The Last Gift

in #myanmar7 years ago

အဲ့ဒီချစ်စရာကောင်းလှတဲ့ ကောင်ကလေးဟာ ကျွန်မရဲ့မောင်လေးပဲ ဖြစ်လိုက်ပါတော့။ ကျွန်မရဲ့ မောင်အရင်း တစ်ယောက်ဖြစ်တဲ့ ညီညီ ဆိုတဲ့ကောင်လေးကလည်း ချစ်စရာသိပ်ကောင်းပါသည်။ ဒါပေမယ့် ကျွန်မသူ့ကို ချစ်စနိုးနဲ့ ထွေးပွေ့ထားချင်ခဲ့သလား၊ သူ့ရဲ့ လိုအပ်ချက်မှန်သမျှကို အရိပ်တကြည့်ကြည့်နဲ့ လိုက်လံဖြည့်ဆည်း ပေးချင်ခဲ့မိသလား ဆိုတာတော့ မသေချာပါ။ ကိုယ့်မောင်လေး လမ်းမှန်ပေါ်ရောက်အောင် လမ်းညွှန်သွန်သင် ချင် တာကလွဲရင် သူ့အပေါ် ဘာတစ်ခုမှ လွှမ်းမိုးချုပ်ခြယ်ဖို့ မစဉ်းစားခဲ့ဖူးပါဘူး။

ဒါပေမယ့် အလင်းဦး ဆိုတဲ့ ဝါကျဆန်တဲ့ အမည်နာမနဲ့ ကျွန်မ ထက် ၈ နှစ်တိတိငယ်သော ကောင်လေး တစ်ယောက်ကိုတော့ ကျွန်မ လွှမ်းမိုးချင်မိသည်။ ထိန်းချုပ်ဖက်တွယ်ထား ချင်မိသည်။ အဲ့ဒါ ဘာဖြစ်လို့ပါလိမ့်။ အချစ်တစ်ခုလို့ ကိုယ့်ကိုယ်ကို ပြန်မေးရမှာပင် ရှက်မိပါသည်။ နှုတ်ကဖွင့်ဟဖို့ မဆိုထားနှင့် အတွေးထဲ ထည့်ဖို့ပင် ကိုယ့်လိပ်ပြာ ကိုယ်မလုံချင်ပါ။ ဒါပေမယ့် စိတ်တစ်ခုဟာ ထိန်းချုပ်ရခက်သား။ မလုပ်နဲ့ဆိုမှ လုပ်ချင်တယ်။ မသွားနဲ့ဆိုမှ သွားချင်တယ်။ မချစ်နဲ့ဆိုမှ ချစ်ချင်တယ်။ “လင်း” ဆိုတဲ့ နာမည်လေး ကို တိုးတိုးဖွဖွလေး ရေရွတ်လိုက်မိတဲ့ အခိုက်အတန့်လေးမှာ ကျွန်မတစ်ကိုယ်လုံး တရှိန်းရှိန်း၊ တဖိန်းဖိန်းဖြစ်ပြီး နှလုံးခုန်သံတွေ မြန်လာမိတယ်ဆိုရင် ကျွန်မ ဘယ်သူ့ကို အပြစ်တင်ရပါ့မလဲ။

