဆိုပြီး စဉ်းစားတာ လပြည့် ကျော်သွားပြီ အဓိဌာန်မစ ရသေးဘူး။ သြော် ငါဟာ တော်တော်ပျင်းတာဘဲလို့ တွေးမိတယ်။လုပ်သင့်မှန်းလည်းသိတယ်၊လုပ်လည်းလုပ်ချင်ရဲ့နဲ့ မလုပ်ဖြစ်သေးဘူး။ ဝေဘူဆရာတော်ဘုရားကြီး တရားဟောထားတာလေး သတိရမိတယ်။ဆီအိုးကိုဆီ အပြည့်ထည့်ပြီး လူတောထဲက ဖြတ်ပြီး သယ်ခိုင်းရင် သင်တို့ ဘယ်လိုသယ်မလဲတဲ့။ မဖိတ်အောင်သတိထားပြီး သယ်ကြမှာဘဲလေ။ဟိုလူ့ကိုရှောင် ၊ဟိုနေရာရောက်ရင် ဟိုလိုကျော်လို့လည်း ပြောစရာလိုမှာမဟုတ်သလို ဆီမဖိတ်အောင် သတိထားသယ်ပါလို့လည်း ပြောစရာမလိုဘူးလေ။ ဆီမဖိတ်အောင် သယ်တဲ့လမ်းတစ်လျှောက် ဆီအိုးကို အမြဲသတိထားပြီး သယ်ကြမှာပါ။ကျွန်တော်တို့ တရားမှတ်နေတာက ဆီအိုးသယ်သလောက် သတိလေးမှမထားတာကိုး။ခဏနေ ပျောက်သွားပြန်ပြီ၊ခဏနေ အာရုံပြောင်းသွားပြန်ပြီနဲ့ သတိကို မကပ်နိုင်ကြဘူးလေ။တရားကို ဆီအိုးလောက်မှ တန်ဘိုးမထားကြ ၊မလိုချင်ကြတာကိုး။ ရှင်းရှင်းပြောရရင် တကယ်မလိုချင်သေးလို့ ၊တကယ်မကြောက်ကြသေးလို့ပါ။တရားဆီကို တကယ့်ဆီအိုးသယ်သလို သယ်ရင် အကျိုးတရားတွေ အများကြီးဖြစ်ထွန်းမှာပါ။
ကျွန်တော်က အာနာပါန တရားထိုင်ရတာ ပိုအာသန်တော့ တရားထိုင်တယ်ဆိုပါတော့ဗျာ။ အဲဒီမှာ စ တွေ့တာဘဲ။ အထက်မှာ ဆီအိုးသယ်တဲ့ သတိလောက်တောင် သတိတရားမရှိတော့ မှတ်လို့ မကောင်းဘူးဖြစ်နေတယ်။ အာရုံတွေက ဟိုရောက်ဒီရောက်ပေါ့ဗျာ။ ကိုယ်ဖတ်ဖူးတဲ့ ကန္နီနည်းခေါ် မောင်းထောင်မြေဇင်းနည်းနဲ့ လုပ်ကြည့်မယ်ပေါ့။ မောင်းထောင်မြေဇင်းနည်းကို ကျွန်တော်ရှင်းပြပါမယ်။ အာရုံများတဲ့သူတွေ၊ဉာဏ်ထိုင်းတဲ့သူတွေ၊ဝိတက်လို့ခေါ်တဲအကြံအစည်များတဲ့သူတွေကို အာနာပါနစ အားထုတ်တဲ့နေရာမှာ ဂဏန်းစဉ်ရေတွက်ပြီး မှတ်ခိုင်းတဲ့နည်းပါ။သမာဓိအားနည်းတဲ့သူတွေကို ဦးစားပေးလုပ်ခိုင်းတဲ့နည်းပေါ့။ မှတ်ပုံမှတ်နည်းကို အနည်းငယ်ရှင်းပြပါ့မယ်။ ဝင်လေထွက်လေတစ်စုံကို စိတ်ထဲက တစ်လို့မှတ်။ နောက်ဝင်လေထွက်လေတစ်စုံကို နှစ်လို့မှတ်။ထိုနည်းအတိုင်း ၃၄၅၆၇၈ ထိမှတ်ပြီးရင် ညာဘက် လက်မလေး တစ်ချောင်း ချိုးထားလိုက်ပါ။နောက် ဝင်လေထွက်လေတစ်စုံကို တစ်ကနေ ရှစ်ထိ ရေတွက်ပြီး