"ဘကြီးသိန်းခ .. ဘကြီးသိန်းခ ...
ကျုပ်ကို ကယ်ပါအုံးဗျာ ...
ဘကြီးသိန်းခ ကျုပ်ကိုကယ်ပါအုံး .."
အိမ်ရှေ့ဆီမှ အလန့်တကြား
ခေါ်သံကြောင့် ဘကြီးသိန်းခ
ထွက်ကြည့်လိုက်သည် ...
" ဟင် .... မြဖေ.."
" ဟေ့ .. ဘာဖြစ်လာတာတုန်းဟ.."
ဘကြီးသိန်းခ လှမ်းအော်မေးလိုက်သည် ...
"ဘကြီးသိန်းခ .. ကျုပ်ကိုကယ်ပါအုံးဗျာ .."
ကိုမြဖေ ပုံစံကား အရေးတကြီးနိုင်လှသည် ..
နောက်ပြီး မျက်လုံးများက ဂဏာမငြိမ် ....
တစ်စုံတစ်ခုကို ကြောက်ရွံ့နေသလို အရမ်း ထိတ်လန့် တုန်လှုပ်နေပုံက သိသိသာသာ
ပေါ်လွင်နေသည် ... မျက်တွင်းများဟောက်ကာ လွန်ခဲ့တဲ့ တစ်ပတ်လောက်က
တွေ့တုန်းကလို ပြည့်ပြည့်ဖြိုးဖြိုးမဟုတ် ...
အတော်လေးပင် ပိန် ကျသွားသည် ...
" ဟ ... မြဖေရ .. မင်းဘာတွေဖြစ်လာတာ
တုန်းဆိုတာလည်း ငါ့ကိုပြောအုံးဟ..."
ဘကြီးသိန်းခ အနည်းငယ်ငေါက်လိုက်မှ
ကိုမြဖေ သတိဝင်သွားဟန်တူသည် ....
မျက်လုံးများကို ကျီးကန်းတောင်းမှောက်ကြည့်ကာ ငိုသံပါကြီးနဲ့ ..
" ဘကြီးသိန်းခ ... ကျုပ် ..ကျုပ်မအိပ်ရတာ တစ်ပတ်လောက်ရှိပြီ .. ကျုပ်ကို သူတို့တွေ သတ်ကြတော့မယ် .. ကျုပ်ကို ဖမ်းပါဗျာ ...
ကျုပ်မှာ အပြစ်ရှိပါတယ် ... ကျုပ်ဒီနားမှာမနေရဲတော့ဘူး ..ကျုပ်ကို ဘုရားစင်နားခေါ်သွားပါဗျာ ..ကျုပ်အကုန်ပြောပြပါ့မယ်... ကျုပ်အပြစ်
တွေကို ဝန်မခံ မခြင်း ကျုပ်ကို သူတို့တွေ
အမျိုးမျိုးခြောက်လှန့်နေကြတယ်ဗျာ ..ကျုပ် ..
ကြောက်တယ်ဗျာ .. "
" ဘယ်သူတွေက ခြောက်တာတုန်း ..
ရှင်းအောင်ပြောလေကွာ .. မင်းဘာတွေ
လုပ်ထားတာတုန်း ..." ဘကြီးသိန်းခ
မေးလိုက်သည် ...
" ကြာစိရယ် ယဉ်လှရယ် .. နောက်ပြီး ရွှေအ
ငစွေ .. ဖိုးဆောင်း .... သူတို့တွေပေါ့ဗျာ ..
ကြာရင် ကျုပ်ရူးတော့မှာဗျ .. လုပ်ပါ
ဘကြီးသိန်းခရယ် .. ကျုပ်ကို ဘုရားစင်နား
ခေါ်သွားပါ ..ကျုပ် အကုန်ပြောပြပါ့မယ် ..."
ကိုမြဖေ ပါးစပ်ကလည်းပြောရင်း မျက်လုံးများကလည်း ခြံဝသို့ လှမ်းလှမ်းကြည့်ကာ
ရုပ်ပျက်ဆင်းပျက် ကြောက်လန့်နေပေသည်..
တစေ သရဲ မကြောက်တတ်သူဟု
နာမည်ကြီးသော မြဖေတစ်ယောက်
ဒီလောက် တုန်လှုပ်နေတာမျိုး တစ်ခါမှ
မတွေ့ဘူးသော ဘကြီးသိန်းခ ကိုမြဖေကို
အထူးအဆန်းသဖွယ် ကြည့်မိသည် ..