pexels-photo.jpg
Photo credit - google

မသွားပါနဲ့လို့ တားနေတုန်းမှာ ထွက်သွားမယ်ဆိုရင် မင်းကိုငါ ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။
ကျွန်မ သူ့ကို ပြောခဲ့မိတဲ့ နောက်ဆုံးစကားသံပါ။ အဲ့ဒီစကားပြောလိုက်တဲ့အချိန်မှာ ထွက်သွားဖို့ပြင်နေတဲ့ သူ့ခြေလှမ်းတွေ ခဏတာတုံ့ဆိုင်း သွားပေမယ့် ကျွန်မနဲ့ဆန့်ကျင်ဘက်ကို ဆက်လျှောက်သွားမယ့် သူ့ခြေလှမ်း တွေကို ရပ်တန့်စေနိုင်လောက်တဲ့ အစွမ်းအစ ကျွန်မမှာ ရှိမနေဘူး။ ရွက်ခြောက်တွေပေါ် ဖြတ်နင်းပြီး တရွေ့ရွေ့ ဝေးသွားတဲ့ သူ့ခြေသံကို နားစွင့်ရင်း ကျွန်မ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာခဲ့သည်။ သူ့ကို ကျောခိုင်းပြီးမတ်တပ်ရပ် နေမိသဖြင့်သာ တော်တော့သည်။ သူ့ ကျွန်မကို နောက်ဆုံးအနေဖြင့် ပြန်လှည့် ကြည့်ခဲ့လေသလား ကျွန်မမသိပါ။ ကျွန်မ မျက်ရည်တွေကျရင်း ဆောက်တည်ရာ မရဖြစ်နေပေမယ့် ကျွန်မရဲ့ကျောပြင်ဟာ ငိုကြွေးမှုကြောင့် တသိမ့်သိမ့် တုန်ခါမနေအောင်၊ ကျွန်မရဲ့ ခြေထောက်တွေ ယိုင်နဲ့ မသွားအောင်တော့ ထိန်းသိမ်းထားနိုင်ခဲ့ပါသည်။ အငိုလွယ်၊ အရှိုက်ခက် ဆိုတဲ့စကားရဲ့ အဓိပ္ပါယ်ကို အခုမှ သဘောပေါက်သည်။ အဲ့ဒီနေ့က ရှိုက်သံ တစ်ချက်မထွက်ပဲ ကျွန်မ ပထမဆုံးအကြိမ် ငိုဖူးခြင်း ဖြစ်ပါသည်။ ရေစပ်နံဘေးနားမှ ထိုင်ခုံလေးနံဘေးမှာ မတ်တပ်ရပ်ရင်း၊ ကိုယ့်ကိုကိုယ် လဲပြိုမသွားအောင် ထိန်းချုပ်ရင်း မိနစ်တွေ၊ နာရီတွေ ကုန်လို့ကုန်သွားမှန်း မသိလောက်အောင် ရူးသွပ်သွားခဲ့ဖူးသည်။

နှုတ်ဆက်ခွဲခွာဖို့ အဆင်သင့်မဖြစ်ခင်မှာပဲ နှုတ်ဆက်ခွဲခွာခြင်းဟာ အရောက်လာခဲ့ပြီး ရင်ခွင်တစ်ခုလုံး မုန်တိုင်း ထန်သွားအောင် ချိုးဖဲ့မွှေနှောက်သွားခဲ့သည်။ ကာလကြာမြင့်စွာ သိုဝှက်ထားနိုင်ခဲ့သော ချစ်ခြင်းတစ်ခုရဲ့ ခါးသီးတဲ့ဆုလာဘ်ကို ကျွန်မ တမြေ့မြေ့ခံစားနေရသည်။ ရက်စက်စိမ်းကားစွာ ထားပစ်ခဲ့နိုင်သူ တစ်ယောက်ကို ခွင့်မလွှတ်နိုင်ခြင်းထက် ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်ခြင်းက ပိုနေခဲ့သည်။ အစကတည်းက မချစ်ခဲ့သင့်ပါဘူး။ သံယောဇဉ်တွယ်ရာက အစပြုတဲ့ချစ်ခြင်းတစ်ခုကို အကြိမ်ကြိမ်သိုဝှက်သိမ်းဆည်းခဲ့ပေမယ့် အချစ်ဆိုတာ ထိန်းချုပ်ဟန့်တားနိုင်ဖို့ ခဲယဉ်းတဲ့အရာတစ်ခုပေမို့။ ငယ်ရွယ်သူတို့ရဲ့အချစ်ဟာ စိမ်းကားပြတ်သားလှသလို ငယ်ရွယ်သူတို့ရဲ့ မာနတရားဟာလည်း စူးရှချွန်မြလို့နေသည်။ အကြီးနဲ့အငယ်မို့ ပြဿနာဖြစ်တိုင်း အကြီးဖြစ်တဲ့ ကျွန်မကပဲ အလျော့ပေးခဲ့ပေါင်းများလှပြီ။ ဒီတစ်ခါတော့ ထပ်ပြီးအလျော့မပေးပါရစေနဲ့တော့။