ညာဘက်လက်ညိုးလေးချိုးထားပါ။ဝင်လေထွက်လေမှတ်နေစဉ်မှာ စိတ်က နှာခေါင်းဝမှာဘဲစိတ်ကိုညွှတ်ထားပါ။ မြင်မြင် မမြင်မြင် ထိုနေရာမှာဘဲစိတ်ကို ညွှတ်ထားပါ။ နောက်တော့ လေထိချက်လေးတွေထင်ရှားလာပါလိမ့်မယ်။ ဝင်လေထွက်လေအစုံ ၈ စုံရလို့လက်တစ်ချောင်း ချိုးတာ ၁၀ ချောင်းလုံးပြည့်ရင် ညာဘက် လက်ကောက်ဝတ်သို့ စိတ်မှန်းပြီး ပို့ထားလိုက်ပါ။ နောက် ၁၀ ချောင်းပြည့်ရင့် ညာ တံတောင်ဆစ်၊နောက် ညာပုခုံး၊နောက်ညာနားရွက် ၊နောက် ညာ ချိုစောင်း၊နောက်ဘယ်ချိုစောင်း ၊ဘယ်နားရွက် ၊ဘယ်ပုခုံး ၊ဘယ်တံတောင်ဆစ် ၊ဘယ်လက်ကောက်ဝပ်ရောက်ရင် တစ်ပတ် ပတ်မမိပါပြီ။ ဝင်လေထွက်လေ ၈ စုံကို လက်တစ်ချောင်းချိုးတာကို တစ်ဝါရ်လို့ သတ်မှတ်ပါတယ်။ တစ်ပတ် ရရင် ဝါရ်ရေဝါရ်မှတ် ၁၀၀ ရပါတယ်။ ပုံမှန်အတိုင်း မှတ်ရင် အချိန် မိနစ်၅၀ ဝန်းကျင်ကြာပါတယ်။
crd.org.source
ကျွန်တော် တို့ တရားစ အားထုတ်ရင် ၁၀ မိနစ် ၁၅ မိနစ်ရဘို့ မနည်းသည်းခံပြီး ထိုင်ရပါတယ်။ ဒီနည်းမှာတော့ အလုပ်တစ်ခုပို အာရုံစိုက်ရတဲ့အတွက် အချိန်ကုန်လို့ ကုန်မှန်းမသိတော့ဘူး။ စိတ်က အလုပ်လုပ်နေရတဲ့အတွက် အာရုံလည်းမထွေပြားတော့ဘူး။ သောင်းကျန်းတဲ့ခလေးကို အလုပ် များများပေးပြီး ထိန်းထားသလိုပေါ့ဗျာ။ဝင်လေထွက်လေလည်း အာရုံ ညွှတ်ထားရတယ်၊ ဂဏာန်းစဉ်လည်းရေတွက်ရတော့ စိတ်က တစ်ခြားအာရုံရောက်ဘို့ အရင်လောက် မထွက်တော့ဘူးပေါ့။ဂဏနာနည်းလို့လည်း ခေါ်တယ်။ တစ်ခုတော့ စည်းကမ်းချက်ရှိတယ်။ ဂဏာန်းစဉ်ရေတွက်နေတုန်း စိတ်က အပြင်ရောက်သွားရင် ၊ နံပါတ်ဘယ်လောက်ရောက်သွားလဲ မသိတော့ရင် လက်ရှိမှတ်နေတဲ့ အမှတ်စဉ် ၈ ကို ဖျက်ပြီး တစ်က အစပြန်မှတ်ရပါတယ်။ လက်ချိုးထားတာတော့ မဖျက်ရပါဘူး။ မိတ်ဆွေတိုလည်း အထူးသဖြင့် ခုမှစတရားအားထုတ်မယ့်ညီငယ်တွေကို ဒီနည်းလေးနဲ့ စမ်းကြည့်ပြီး တရားအားထုတ်စေချင်တယ်။ ထိုနည်းကို လျော့မတွက်နဲ့နော် ၊ထိုနည်းနဲ့အောင်မြင်တဲ့ ဓမ္မမှတ်တမ်းတွေ၊လူပုဂ္ဂိုလ်တွေရှိတယ်။ တကယ်တမ်းက ထိုနည်းက အခုခေတ်လူတွေနဲ့ ပိုသင့်တော်တယ်။ လောဘ ဒေါသ မောဟ များတယ် ၊ဉာဏ်နည်းတယ် ၊တစ်တောင်လောက်ပြလို့ တစ်ထွာတောင် မမြင်တဲ့ခေတ်လေ။ ဒါပေမယ့် တော်တော်များများက