ထို့နောက်အိမ်ထဲသို့ ခေါ်ကာ ဘုရားစင်ရှေ့
ထိုင်ခိုင်းလိုက်ပြီး ဘုရားစင်ပေါ်ရှိသော
ပရိတ်ရေအိုးထဲမှ ပရိတ်ရေအနည်းငယ်
တိုက်လိုက်သည် ...
"ကဲ .. မြဖေ .. ပြောစရာရှိတာ ပြောတော့ .."
ကိုမြဖေ ဘကြီးသိန်းခ ပေးသော ပရိတ်ရေ ကို အငမ်းမရ သောက်လိုက်ပြီး ..
" ကျုပ် အကုန်ပြောပါတော့မယ် ....
အဲ့ဒီညက ............."
:::::::::::::::::::::::::::
ခင်ဗျားတို့ မှတ်မိကြလား ...
အဲ့ဒီညက ကျုပ် ညို ကြီးတို့ဆီကအပြန် အမဲသားတွဲကြီးဆွဲပြီး ဘကြီးသိန်းခတို့ဆီ ရောက်သွားတဲ့ ညလေ ...
ရွှေအ အကြောက်လွန်ပြီး သတိလစ်သွားတဲ့ညဗျာ ...
ငစွေ ကျုပ်ကို ဘာပြောတယ်မှတ်လဲ ..
" သစေ ၊ သရဲ ၊ နာနာဘာဝ တွေကို
ခင်ဗျား.အကြောင်းမတိုက်ဆိုင်သေးလို့
မတွေ့တာနေမှာပါ ..
ပက်ပင်းတိုးမှ အဟုတ် ဖြစ်နေအုံးမယ် ..တဲ့"
ကျုပ်ဆိုတဲ့ ကောင်ကပဲ တကယ်မတွေ့သေးလို့ မကြောက်တဲ့ ပုံစံမျိုး ...
ဒင်းပြောပုံက ကျုပ်သိက္ခာကို စော်ကားလိုက်သလိုပဲ .. ဟုတ်တယ်လေ .. ခင်ဗျားတို့ပဲ စဉ်းစားကြည့် .... မြဖေလိုလူက သရဲ မကြောက်တတ်ဖူးဆိုတာ လူတိုင်းသိတယ် ...နောက်ပြီးကျုပ်မှာရှိတာဆိုလို့ အဲ့ဒီ ဂုဏ်ပုဒ်လေးပဲရှိတာ ဒါကို ဒင်းက များ ရာရာစစ ....
ကျုပ် အဲ့ဒီကောင်ကို သိပ်ကြည့်ရတာမဟုတ်
တော့ဘူး ..ရွာထဲက တွေ့တဲ့သူတိုင်းကို
စလိုက် နောက်လိုက်နဲ့ .. အဲ့ဒီကောင် စတာ
နောက်တာက လွန်လွန်းတယ် ... တချို့ဆို လင်မယားတောင် ကွဲလုလု ဖြစ်ကုန်တယ် ...
ဒင်းကို နောင်ကြဉ်အောင် နည်းနည်းလောက်
တော့ ပညာပေးမှ ဖြစ်တော့မယ် ...
ဒင်း အတတ်နဲ့ ဒင်းစူးဖို့ ကျုပ်စဉ်းစားထားပြီးသား ... နောင်ကို သူတစ်ပါးကို စ တော့မယ်ဆိုရင် ဒီအဖြစ်အပျက်ကို တွေးမိပြီး
မစရဲတော့အောင်ပေါ့ဗျာ .. ကျုပ်အတွေးထဲမှာ အားလုံး အစီအစဉ်ဆွဲထားပြီးသား ...
တခြားဟုတ်ရိုးလား ...
မောင်ရှင်လောင်းဖိုးဆောင်းလေးကို
ကျုပ်ဖွက်လိုက်မယ်လေ ..
ဘယ်နေရာဖွက်ရမယ်ဆိုတာ အထွေအထူး
စဉ်းစားနေဖို့မလိုဘူး .. ရွှေအ အကြောက်
လွန်တဲ့ညက ကျုပ် မကျည်းပင်ကြီးကို မီးတုတ်နဲ့ ပတ်ကြည့်တော့ စဥ့်အိုးကြီးတစ်လုံးတွေ့ခဲ့တယ် ... ဖိုးဆောင်းခန္ဓာကိုယ်လောက်
တော့ ချောင်ချောင်ချိချိ နေလို့ရတယ် ...