ထွက်သွားတဲ့သူနဲ့ ကျန်ရစ်ခဲ့ရသူနှစ်ဦးမှာ ကျွန်မက ထွက်သွားရသူပဲဖြစ်ချင်ခဲ့ပါသည်။ အခုတော့ ကျွန်မက ကျန်ရစ်ခဲ့သူ ဖြစ်ခဲ့ပြီ။ နေရာတိုင်းမှာ သူ့အရိပ်တွေ၊ သူ့အမှတ်တရတွေအပြည့်။ အဲ့ဒီအမှတ်တရတွေက အချစ်ကြီးသူ အတွက်တော့ နှလုံးသားကို တူးဆွမယ့် ချွန်ထက်တဲ့ ဓားတွေပါပဲ။ အသည်းကွဲဒဏ်ရာကို အကောင်းဆုံး ကုစားပေးမယ့်အရာကတော့ အချိန်ဆိုတဲ့ ဆေးဆရာပါတဲ့။ ပျော်ရွှင်မှုနဲ့ဖြတ်သန်းရတဲ့ အချိန်တွေဟာ မကြာတတ်ပေမယ့် ၊ ဝမ်းနည်းနာကျင်မှုနဲ့ ဖြတ်သန်းရတဲ့ အချိန်တွေဟာ အကြာကြီး ကြာ နေတတ်ပါတယ်။ စောင့်နေရတဲ့ အချိန်တွေကိုမုန်းသည်။ ဒါပေမယ့် မိန်းကလေးဖြစ်ရတဲ့ဘဝမှာ စောင့်ဆိုင်းမှုနဲ့ပဲ အသက်ဆက်ရတာဖြစ်လို့ ကျွန်မစောင့်နေပါမည်။ သူ ပြန်လာမယ့် တစ်နေ့နေ့အထိ။

1914222-bigthumbnail.jpg
photo credit - google

အခုတော့ အရာရာအားလုံးက အသစ်ပြန်ဖြစ်နေသည်။ အဟောင်းတွေက အသစ်ဖြစ်ကုန်သလို အသစ်တွေက ဟောင်းကုန်သည်။ ရှည်သွယ်ပြီး ခပ်ကျဲကျဲသာရှိတဲ့ မျက်တောင်စင်းစင်းများကို စူးစိုက်ကြည့်မိသည်။ မျက်လုံးမှိတ်ပြီး အိပ်ပျော်နေခြင်းသာ ဖြစ်လိုက်ပါတော့။ အရင်က ဖြူနုနေခဲ့သော သူ့ပါးပြင်သည် အခုတော့ အညိုရောင် ဖြစ်သွားသည်။ ရှင်းသန့် နေခဲ့သော သူ့မျက်နှာပြင်သည် အခုတော့ နှုတ်ခမ်းမွှေးများ၊ မုတ်ဆိတ် မွှေးများဖြင့် ရှုပ်ထွေးနေသည်။ ကျွန်မ ချစ်ခင်နှစ်သက်စွာဖြင့် ငေးကြည့်ခဲ့ဖူးသော နှာတံစင်းစင်းလေးဟာဖြင့် အညိုရောင်ပြောင်းသွားတာကလွဲ၍ အပြောင်းအလဲမရှိသေးပါ။ နဖူးပြင် အစွန်းမှာတော့ ထက်မြက်လှတဲ့ အရာတစ်ခုခုနဲ့ ထိခိုက်ထားဟန်ရှိသော အမာရွတ်တစ်ခုက အထင်းသားပေါ်နေသည်။ ဆံပင်များကလည်း မွဲခြောက်လွန်းပြီး လိုအပ်သည်ထက်ပို၍ ရှည်လျားလို့နေသည်။ အရင်က ပြည့်ပြည့်ဖြိုးဖြိုးရှိခဲ့သော ခန္ဓာကိုယ်ကလည်း အခုတော့ သစ်ခြောက်ပင်တစ်ပင်နှယ် ပိန်လှီလွန်းလှသည်။