မူကြိုအဆင့် ကျင့်နည်းဆိုပြီး လိုက်လုပ်တာနည်းတယ်။ မြေဇင်းတောရရိပ်သာတွေကတော့ ထိုနည်းအတိုင်း ကျင့်စေပြီး ၄၅ ရက် ၆၀ရက် တရားစခန်းဖွင့်တယ်။ တကယ်အောင်မြင်သွားတဲ့ ရဟန်းပုဂ္ဂိုလ်တွေ မနည်းတော့ဘူး။ သက်သေမှတ်တမ်းတွေ ပြုစုထားတယ်။ ကျွန်တော်က တရားစခန်းဝင်ချင်တာ။ ၄၅ ရက် တရားစခန်းဆိုတော့ ဝန်ထမ်းဘဝနဲ့ အဆင်မပြေလို့။ လှည်းကူးမှာ ဗောဓိအေးငြိမ်းရိပ်သာရှိတယ်။ မောင်းထောင်မြေဇင်းနည်းဘဲ။ ကိုယ်တွေ့မှယုံမယ့်သူတွေ ပိုသွားသင့်ပါတယ်။
ကျွန်တော်လည်း ထိုနည်းနဲ့ဘဲ အာနာပါန မှတ်ဘို့စဉ်းစားထားတယ်။လိုရင်းက သမာဓိရဘို့၊ကြာကြာထိုင်ဖြစ်ဘို့ လိုတယ်လေ။ 2 arroundလောက်လုပ်နိုင်ရင် တော်တော်ကောင်းနေပါပြီ။ ရိပ်သာမှာဆိုရင်တော့ ကိုယ်ရတဲ့ဝါရ်ကို ဆရာတော်ဆီမှာ အပ်ရတယ်။ ဒီနေ့ ၅၀၀ရရင် နောက်နေ့ ၅၀၀ထက် ပိုအပ်ရတယ်။ နောက်ပြီး ထိုင်တဲ့ ဝါရ်ရေ ဝါရ်မှတ်ဘဲ အပ်ရတယ်။ ဝါရ်သန့်ဘို့လည်းလိုတယ်။ ဝါရ်သန့်တယ်ဆိုတာက သမာဓိကောင်းကောင်းနဲ့မှတ်ထားတာကိုပြောတာပါ။လောလောဆယ် ကန္နီနည်းကို မိတ်ဆက်သဘောမျိုး ရေးထားတာပါ။ နောက်postတွေမှာ အခြေခံပထမအဆင့်ကနေပြီး ရေးသားတင်ပြပါ့မယ်။ ဗုဒ္ဓာနုဿတိ ၊မေတ္တာဘာဝနာ၊ မရဏ နုဿတိ၊ အသုဘ ကမ္မဌာန်းစတဲ့ ကိုယ်စောင့်ကမ္မဌာန်းလေးပါးကို မှတ်ပုံမှတ်နည်း အကျဉ်းရေးသားတင်ပြပါ့မယ်။ကျွန်တော်ရေးသားတင်ပြဖြစ်တော့ ကိုယ်လည်းလုပ်ဖြစ်သွားတာပေါ့။မိတ်ဆွေတို့လည်း အသိတွေတိုးတာပေါ့ဗျာ။ အဓိက က ခလေးတွေအတွက်ပါ။ အနည်းဆုံး ဗဟုသုတလေးရသွားရင်တောင် အကျိုးက မနည်းဘူးလေ။နောက်postတွေကို ဆက်လက်ဖတ်ပေးပါလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။အားလုံး ကျန်းမာ ချမ်းသာပါစေ။
ကိုးကားချက်။ ။ဒဿနပါရဂူကျမ်း(ဓမ္မာစရိယဦးဌေးလှိုင်)
။
MSC-228
@mahaw
မိုးဝေတို့ရဲ့တော်ကူးရိပ်သာဆီတရားလာမှတ်ဖို့ဖိတ်ခေါာပါသည်
ပထမတော်ကူးဆရာတော်အကြောင်း ဖတ်ဖူးတယ် ။နာရီရှည်တော် တော် ထိုင်နိုင်တယ်လို့ သိမှတ်ရပါတယ် ။နာရီရှည် ထိုင်ဖူး ချင်ပါတယ်။တစ်နေ့တော့ လာ ဖြစ်ဘို့ကြိုးစားပါ့မယ်။ကျေးဇူးပါ။
အသိတိုးပြီးဗဟုသုတရပါတယ်....စိတ်ရှင်းရင်ဘ၀ရှင်းတယ်ဆိုတာအမှန်ပါဘဲ....