နောက်ပြီး ရွှေအကိုလည်းကျုပ် သေချာပြောထားပြီးသား ... ကျုပ်က ဖိုးဆောင်းလေးကို
ဖွက်မယ် ... ကလေးပျောက်လို့
ရွာထဲကလူတွေ ငစွေလုပ်တာထင်ပြီး ဆူညံဆူညံ လုပ်လာကြပြီဆိုရင် ဖိုးဆောင်းလေးကို အလှူအိမ်ဆီပြန်ခေါ်သွားဖို့
သေချာ မှာထားပြီးသား ...
ကျုပ်လား .. ဟာ ..ဟား .. ညိုကြီးတို့ဆီမှာ တစ်ခွက်တစ်ဖလားလောက် သွားသောက်
လိုက်အုံးမယ်လေဗျာ .. ကျုပ်နဲ့ အလှူပွဲဆိုတာ ဘာဆိုင်တာမှတ်လို့ .. ဟုတ်ဖူးလား ..
အဲ့တာကြောင့် ရွှေအ ကို သေချာမှာနေတာဗျ .. အဲ .. ကလေးကို ပြန်ပို့တဲ့ အခါကျရင်လည်း ဘယ်သူဖွက်မှန်းမသိကြောင်း ကလေးကိုတွေ့လို့သာ ခေါ်လာတာဖြစ်ကြောင်း
ပြောပြဖို့ သေချာမှာထားတယ်ဗျာ ... ဟား..ဟား..
ဒါမျိုးလုပ်တတ်တာ ရွာမှာ ငစွေ တစ်ယောက်ပဲရှိတာလေ .. အားလုံးကသူ့ကိုပဲ ထင်ကြမှာ
အလှူလှည့်ခါနီး ကသိကအောက် လုပ်တဲ့
ကောင်ဆိုပြီး အားလုံးကစိတ်ဆိုးကြမယ် ...
ငစွေလည်း သူမလုပ်ရဘဲ အထင်ခံရလို့
နောက်ဆို ဆင်ခြင်သွားလိမ့်မယ် ...
ကဲ ... ဘယ်လောက်ကောင်းတုန်း ...
သြော် ... မေ့လို့ ... ရွှေအ ကို ဘယ်လိုစည်းရုံးလိုက်လဲဆိုတာ ပြောရအုံးမယ်ဗျ .....
အဲ့ဒီကောင် အကြောက်လွန်တဲ့ညပဲလေ ..
ကျုပ်သူ့ကို အိမ်ပြန်လိုက်ပို့ရင်း
ကျုပ်အစီအစဉ်ကိုပြောပြတော့
သူအသည်းအသန်ငြင်းတယ် ..
ဘာလို့တုန်းဆိုတော့ .. ကြာစိကို ကြောက်လို့တဲ့လေ .. သူ့သားကို မဖွက်ရဲဘူးတဲ့ ..
"ဟ ကောင်ရ ဖွက်မှာက ငါပါဟ .. မင်းက
ပြန်ရှာတွေ့ရမှာ .. နောက်ပြီး မင်းက သူ့သားကို ပြန်တွေ့တာဆိုတော့ ကြာစိက
ကျေးဇူးတောင် တင်နေအုံးမှာ " ဆိုမှ
လက်ခံတာဗျာ ..ဒါတောင် အင်တင်တင်
လုပ်နေလို့ ကျုပ်ပါတဲ့ အမဲသားတွဲကြီးပေးပြီး
အပေး အယူတည့်ခဲ့ကြတာ ....
အဲ့ဒီနောက် ကျုပ်အကြံကို အကောင်အထည်
ဖော်လိုက်တယ် ...တကယ့်လက်တွေ့က
အတွေးထဲကလောက် အဆင်မပြေဘူးဗျ ..
ဖိုးဆောင်းလေးက ဘယ်လိုမှ အိုးထဲကို
အသာတကြည်ဝင်မှာမဟုတ်ဘူး .. ကျုပ်တစ်မျိုးကြံရတယ် .. လူလစ်တုန်း ဖိုးဆောင်းလေးကို ခဏသတိလစ်အောင် ဇက်ပိုးကို
ခတ်ဆတ်ဆတ်လေးရိုက်ပြီး
ခေါ်လာခဲ့ရတယ် .. အကြာကြီးတော့ မမေ့ပါဘူး .. ကျုပ်လက်ဆ ကျုပ်ယုံတယ်လေ ..