သူ့ကိုကြည့်ရင်း ဘယ်ဘက်ရင်ညွှန့်ဆီမှ တဆစ်ဆစ်ကိုက်ခဲ နာကျင်လာသည်။ အခန်းထဲမှာ ရုတ်တရက် အောက်ဆီဂျင်တွေ ဘယ်ရောက် ကုန်သည်မသိ။ အသက်ရှုမဝတော့ပေ။ အရင်ကတော့ ဒီကောင်လေးကြောင့် အချိန်ကြာမြင့်စွာ မတ်တပ် ရပ်နေခဲ့ဖူးသည်။ အခုလည်း သူလှဲလျောင်းနေရာ ကုတင်ဘေးမှာ မလှုပ်မယှက် အချိန်အကြာကြီး ထိုင်နေရပြန်ပြီ။ ဘယ်လောက် ထိုင်နေမိဦးမည် ဆိုသည်ကိုမသိ။ ကျွန်မဘေးနားမှာ လူနာတွေလှဲလျောင်းနေကြသော ကုတင်ပေါင်း များစွာရှိသည်။ ထိုသူများနှင့် သူတို့၏ သက်ဆိုင်သူ မိသားစုဝင်များထံမှ ပေါ်ထွက်နေသော အသံပေါင်းများစွာ ရှိနေသည်။ သို့သော် ထိုအသံတွေက ဘယ်ရောက်ကုန်သနည်း။ တဒိန်းဒိန်း ခုန်နေသော နှလုံးခုန်သံတစ်ခုတည်းကို ကျွန်မကြားနေရသည်။ ထိုနှလုံးခုန်သံက သူ့နှလုံးခုန်သံလား၊ ကျွန်မ နှလုံးခုန်သံလား ဆိုတာမသိ။ ကျွန်မ သိနေတာ တစ်ခုပဲရှိသည်။ မှိတ်ထားသော သူ့မျက်လုံးများ ပွင့်လာစေဖို့။ ရှည်သွယ်သော သူ့လက်ချောင်းလေးများ လှုပ်ရှား လာစေဖို့။

ကျွန်မ ဆောက်တည်ရာမဲ့စွာဖြင့် သူ့လက်ဖဝါးတစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။ စိတ်ထဲ အနည်းငယ်ပေါ့ သွား သည်။ ကျွန်မမျှော်လင့်ထားသလို သူ့လက်တွေ အေးစက်မနေပါ။ တစ်ချိန်တုန်းကတော့ သူ့လက်သွယ်သွယ် လေးတွေကို ကျွန်မ အမြတ်တနိုး ဆုပ်ကိုင်ထားချင်သည်။ သူ့လက်ဖဝါးတွေက နူးညံ့နေမလား၊ ကြမ်းရှနေ မလားဆိုတာ သိချင်ခဲ့ဖူးသည်။ သူနဲ့ရင်းနှီးခင်မင်ခဲ့ရသည့် ၁၀ နှစ် ဆိုသော အချိန်ကာလ တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် သူ့လက်ဖဝါးနှင့် ကျွန်မ လက်ဖဝါး ထိကိုင်ဖူးခြင်းဖြစ်သည်။ အခုတော့လည်း သူ့လက်ဖဝါးတွေဟာ လိုအပ်တာထက်ပိုပြီး ကြမ်းရှလို့ နေသည်။

42897387-young-sick-man-lying-in-bed-at-hospital-room-after-suffering-accident-having-his-worried-and-caring--Stock-Photo.jpg
photo credit- google

ကျွန်မ အလန့်တကြား သူ့လက်ဖဝါးကို ဖြန့်ကြည့်လိုက်သည်။ အသားမာများဖြင့် ပြည့်နှက်နေသော လက်ဝါးပြင်ကို မြင်လိုက်ရသည်။ ၄ နှစ်ဆိုသောအချိန် ကာလတစ်ခုမှာ လူတစ်ယောက်ဟာ လုံးဝမှတ်မိ နိုင်စရာ မရှိလောက်အောင် ပြောင်းလဲသွားနိုင်ပါသလား။ ဟုတ်ပါသည်။ တကယ်ပဲ ပြောင်းလဲနိုင်ပါသည်။ မျက်နှာချင်းဆိုင် တွေ့ကြရင်တောင် ရုတ်တရက် မမှတ်မိနိုင်လောက်အောင် အချိန်ကာလက တိုက်စားဝါးမျို လိုက်နိုင်ပါသည်။ ကျွန်မနဲ့ ဝေးကွာနေစဉ်အတွင်း သူ့ဘဝကို ဘယ်လိုဖြတ်သန်းခဲ့ပါသလဲ။ ဘယ်လို စိတ်ကူးအတွေးမျိုးတွေနှင့် နေ့ရက်တွေကို ကျော်ဖြတ်ခဲ့ပါသလဲ။ ကျွန်မရဲ့ အကြံပေး၊ လမ်းညွှန်မှုတွေကို ပျော်ရွှင်စွာလိုက်နာခဲ့ဖူးတဲ့ အပြစ်ကင်းစင်တဲ့ ကောင်လေးတစ်ယောက်ဟာ အခုတော့လည်း ပြစ်မှုများစွာကို ကျူးလွန်ခဲ့ဖူးတဲ့ လူမိုက်တစ်ယောက်လို။

