တစ်ခါက တစ်ဘဝ (ဇာတ်သိမ်း)

in #myanmar7 years ago (edited)

တစ်နေ့အမေဘုန်းကြီးကျောင်းကို ရောက်လာခဲ့သည်။အအေးဗူးနဲ့မုန့်ထုပ်လေးလက်မှာဆွဲ သားကိုရင်ကိုလာတွေ့တာတဲ့ ကျွန်တော်အရမ်းပျော်သွားတယ်။ဒါပေမဲ့ အမေက ချောင်းတဟွတ်ဟွတ်နဲ့ အမေ့ကိုတွေ့တော့ အရမ်းပျော်သွားတယ်။ အမေ့နားသွားတော့"အမေကအနားသိပ်မကပ်နဲ့ အမေတီဗီရောဂါ ဖြစ်နေတာ သားကိုရင်ကိုကူးမယ်"ဟုပြောလေသည်။

အမေကပါလာသော မုန့်လေးဖြင့် ဘုန်းဘုန်းကိုကန်တော့ရှာသည်။ "အရှင်ဘုရား တပည့်တော် အရက်ပြတ်သွားပါပြီ…အရှင်ဘုရားရဲ့ ကျေးဇူးတွေဆပ်လို့ မကုန်ပါဘူး"ဟုဆိုပြီး မျက်ရည်ဝဲနေလေ၏။အမေ့ပြန်သွားတော့အမေ့ကျောကုန်းလေးကို ကျောင်းထိပ်က လှမ်းကြည့်ရင်း ကျွန်တော်မျက်ရည်ဝဲမိသည်။ကျွန်တော် အမေ့ပုံစံလေး မျက်လုံးထဲပြန်မြင်ရင်း အမေဘယ်လိုနေလဲ၊ အမေပိုက်ဆံဘယ်လိုရှာ​နေလဲ၊ အမေတစ်ယောက်ထဲအဆင်ပြေရဲ့လား၊ အမေကျွန်တော်ကိုသတိရပြီးငိုနေမလား ၊ အတွေးဖြင့် ထိုည အိပ်မပျော်ခဲ့ပါ။

မနက်ရောက်တော့"ဘုန်းဘုန်းဘုရား တပည့်တော် လူထွက်ပြီး အမေ့ကို ပိုက်ဆံရှာပေးချင်ပါတယ်ဘုရား"ဟုလျှောက်တင်မိသည်​။

"ကိုရင် မင်းအသက်ကငယ်ငယ်လေးရှိသေးတယ်၊ မင်းလူထွက်ပြီး ပိုက်ဆံဘယ်လိုရှာမလဲ၊ မင်းအိမ်ပြန်သွားရင် မင်းအမေပိုပြီးဒုက္ခရောက်လိမ့်မယ်၊ အဲ့ဒီ​တော့ မင်းဒီမှာပဲဆက်နေပါ"

"ဘုန်းဘုန်းဘုရား အဲ့ဒါဆိုရင်​လည်း တပည့်တော် အလှူခံလို့ရတဲ့ပိုက်ဆံလေးတွေ အမေ့ကိုပေးချင်တယ်"

"ရတော့ပေါ့ကွ၊ ဒို့ဘုရားတောင်မှ မိဘကိုလုပ်ကျွေးတာကို သာဓု​ခေါ်ပြီး​ချေးမွမ်းခဲ့တာပဲကွ၊ ခွင့်​ပြုပါတယ်​၊ အခု​လော​လောဆယ်​ စာကိုသာကြိုးစားပါ"ဟုမိန့်​​လေသည်​။