ဒါပေမယ့် စိတ်မကောင်းတော့ဖြစ်မိသား .. ကျုပ်က ကလေးကို နာကျင်အောင်
မလုပ်ချင်ပါဘူးဗျာ ... ကျုပ်သင်ခန်းစာ
ပေးချင်တာက ငစွေ ... ကျုပ် ဖိုးဆောင်းလေးကို စဥ့်အိုးထဲ ထည့်ပြီးတော့ တစ်ခုတွေးမိတယ် ..အလှူအိမ်က ဖွင့်တဲ့ အသံတွေကြောင့်
ကျုပ်မှန်းထားတဲ့ အချိန်ထက် စောနိုးလာရင် ကျုပ်အစီအစဉ် ပျက်ပြီ ..အဲ့ဒီ အသံတွေကို
ဖိုးဆောင်း မကြားရအောင် တစ်ခုခုနဲ့ ဖုံးရမယ် .. ဒါနဲ့ လိုက်ရှာတော့ ဘကြီးသိန်းခတို့
ထမင်းချက် တဲ့နားက သံပြားကြီးကြီး
တစ်ချပ် တွေ့တယ် ... ဘယ်နေရာမှာ သုံးတာလဲတော့ကျုပ်လည်းမသိဘူး .... ထွေထွေထူးထူး စဉ်းစားမနေအားဘူး ... တွေ့တဲ့
သံပြားနဲ့ စဥ့်အိုးအဝ ပေါ်ပိတ်လိုက်တယ် ...အဲ့ဒီအပေါ်ကနေမှ သေချာအောင်
ကျောက်ခဲတစ်လုံး ထပ်ဖိခဲ့သေးတယ် ...
နောက်တော့ ရွှေအ ကို သေချာမှာပြီး
အစောင့်ထားခဲ့လိုက်တယ် ....
ကျုပ် ကတော့ ညိုကြီးတို့ဆီ
ထွက်လာခဲ့တော့တယ် .....
::::::::::::::::::::::::
ဒီလိုနဲ့ ညို ကြီးတို့ဆီက ကျုပ်ပြန်လာတော့
တောထဲမှာ ရုတ်တရက် ရွှေအကို တွေ့လိုက်တယ် .. ဖိုးဆောင်းလေး
အသက်ရှူ ကြပ်ပြီးသေပြီတဲ့ .. ငစွေ့ကိုလည်း ရွာသားတွေ ဝိုင်းရိုက်ကြလို့ ထွက်ပြေးရင်း သူ့ပါလာတဲ့ဓားနဲ့ ပြန်ထိုးမိပြီးသေပြီတဲ့ ..သူက ပြောသေးတယ် .. ဘာတဲ့ ...
ဖိုးဆောင်းကို ကျုပ်သတ်တာတဲ့ .. နောက်ပြီး သူအရမ်းကြောက်တယ်တဲ့ .. ဘာလုပ်ရမှန်းမသိလို့ ကျုပ်ကို လာရှာတာတဲ့ ..
အာ ... ဘာတွေလဲ ...
သူ့ကိုသေချာစောင့်ကြည့်ခိုင်းထားတယ်လေ .. မင်းက ဘာလို့ စောင့်မကြည့်တာတုန်းဆိုတော့ ဖိုးဆောင်းကို မေ့ပြီး ကလေးတွေနဲ့ သွားဆော့နေတာတဲ့ဗျာ ... ကဲ ဘယ်လောက်စိတ်တိုစရာ ကောင်းလိုက်လဲ ..
ကျုပ်အရမ်းစိတ်တိုသွားတယ် ...
မဟုတ်ဘူး ..ကျုပ် ဘယ်သူ့ကိုမှ မသတ်ဘူး .. ဖိုးဆောင်းကို သတ်တာ ငါမဟုတ်ဘူး
မင်းသတ်တာ ရွှေအ .. မင်းသတ်တာ ...
နောက်ပြီး သူက ဘာပြောသေးတယ်မှတ်လဲ
ရွာကိုပြန်ပြီး အကုန်လုံးကိုသွားပြောမယ်တဲ့လေ ... ကျုပ်တွေးမိတယ် ..သူက
စောင့်မကြည့်တာတစ်ခုပဲ ... ကျန်တဲ့
ကိစ္စတွေက ကျုပ်လုပ်ထားတာ ..
ကျုပ်လည်ပင်းကို ကြိုးကွင်းစွပ်ဖို့တော့ အလုပ်မခံနိုင်ဘူးဗျာ . ကျုပ်ဘာမှ စဉ်းစားမနေတော့ဘူး ..အသာလေး သူ့နောက်ကနေပတ်ပြီး
ကျုပ် ပါလာတဲ့ဓားနဲ့ သူ့လည်ပင်းကို
တစ်ချက်တည်းလှီးပစ်လိုက်တယ် ..
ဟုတ်တယ်လေ..သူမပြောရင် ဘယ်သူမှ
ဒီကိစ္စကို မသိနိုင်တော့ဘူး ...