တကယ်တော့ဒါဟာ ပြစ်ဒဏ်တစ်ခုကို ခံစားလိုက်ရတာပါပဲ။ သူရော၊ ကျွန်မပါ နှစ်ယောက်လုံးအတွက် ထိုက် တန်တဲ့ စီရင်ချက်တစ်ခုအဖြစ် ကျွန်မ ခံစားနေရသည်။ တိုက်ဆိုင်မှုလေပဲလား၊ ကံတရားရဲ့ ကျီစားမှု တစ်ခု လေလား မသိပါ။ ဒီနေ့ဟာ ကျွန်မ မင်္ဂလာလက်မှတ်ရေးထိုးမည့်နေ့တစ်နေ့ဖြစ်သည်။ ၄ နှစ်လုံးလုံး ရှာဖွေခဲ့ ရသော ကျွန်မရဲ့ လင်း ကို ပြန်တွေ့ရမည့် နေ့တစ်နေ့လည်း ဖြစ်နေခဲ့သည်။ ရွေးချယ်မှုတစ်ခုနဲ့ ကြုံလာတိုင်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်ခဲ့တဲ့ကျွန်မဟာ ဒီနေ့တော့ မပြတ်သားစွာ၊ ကြေကွဲနာကျင်စွာနဲ့ မှားယွင်းမှန်းသိတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ပါသည်။ အဲ့ဒီဆုံးဖြတ်ချက်တစ်ခုကြောင့် နောင်တစ်ချိန် မှာရော လက်ရှိအချိန်မှာပါ အပြစ်ဆိုစရာတစ်ခု ဖြစ်လာတော့မယ်ဆိုတာလည်း သိခဲ့ပါရဲ့။

တကယ်ဆို ကျွန်မနဲ့ သွေးသားမတော်စပ်တဲ့ ၊ ကျွန်မရဲ့ စိတ်ကိုလည်း ထိခိုက်နာကျင်အောင်လုပ်ခဲ့တဲ့ ကောင်လေးတစ်ယောက်နဲ့ ကျွန်မအပေါ် နှစ်ပေါင်းများစွာ ချစ်မြတ်နိုးခဲ့ပြီး အရာရာမှာ သည်းခံခွင့်လွှတ် တတ်တဲ့ ချစ်သူတစ်ယောက်၊ အဲ့ဒီယောကျာ်းနှစ်ယောက်တည်းကမှ တစ်ယောက်တည်းကို ရွေးချယ်ရ မယ်ဆိုရင် ကျွန်မအပေါ်ကောင်းတဲ့သူကိုပဲ ရွေးချယ်ရမှာ မဟုတ်ပါလား။ ဒါပေမယ့် ကျွန်မ မိုက်ရူးရဲဆန်စွာ၊ အတ္တကြီးစွာနဲ့ ကောင်လေးကိုပဲ ရွေးချယ်လိုက်ပါသည်။ အားငယ်သူ အားပေးပါဆိုတဲ့စကားအတိုင်း၊ အားနည်း သူနဲ့ အားကြီးသူနှစ်ဦးယှဉ်လာတဲ့အခါ အားနည်းသူကိုပဲ ရွေးချယ်သင့်တယ်မဟုတ်ပါလား။

Girl-with-a-Balloon-by-Banksy.jpg
photo credit- google

အဲ့ဒီလိုရွေးချယ်လိုက်လို့ မှားသွားခဲ့မယ်ဆိုရင်လည်း အဲ့ဒီအမှားရဲ့ ဒဏ်ခတ်မှုကို ကျွန်မကျေကျေနပ်နပ် ခံယူရဲပါသည်။ သူဟာ ကျွန်မ ဘဝအတွက် ဒဏ်ခတ်မှုတစ်ခုလား၊ ကျိန်စာတစ်ခုလားဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူး။ ဒါပေမယ့် ဒီကောင်လေးကို ဒီနေ့တစ်နေ့တည်း အတွက်ပဲ ရွေးချယ်လိုက်တယ်ဆိုတာကို ကျွန်မကိုယ် ကျွန်မအသိဆုံးပါ။ ကျွန်မသိသလို တခြားသူတွေသိမှာမဟုတ်ပေမယ့် ကျွန်မကိုချစ်မြတ်နိုးတဲ့ ယောကျာ်းတစ်ယောက် သိအောင်တော့ ကျွန်မ ကြိုးစားမှာပါ။ ကျွန်မ စိတ်ကိုသိပြီး ကျွန်မကို ဘဝ တစ်လျှောက်လုံး သည်းခံခွင့်လွှတ်လာခဲ့တဲ့ ယောကျာ်းတစ်ယောက်ဟာ ဒီတစ်ကြိမ်မှာလည်း ခွင့်လွှတ် လိမ့်မည်လို့ မျှော်လင့်မိပါသည်။ သူ့ထံမှ ခွင့်လွှတ်မှုရရှိဖို့လည်း ကျွန်မ ကြိုးစားပါမည်။ အချိန်ဘယ်လောက်ပဲ ယူရပါစေ ကျွန်မကြိုးစားမှာပါ။