စိတ်ရှင်းတဲ့ အလေ့အကျင့်ကောင်းလေး လုပ်ကြတာပေါ့ ညီမ။
ဗဟုသုတရပါတယ်
ကျေးဇူးပါ။
ဓမ္မစကားကြားရတာအေးချမ်းလှပါတယ်
ကြိုးစားပါ့မယ်
ကျေးဇူးတင်ပါတယ် အန်တီ။ကျွန်တော်လည်း ကြိုးစားရဦးမှာပါ။
တရားထိုင်တဲ့အကြောင်းတော့
သိပ်ပြီး ကကျဟ်ပြန့် အောင် ပြန်မမန့် တတ်ပါဘူးအကို ဒါပေမယ့်ဆီအိုးဥပမာလေးလိုပဲ
သတိကပ်ပြီး သွားလာနေထိုင်ကျင့်ကြံဖို့ ကြိုးစားပါ့မယ်
အစ်ကို ရေး ထားတာတွေကို စိတ် ဝင်စားမှု နည်းပေမယ် ဖတ်ပါများလာရင် နားရည်ဝလာမှာပါ။တစ်ချိန်ကြ တန်ဘိုး ရှိလာမှာပါ ညီ။ကျေးဇူးပါ ညီ။
အဓိက ကတော့ ကိုယ့်စိတ်ကို သန့်အောင်ထားနိုင်ရင်အကောင်းဆုံးပါဘဲ
ဟုတ်ကဲ့ပါအစ်ကိုယု။ကျေးဇူးပါ အစ်ကို။
ကျေးဇူးပါ ကိုမဟော်ရေ ☺ ☺
ကျွန်တော်က ကျေးဇူးတင်ရမှာပါကို လွမ်းရာ။
အမေက တရားထိုင်ဖို့ ခဏခဏမှာတယ် အစပိုင်းတော့ လုပ်ဖြစ်လိုက်သေးတယ်....အခုတော့....
ပုံမှန် မလုပ် ဖြစ်ရင် ပျင်းတယ်ညီမ။အစ်ကိုတို့လည်း ဒီလိုပါဘဲ။
နောက်ပိုစ့်တေ ဆက်ဖတ်ပါ့မယ်လို့😁
ဟုတ်ကဲ့ပါ မကြည်။ကျေးဇူးပါ ညီမ။
မသိရသေးတဲ့ တရားအားထုတ်နည်းတွေ သိရလို့ ကျေးဇူးများတဲ့ ပို့စ်လေးပါရှင်။ ကိုယ်အားသန်ရာ ကိုက်ညီရာ အားထုတ်ကြရင် ပိုပြီး အကျိုးထူးရကြမှာပါ။
တစ်စုံတစ်ခု အသိတိုးသွားရင် ရေးရကျိုးနပ်ပါတယ်ဗျာ။ကျေးဇူးပါ။
အတတ်နိင်ဆုံး တရားထိုင်ပါတယ်
ကောင်းသော အလေ့အကျင့်လေးပါ။ကျေးဇူးပါ ဗျာ။
လုပ်ကြည့်ရအုံးမယ်
စမ်းကြည့်ပါအစ်မ။ ပုံမှန်ထက် ပိုထိုင်နိုင်တယ်။
ကိုမဟော်ရဲ့ တရားနည်းလမ်းများကို ဖတ်ရှုလေ့လာရင်း အသိတိုးရပါတယ်။