သူ့လည်ပင်းသူကိုင်ရင်း
ကျုပ်ကို အံ့သြတကြီး လှည့်ကြည့်တယ် ..
မတတ်နိုင်ဘူး ရွှေအရေ .. မင်းပါးစပ်ကို ဒီလိုပိတ်မှရမှာမို့ ပိတ်လိုက်ရတာပဲ ... ကျုပ်
သူသေတာကို ထိုင်ကြည့်နေရင်း
အကြံတစ်ခုရလာတယ် .. အလောင်းကို
တောထဲမှာဖျောက်လိုက်ရင် ရပေမယ့်
ဒီကိစ္စကို ကျုပ်ကိုယ်တိုင် အသိပေးမှ ဖြစ်မယ် .. ဘာလို့လဲဆိုတော့ .. ကျုပ်ကိုသံသယ ဝင်တဲ့သူရှိရင်လာရင် "ကျုပ်သတ်တာဆို
တောထဲမှာတင်ဖျောက်လိုက်မှာပေါ့ ..
ဘာကိစ္စ အသိပေးနေမှာတုန်း " ဆိုပြီး ကျုပ်ဘက်က တစ်ကွက်သာနေအောင်ပေါ့ ..
ဘယ်သူမှ မစဉ်းစားတာမျိုး ကျုပ်စဉ်းစားရမယ် .. ကျုပ်ဓားကို လုံလုံခြုံခြုံဖွက်လိုက်တယ် .. ခြေရာ လက်ရာတွေ မကျန်အောင်
စိတ်တိုင်းကျ ရှင်းလင်းလိုက်တယ် ..
စိတ်ချရတဲ့ အနေအထား ရောက်ပြီဆိုတော့မှ
ကျုပ်ရွာကို အပြေးပြန်လာခဲ့တယ် ...
ရွာရောက်တော့ ဘကြီးသိန်းခရှိလောက်မယ်ထင်တဲ့ အလှူအိမ်ကို ပြေးလာခဲ့တယ် ..
အဲ့ဒီရောက်တော့ ကျုပ်ခေါင်းနားပန်းကြီးသွားတယ်.. ဘယ်ချိန်က ရောက်နေမှန်း မသိတဲ့ ရဲတွေ .. မတတ်နိုင်ဘူး .. ကျုပ်စီစဉ်ထားတဲ့ အတိုင်း ဆက်လုပ်ရမှာပဲ .. သူတို့ကို ခေါ်လာပြီး ရွှေအ အလောင်းရှိရာ ပြန်လာတဲ့ လမ်းတလျောက် ကျုပ်ကို ရဲတွေ
ွမေးနိုင်မယ်ထင်တဲ့ မေးခွန်းတွေ
ကိုယ့်ဖာသာကိုယ်စဉ်းစား
မေးရင်း တစ်ခုချင်းစီ အတွက် အဖြေတွေ
စဉ်းစားလာခဲ့တယ် ...
ရွှေအ အလောင်း ရှိတဲ့နေရာရောက်တော့
ကျုပ်လှမ်းကြည့်မိသေးတယ် .. မပိတ်သေးတဲ့ မျက်လုံးတွေက ကျုပ်ကို ကြည့်နေသလိုပဲ ...အချိန်ကလည်း မှောင်နေပြီမို့ ရဲတွေ
ဘာသဲလွန်စမှ ရှာတွေ့ဟန် မတူပါဘူး ..
ကျုပ်ကလည်း သေချာလုပ်ထားတာလေ ...
နောက်တော့ ရွှေအ အလောင်းကို ပြန်သယ်လာပြီး သင်္ချိုင်းမှာ ထားလိုက်ကြတယ် ...
ရဲတွေလား .... ကျုပ်ကို မေးခွန်းတွေ
အများကြီးမေးတာပေါ့ဗျာ .. ကျုပ်မစိုးရိမ်ပါဘူး ... ကျုပ် အားလုံးပြင်ဆင်ပြီးသား ...
နောက်တော့ ကျုပ်အိမ်ပြန်လာတယ်ပေါ့ဗျာ ...
:::::::::::::::::::
ကျုပ်အိမ်ပြန်လမ်းတလျှောက် ပုတ်အဲ့အဲ့ အနံ့တစ်ခုရတယ် .. ကျုပ်သတိထားမိတာ
နောက်တစ်ခုက ခြေသံ .... ပြန်လာတာ ကျုပ်တစ်ယောက်ထဲလေ ... ခြေသံက တော်တော်များနေတယ် .. ရုတ်တရက် ကျုပ်နောက်လှည့်ကြည့်လိုက်တယ် .. ဘာမှမရှိပါဘူး ..