ကျွန်တော် ဆွမ်းခံကြွတိုင်း ရှေ့ကနေတက်တက်ကြွကြွ ရောက်ခဲ့​လေပြီ။ပိုက်ဆံ​လေးများ​လောင်းလှူကြလျင်​ ခါးပန်​ဆီးကြိုးထဲမှ အိပ်​ထဲသို့ ထိုးထည့်၊​ကျောင်းပြန်​ရောက်လျင်​ ဘုန်းဘုန်းထံတွင်​ အပ်ပြီးစုထားလေသည်။ဤသို့ဖြင့်​ ရက်မှ လသို့ရောက်လေပြီ။ဘုန်းဘုန်းထံတွင်​ စုထား​သော ပိုက်​ဆံ​လေးများလည်း တိုးပွားလာ​လေသည်​။တစ်​ရက်​တွင်​ ကျွန်တော် စုထားသောပိုက်ဆံလေးများကို ဘုန်းဘုန်းကထုတ်​ပေးလေသည်။စုထားသော ပိုက်ဆံလေးများကို ကြည့်ကာ ကျွန်တော်အရမ်းပျော်လေသည်။ ဘုန်ဘုန်းက"ကိုရင် အိမ်ပြန်ချင်ပြန်​တော့ ဒါ​ပေမယ့်​ ညနေကျရင် ကျောင်းကိုအရောက်ပြန်လာခဲ့"ဟုမိန့်​​လေသည်​။

ကျွန်တော် ပိုက်ဆံလေးများကိုင်ကာ အမေ့အိမ်သို့ ပြန်လာခဲ့လေသည်။ ကျွန်တော့်အတွက် အပြန်​လမ်းခရီးသည်​ ပိုပြီး​ဝေး​နေသည်​ဟုထင်မိသည်။အမေ့ကိုမြန်မြန်တွေ့ချင်လှပြီ။လက်ထဲမှ စုထားတဲ့ပိုက်ဆံအထပ်လိုက်လေးကိုလဲအမေ့ကို ပေးချင်လှပြီ။အမေ့အိမ်လေးကို လှမ်း၍မြင်​နေရပြီ။အိမ်ကလေးကတော့ ကျွန်တော်သွားတုန်းကလို အဝါးထရံကာ ယိုင်လုလုအိမ်ကလေးပင်။အိမ်ပေါက်ရောက်သောအခါ"အမေ"ဟုအော်ကာ အိမ်ထဲအပြေးဝင်မိသည်။ အိမ်ထဲတွင်အမေမရှိ။ ဘေးအိမ်သို့အပြေးကလေးသွားကာ"ဒကာမကြီး ကိုရင့်အမေ့ရော"ဟု မေးမိသည်။အမေ ဈေးရောင်းသွားရောင်းကြောင်း ခဏနေပြန်လာတော့မှာဖြစ်ကြောင်း သိရလေသည်။ကျွန်တော် အိမ်ပေါက်မှ အမေပြန်အလာကို စောင့်နေမိသည်။ခဏအကြာတွင် အမေဈေးဗန်းကလေး ရွက်ပြီးပြန်လာသည်။အမေ့မျက်နှာပင်ပန်းလို့ထင်ပါရဲ့ နွမ်းဖတ်နေသည်။အမေ့လို့အော်ခေါလိုက်သည် အမေ့မျက်နှာလေးပြုံးပြီး အပြေးကလေးအိမ်ထဲဝင်လာသည်။

"သားကိုရင် ဘယ်တုန်းကရောက်နေတာလဲ"

"မကြာသေးဘူးအမေ ခုဏကပဲ…ကျွန်တော်အမေ့ကိုတွေ့ချင်လို့ ဘုန်းဘုန်းဆီက ခွင့်တောင်းလာတာ…ညနေမှပြန်ရမှာအမေ…ပြီးတော့ ကျွန်တော် အမေ့ကိုပေးစရာလေးရှိလို့"ဟုပြောကာ ကျွန်တော့် ခါးပန်းစည်းကြိုးထဲထည့်ထားသော ပိုက်ဆံများထုတ်ကာ "အမေ့ဆေးဖိုးထဲထည့်ပြီးသုံးပေးပါ"ဆိုပြီး အမေ့လက်ထဲထည့်လိုက်သည်။ အမေက ပိုက်ဆံကလေး ကြည့်ကာမျက်ရည်များကျလာသည်။
"အမေ မသုံးရက်ပါဘူးသားရယ် ပြန်ယူသွားပါ"

