လေတစ်ချက်တိုက်တိုင်း ဖုန်မှုန့်လှိုင်းထလို့
ရွက်ဝါတွေကြွေကျ မြေခဖို့ပြင်ဆင်နေကြပြီ ။
နွေကိုချစ်တဲ့ဥသြငှက်တွေ လွမ်းစရာ့အသံ
တွန်ကျူးဟန် ပြုနေကြပြီ ။
သြော် နွေရယ် ~~~
နွေမှသည်မိုး , မိုးမှသည်ဆောင်း , ဆောင်းမှသည်နွေ
ရာသီတွေလည်ပတ်လို့
နွေတစ်ကျော့ပင်ပြန်ရောက်ခဲ့ပြီကွယ် ။
ဟိုအရင်တစ်နှစ်ကနွေကို ပြန်အောက်မေ့မိပါရဲ့ …
``နွေကိုဥသြချစ်သလိုသာ ဘယ်တော့မှမပစ်ခွါဘူး´´ တဲ့လေ
မုသားကိုထိမ်ဝှက် လိမ်လျက်နဲ့နင်ပြောတာသိပေမယ့် -
မျက်စိကိုစုံမှိတ် ငါခေါင်းညိတ်ခဲ့ပါတယ် ။
ငါးစိမ်းမြင်,ငါးကင်ပစ်ပြီး
အသစ်မြင်,အဟောင်းကြဉ်တဲ့နင့်ရာဇဝင်မှာ
ငါက နင်မလိုချင်တဲ့သူဖြစ်ခဲ့တယ်လေ ။
မကြင်နာအလွမ်းဇာတ်နဲ့ မေတ္တာတွေတစ်ခန်းရပ်ခဲ့ပေမယ့် -
ငါ့ရင်ထဲကရတဲ့ဝေဒနာဟာဖြင့် ဒီနေ့မှရသလိုပင်
သစ်လွင်နေဆဲပါ ။
ခက်ထန်ကြမ်းတမ်း လူ့ဘဝခရီးလမ်းမှာ
နှစ်ယောက်အတူလျှောက်လှမ်းမယ်
ရည်ရွယ်တဲ့ အိပ်မက်မှာတော့ဖြင့်
ဆေးသားတွေပျက်ပြယ်ရပြီကွယ် ။
Rosin Noung
22.12.2017 - 11:31 PM
So Sad 😞