ဒါနဲ့ ကျုပ်ပြန်လျောက်လာတော့ ခြေသံတွေ
ပြန်ကြားရပြန်ရော ... ဒီတစ်ခါ ကျုပ်စမ်းကြည့်ချင်တာနဲ့ ပြေးကြည့်တယ် .. ခြေသံတွေက
ပြေးလိုက်လာတယ် ... ရုတ်တရက် ကျုပ်ကို တစ်ယောက်ယောက်စောင့်တွန်းလိုက်သလို ကျုပ်ရှေ့ဟပ်ထိုး လဲသွားတယ် .. ကျုပ်စိတ်တို
ပြီး ပြန်ထဖို့လုပ်တော့ ဘယ်လိုမှ ထမရတော့ဘူး ... ပုပ်စော်တွေကလည်း အရမ်းနံတယ်ဗျာ ... ကျုပ်ကျောပေါ်မှာ တက်ဖိထားသလို ခံစားရပြီး လဲနေတဲ့ကျုပ်မျက်နှာနားမှာ ခွေးနက်
ကြီးတစ်ကောင်က သွားရည်အရွှဲသားနဲ့
မာန်ဖီပြီး ကြည့်နေတယ် .. အနီရောင်သန်း
နေတဲ့ မျက်လုံးတွေက ကျုပ်ကို စူးစူးရဲရဲစိုက်
ကြည့်ပြီး ကျုပ်မျက်နှာကို ကိုက်လိုက်တယ် ....
"အားးးး..."
ကျုပ်အာခေါင်ခြစ်ပြီးအော်လိုက်မိတယ် ...
သေချာကြည့်မိတော့ .. ကျုပ်အိပ်မက်မက်နေတာပဲ ... ညက ရွှေအ အလောင်း ပို့ပြီး
အိမ်ပြန်ရောက်တော့ ချက်ခြင်း အိပ်ပျော်သွားတာနေမှာ .. အခုထိ မိုးမလင်းသေး .....
"ဟင် .." အနံ့တစ်ခုရလိုက်တယ် ..
အိပ်မက်ထဲက အပုပ်နံ့ ....
နှာခေါင်းထဲကို အပုပ်နံ့တစ်ခုနဲ့အတူ
မည်းမည်းအရာနှစ်ခု ကျု ပ်အိပ်ယာနား
ရောက်လာတယ် ...
"ဟာာ ... ကြာစိ ... ယဉ်လှ .."
ကျုပ်အိပ်မက်ထပ်မက်နေတာလား ..ကျုပ်ကိုကျုပ် ရိုက်ကြည့်လိုက်တယ် ... အိပ်မက်
မဟုတ်ဘူး တကယ် ဖြစ်နေတာပဲ ...
သူတို့နှစ်ယောက် မျက်နှာတွေက ရုပ်ပျက်ဆင်းပျက် .. ကျုပ်ကို ပြိုင်တူ လက်ညှိုးထိုးပြီး
" ငါတို့သားကို နင်သတ်တာ ..
နင့်ကိုမကျေနပ်ဘူး .. နင် အသေဆိုးနဲ့
သေရမယ် .."
နောက်ထပ်ရောက်လာတာက ရွှေအ ..
သွေးတွေ တလဟောကျနေတဲ့ သူ့လည်ပင်းကိုင်ရင်း ကျုပ်ကို ပါးစပ်က တစ်ခုခုပြောနေတယ် .. ဒါပေမယ့် ကျုပ်မကြားရဘူး ..ရွှေအ က ရုတ်တရက် သူ့ခေါင်းသူ ဆွဲဖြုတ်လိုက်ပြီး
ကျုပ်ဆီလှမ်းပစ်လိုက်တယ် ... အားး ..
သူ့ခေါင်းကြီးက ကျုပ်လက်ထဲမှာ ... ကျုပ်ကို သူ သေခါနီး ကြည့်တဲ့ အကြည့်နဲ့ကြည့်ပြီး ..
" လူသတ်ကောင် ... လူသတ်ကောင် " ဆိုပြီးဆက်တိုက်အော်နေတယ် .....
ကျုပ် .. ကျုပ် .. အိမ်ထဲမှာ မနေရဲတော့ဘူး .. အိမ်ပြင်ကို ထွက်ပြေးခဲ့တယ် ..ကျုပ်နောက် တစ်ယောက်ယောက်ပြေးလိုက်လာသံ
ကျုပ်ကြားလိုက်တယ် .. ကျုပ်အားရှိသွားပြီး
နောက်လှည့်ကြည့်လိုက်တော့ ငစွေ လေ .. ဖိုးဆောင်းကို ထမ်းပြီးကျုပ်နောက်လိုက်လာတယ် .... ရင်ဘတ်မှာ ဓားတန်းလန်းနဲ့ ..