"မဟုတ်ဘူးအမေ ကျွန်တော်ကုသိုလ်ရချင်လို့ပါ…အမေ့အတွက်တစ်ခုခု ပြန်လုပ်ပေးချင်လို့ပါ"

အမေက ကျွန်တော့်ကို ဖက်ပြီးငိုလေသည်။ကျွန်တော်တို့ဘဝက အမေတစ်ခုသားတစ်ခုမို့ အမေအရက်သမားမကလို့ အမေဘာဖြစ်ဖြစ် ကျွန်တော်ကတော့အမေ့ကိုချစ်သည်။ကျွန်တော့်အတွက်က အမေကအမေပဲမို့ အမေဘာဖြစ်ဖြစ် ကျွန်တော်အတွက်ကတော့ တန်ဖိုးအရှိဆုံးပင်။ချစ်တယ်အမေ ကျေးဇူးတင်ပါတယ်အမေ။

ညနေရောက်တော့ ဘုန်းကြီးကျောင်းသို့တက်ကြွသော ခြေလှမ်းများဖြင့် ပြန်ခဲ့သည်။နေ့ရက်များစွာကတော့ကျွန်တော့်ရဲ့ ရွှေရောင်တောက်ပသောနေ့ ရက်များဖြစ်လာပါပေတော့မယ်။

MSC-224

@myintlwinsoe

Photo credit google

Sort:  

အရေးအသားကောင်းပါတယ် bro ရေ အားပေးနေပါတယ်

ကျေးဇူးတင်ပါတယ်ဗျာ အခုလိုအားပေးတာကို

အဲ့လိုမျိုးဘဝ​တွေအများကြီး​တွေ့ဖူးတယ်​ကိုမြင့်​​ရေ
။ကျွန်​မ​မွေးစားသားကိုရင်​​တွေသူတို့မိဘအ​ခြေအ​နေ​​ကြောင့်​လူထွက်​ကုန်​ကြတာမနည်းဘူး။

ဟုတ်ပါတယ်မအိ ဘာပဲဖြစ်ဖြစ် မိဘကို သိတက်တာ ဝမ်းသာစရာပါဗျာ

ကောင်းမွန်တဲ့စိတ်ထားလေးဗျာ လေးစားစရာပါ

ကျေးဇူးပါဗျ

လေးစားပါတယ်​ဗျာစိတ်​ထား​လေးကို

ဟုတ်ကဲ့ပါဗျ

ဖတ်ရတာအရသာရှိတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ

ရေးတာကောင်းပါတယ်၊ခံစားချက်ပေါ်တယ်

ကျေးဇူးတင်ပါတယ်ဆရာ

ကိုရင်လေးဘဝကို ပေါ်လွင်အောင်ရေးနိုင်တယ် က်ုမြင့်ရေ။ အမေ့မေတ္တာ သားကိုရင်လေးရဲ့ မိခင်ပေါ်ထားတဲ့ မေတ္တာ ပေါ်လွင်လှပါတယ်။ ကောင်းတယ်ကိုမြင့်ရေ။

ဟုတ်ကဲ့ဆရာညီ အခုလိုအားပေးတော့ ပျော်ပြီဗျာ။

ဟတ်ထိ

ကျေးဇူးပါဗျ

ရေးထားတာလေဖက်လို့ကောင်းတယ်👍

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျ

မိဘ​မေတ္တာအ​ကြောင်း​လေး တကယ်​​ကောင်းပါတယ်​ကိုမြင့်

ကျေးဇူးပါကိုအောင်ကြီး