"နုရွယ်စဉ်တုန်းမို့ လှလေတုန်းလှကြမယ်
အရာရာတိုင်းဟာ
တကယ်လို့ဟောင်းသွားရင် မြင်ချင်မလား ?
ယူချင်မလား ? တွယ်တာစရာ,ခင်တွယ်စရာလည်း
မကောင်းတော့ပါ
သို့အတွက်အဲဒါ သင်္ခါရတရား *-----
"လှတိုင်းလည်းပဲ လှမြဲမနေပါ
ရှိတိုင်းလည်းပဲ အစဉ်အမြဲရှိတိုင်းမနေပါ အဲဒီအဖြစ်မျိုး
သင်လူသားခံစားရဦးမှာ~~~~
ရွှေနားတော်သွင်းဖျော်ဖြေခြင်း ထင့်။
အဲဒီလိုမျိုးတော့ဟုတ်ပါဘူးလေ
အနက်ရောင်စတေကာထက်မှာ ခြစ်ရာအစင်းကြောင်းတွေနဲ့
အပေါ်အအောက် ဒေါင်လိုက်ကရှစ်လက္မလောက်
ဘေးတိုက်အနံမှာ လေးလက္မလောက်ရှိတဲ့
တစ်ပတ်နွမ်း Bluetooth song box ကနေ
ထွက်လာတဲ့သီချင်းသံလေး ရင်ထဲကိုဆို့နင့်လို့
မျက်ရည်စတွေစို့လာတာ ဘာကြောင့် ?
တစ်ချိန်ကပေါ့ -------
ယောက်ျားပီသပြီးလူချင်လူခင်ပေါများတဲ့
အဆိုတော်လေးတစ်ယောက်ရှိခဲ့တယ်။
အရမ်းလည်းအောင်မြင်ခဲ့သလို ဒီနေ့အချိန်ထိ
သူ့သီချင်းတွေ နားထောင်ကောင်းတုန်းပဲ
သူ့သီချင်းတွေ အသက်ဝင်နေဆဲ
ခံစားချက်တွေကိုပေးနေဆဲ
သဘာဝကိုလွန်ဆွဲနေဆဲပါ။
တကယ်တော့ ဒီသီချင်းလေးကို
လူတိုင်း,လူတိုင်း ကြားဖူးကြမှာပါ။
" လူ့ဘဝရဲ့နုပျိုခြင်းဆိုတာ ခဏလေးပါ
အမြဲမတည်ပါဘူး အဲဒါကို သင်္ခါရလို့ခေါ်တယ် " တဲ့
အခု သီချင်းလေးပြန်ကြားရတော့ ဝမ်းနည်းမိသလိုလို
အဝေးတစ်နေရာကိုရောက်သွားသလို
ဆွေးဆွေးမြေ့မြေ့ ခံစားရတာတော့ အမှန်ရယ်ပါ။
အရမ်းအောင်မြင်နေတဲ့အချိန်မှာ
ခြွေရံသင်းပင်းတွေ ပေါများခဲ့ပေမယ့် -
သီချင်းတွေမဆိုနိုင်တော့တဲ့ အချိန်မှာတော့
ခြွေရံသင်းပင်းတွေဆိုတာ တပေါင်းလသစ်ရွက်ကြွေလို
လေနှင်ရာလွင့်ပါးကုန်ပါပေါ့လား ။
ဒီလိုပါပဲလေ ------
သူ ဆိုခဲ့တဲ့သီချင်းလေးလိုပေါ့ ။
ဟောင်းနွမ်းသွားတော့ ဘယ်သူက ခင်တွယ်ပါ့မလဲ ?
ဘယ်သူတွေ,ဘာတွေ,ဘယ်လိုဖြစ်ဖြစ်
ရင်ထဲကအမြဲ အားပေးနေဆဲ
အမြဲချစ်ခင်နေဆဲ
ကိုယ်ချင်းစာနေမြဲ
အောင်မြင်စေချင်မြဲပါပဲ
Live Show တွေ ကျင်းပပြီး
ပရိသတ်ကိုဖျော်ဖြေခဲ့တဲ့သူ့ဟန်ပန်တွေ မြင်တိုင်း
တေးသံတွေပြန်ကြားရတိုင်း ဝမ်းသာမျက်ရည်ကျမိရဲ့ ။
အခုတော့ ------
ငယ်ငယ်ကကြားခဲ့ဖူးတဲ့သီချင်းသံက
ပြောင်းလဲမသွားပေမယ့် -
တေးသံရှင်ကတော့ အိုမင်းရင့်ရော်လို့ပေါ့ ။
တောင်ပြာတန်းလည်း ငိုနေပါပြီ စိုင်းရေ
တောင်ပြာတန်းကလည်း သိနေပါပြီ ။
မြစ်သံလွင်ကလည်း ပြောနေပါပြီ ။
ဒါဟာ သင်္ခါရ ပါတဲ့ စိုင်းရေ *-----
ရိုစင်နောင် - (ပန်းလောင်နဒီ)
ㅤ
ㅤ
ㅤ
ㅤ
ㅤ
hi
.