ကျုပ်ကိုစကားလှမ်းပြောတယ် ...
" ကျုပ် မ လုပ် ဘူး" "ကျုပ် မ လုပ် ဘူး " တဲ့
သူတို့တွေ အကုန် ကျုပ်နောက်ကို
နေ့ရောညပါ လိုက်နေကြတယ် .....
တစ်ရက်လည်းမဟုတ် .....
နှစ်ရက်လည်းမဟုတ် ... နေ့တိုင်းကျုပ်ကို
ခြောက်နေကြတယ်ဗျ .....
" ဟော ..... သူတို့ရောက်လာကြပြီ ..
ဘကြီးသိန်းခ သူတို့တွေ ခင်ဗျား ခြံထဲ ရောက်လာကြပြီ ... ကျုပ်ကို သတ်ကြတော့မယ် .." ကိုမြဖေ စကားပြောရင်း မျက်လုံးများက
ကြောင်တောင်တောင်နိုင်လှစွာ
ဘကြီးသိန်းခ ခြံထဲ လက်ညှိုးထိုးပြပြီး
ိအိမ်ပေါ်မှ ထပြေးလေသည် ...
" ဟေ့ ဟေ့ မြဖေ .." ရုတ်တရက်မို့
ဘကြီးသိန်းခလည်း မတားနိုင်လိုက်ပေ ....
" ဝုန်း "
" အားး...."
ကိုမြဖေ ထပြေးရင်း ခလုတ်တိုက်ကာ ဘကြီးသိန်းခ၏ ကွပ်ပျစ်စောင်းနဲ့ နဖူး တိုက်မိသွား
ခြင်းဖြစ်သည် ... ဘကြီးသိန်းခ ကိုမြဖေဆီ အမြန်သွားလိုက်သည် ..
ကိုမြဖေနဖူးတွင်တော့ သွေးတို့ကရဲလျှက် ...
အခုတော့ .......
ကိုမြဖေတစ်ယောက် ..
သူသတိပြန်ရလာကတည်းက ဘယ်သူ့ကိုမှ မသိ ဘာကိုမှသတိမရတော့ပေ ...
သူတစ်ယောက်တည်းစကားတွေ ပြောနေလေ့ရှိပြီး တခါတရံတော့
" တကယ်ခြောက်ရင် ကြောက်စရာ
ကောင်းတယ်....." ဟူ၍
ကြားရတတ်ပါသည် .... သူ့ဘဝရဲ့
ကျန်နေသေးတဲ့ အချိန်တွေကို
စိတ္တဇ ဆေးရုံပေါ်တွင် ကုန်ဆုံးရင်း
သူရဲ့ စိတ်စေရာအတိုင်း
မျောလွင့်နေအုံးမည် ဖြစ်ပေတော့သည် ....
ပြီးပါပြီ ..........
စိတ်ရှည် သည်းခံဖတ်ရှု ပေးတဲ့အတွက် ကျေးဇူးပါ ခင်ဗျာ .... ရွှင်လန်းချမ်းမြေ့ပါစေ .....
(March - 9 - 18
12:46 am, Friday )
Photo Credit - Google Image
Written by @myanmarpyithar
MSC 103
ယဉ်ယဉ်လေးရူးတာပိုဆိုးတယ်နော်ကိုယ့်ကိုကိုယ်ဒုက္ခရောက်စေတယ်။ကောင်းတယ်အစ်ကိုဇာတ်သိမ်းလေး။
ကျေးဇူးပါ အစ်ကိုရေ ... သူခမျာ တစ်ယောက်တည်း ယဉ်ယဉ်လေး.ရူးသွားရှာပြီ ..ကံကြမ္မာရဲ့ လှည့်ကွက်အောက်မှာပေါ့ဗျာ ...
ဖတ်ရင်နဲ့စိတ်လှုပ်ရှားတာ
စိတ်များဖမ်းဆုပ်နိုင်ဖို့ခက်သား
အဆုံးထိ ဖတ်ပေးတာကျေးဇူးပါ ကိုကြီးရေ ..
စိတ်ကို မဖမ်းဆုပ်နိုင်တဲ့ ကိုမြဖေ တစ်ယောက်ကတော့ .... သူ့စိတ်စေစားရာအတိုင်း ယဉ်ယဉ်လေး ဖြစ်နေရပြီ ကိုကြီးရေ ..