မကြာခင်မှာ လူ့လောကကြီးထဲမှ ထွက်ခွာသွားတော့မည့် လူငယ်တစ်ယောက်အတွက် ကျွန်မရဲ့နောက်ဆုံး ကူညီပေးမမှုပါ။ တမလွန်ဘဝသို့ ကူးပြောင်းခါနီးမှာ သူအနေနှင့် ပြောချင်ခဲ့သော နောက်ဆုံးအမှာ စကား တစ်ခွန်းကို ကျွန်မနားထောင်ပေးပါမည်။ သူ့ရဲ့ နောက်ဆုံးဆန္ဒကို ကျွန်မအတတ်နိုင်ဆုံး ဖြည့်ဆည်း ပေးချင်ပါသည်။ မိဘ၊မောင်နှမ မရှိဘဲ တစ်ကောင်ကြွက် တစ်မျက်နှာဖြစ်သော လင်း တစ်ယောက် ဘဝကူးကောင်းစေဖို့ ကျွန်မအတတ်နိုင်ဆုံး ကြိုးစားပေးချင်သည်။ သူ့နံဘေးတွင်ရပ်တည်ပြီး သူအယူ မတိမ်းရလေအောင် ၊ နှလုံးသွင်းမှန်ကန်စွာဖြင့် လောကထဲက ထွက်ခွာသွားနိုင်အောင် ကျွန်မသိသလောက် သတိပေး ပြောပြချင်ပါသည်။ သူအလိုချင်အတောင့်တဆုံးဖြစ်သော ကျွန်မထံမှ ခွင့်လွှတ်မှုကို နောက်ဆုံး လက်ဆောင်အဖြစ်သူ့ကို ပေးအပ်ပါမည်။ ကျွန်မရဲ့ နောက်ဆုံးလက်ဆောင်နှင့်အတူ သူ့ဘဝလေးကနေ ငြိမ်းချမ်းစွာ၊ နောင်တမဲ့စွာနဲ့ ထွက်ခွာသွားနိုင်ပါစေ။ ခွင့်လွှတ်ခြင်းဟာ အကောင်းဆုံးလက်ဆောင်မွန်မို့…..။

@pearlwhite

ပြီးပါပြီ။ ဖတ်ရှု့အားပေးမှုအတွက် အထူးကျေးဇူးတင်ပါသည်။ လိုအပ်ချက်များကို ဝေဖန်အကြံပေးကြပါဦးရှင်။

Sort:  

အလွန်ပဲကောင်းမွန်ပါတယ်၊ ပထမပိုင်းမှာတော့ အာရုံသိပ်မိမလို့လား ဆတ်တောက် တောက်နိုင်လှတယ်။ နောက်ပိုင်းရောက်လေပြေပြစ်လာလေပါ။ စကားပြောဟန် Play back ကိုသုံးထားသော်လည်းစကားပြောဆန်လွန်းသည်။ စကားပြေဆန်ဆန်အပြောဟန်သို့ကူးပြောင်းလိုက်ပါ။ ပြီးပြည့်စုံသွားပါလိမ့်မယ်။

ဂရုတစိုက် ဖတ်ရှု့ပြီး လိုအပ်ချက်များကို စေတနာနဲ့ထောက်ပြပေးတဲ့ ဆရာ့ကို အထူးကျေးဇူးတင်ပါတယ်။

Forgiveness is best wepon.

That right bro.

due to technical problem for font i can't read, but something in that that my heart touching...

There is no technical problem.This post is written by Myanmar font. Thank you for your comment.

thanks@pearlwhite.