ကြောက်စရာ အသည်းတွေတောင်ဘယ်ချောင်ရောက်သွားလဲမသိဘူး လိုက်ကောက်ရအုံးမှာ😁😁
လိုက်ကောက် လိုက်ကောက် bro ရေ .. ကောက်ရင်းသေချာကြည့်အုံး ..ရွှေအနဲ့တွေ့နေမှဖြင့် ...
တစ်ရွာလုံးများ သရဲဇာတ်သွင်တော့မလား မသိပါဘူးအေ ကျက်ရွာဆိုတာကြားဖူးတယ်
ဒါတောင်ဆက်ရေးရမှာ ပျင်းလာလို့ သိမ်းလိုက်တာနော် ဟီး 😀
တော်သေးတယ်ညကမဖတ်လိုက်ရလို့ ညဖတ်မိရင်တော်တော်လန့်နေမိမာ😂
သနားစရာ သရဲ ဒွမ်မာလေးပါ ..😂😂
ယဉ်ယဉ်လေးရူးသွားတာပေါ့နော်
ဟုတ်ပါတယ် အစ်ကိုရေ .. ဖတ်ပေးတာ ကျေးဇူးဗျာ
တလွဲမာန တခုကြောင့် မဖြစ်သင့်တာတွေဖြစ်ကုန်ရတာပေါ့။လွဲမှားသွားတဲ့ စိတ်စေရာတခုက ဘ၀များစွာကိုပျက်စီးသွားစေတာပေါ့။
အမှန်ပဲ အစ်ကိုရေ ... တစ်ခါတလေကျတော့စိတ်ကူးယဉ်ထက် လက်တွေ့က ပိုဆန်းကြယ်တတ်တယ်လေ ...
ပုံတွေကြည့်ပြီး လန့်ထှာ
မကြောက်ပါနဲ့ အစ်မရယ် .. သနားစရာလေးတွေပါ ... အပြင်မှာ တကယ်တွေ့ရင် ဘယ်လောက်သနားစရာကောင်းတယ်ဆိုတာ သိလိမ့်မယ် ..တွေ့မလားဟင် ..😂😂
ဟင့်အင်း....တွေ့ဘူး တွေ့ဘူး 😩
ခဏလောက်ဖြစ်ဖြစ် တွေ့ကြည့်ပါလား အစ်မရယ် .. သူ တို့နဲ့ မတွေ့ချင်ရင် ကိုမြဖေ နေတဲ့ ဆီ လိုက်ပြရမလားဟင် ... 😂😂
ငါမှာ ယဉ်ယဉ်လေးရူး.. .....
ရူးဟူး ...ဟူး စဉ်းစားတိုင်းငါရူး .. ဟူး..
အဲ့လို ဆက်ဆိုချင်ပေမယ့် စာသားမရလို့ မဆိုတော့ဘူးဗျာ ..😂😂
စာသားလေးတွေ ရေးသားတာကောင်းပါတယ်။ဖတ်လို့လည်းကောင်းပါတယ်။
ပုံလေးတေကလည်း ချစ်စရာလေးနော် ☺ ☺
ဝုတ်တယ် ပုံလေးတွေက သူတို့ အိပ်ယာထရိုပ်ထားတာလေ လှတယ်မလား .. ဒါတောင် မျက်နှာမသစ်ရသေးဘူးနော့ 😀😀😂
နွေရာသီမှာ အစအဆုံးပြန်ဖတ်မယ်
ကျေးဇူးပါအစ်ကိုရေ ... ပြန်ဖတ်လို ဟာကွက်တွေ တွေ့ရင်လည်း ဖြည့်တွေပေးနော် ..
ဗွေမယူရဘူးနော် ....
စတာ နောက်တာ ကနေ လက်လွန်ကုန်တာပေါ့
ဟုတ်တယ် အစ်မရေ ... စရင်းနောက်ရင်း လက်လွန်ရာကနေ နောက်ဆုံး ရည်ရွယ်ချက်ရှိရှိ သတ်တဲ့အထိ ဖြစ်ကုန်တာ ...
မြန်မာပြည်သားကွ ဘာမှတ်
ငွင်း ငွင်း အကုန်လုံး သေပြီး သရဲဖြစ်ခိုင်းလိုက်ရမလား ဟင်း ..ဟင်း .. သေသွားမယ် .. မသေမရှင်ဖြစ်သွားမယ် ..သရဲ ဖြစ်သွားမယ်
ဘာမှတ် ....
ဟုတ်ပါ့အစ်ကိုရေ .. အဆုံးထိ ဖတ်ပေးတာ
ကျေးဇူးပါဗျ ..