ကျမရဲ့အမေမှာ မွေးချင်းညီအစ်မသုံးယောက်ရှိပါတယ်။အမေကတော့အလတ်ပေါ့။အမေ့ရဲ့အထက်မှာ အမကြီးတစ်ယောက်နဲ့ အမေ့ရဲ့အောက်မှာ ညီမလေးတစ်ယောက်ရှိပါတယ်။လက်ရှိအချိန်မှာ အမေ့အသက်က ၆၇နှစ်ရှိပြီး အမေ့ရဲ့ညီမဖြစ်တဲ့ ကျမတို့ရဲ့အဒေါ်ကတော့ ၅၁နှစ်ရှိပါပြီ။အမေ့ရဲ့အမအကြီးဆုံးကတော့ ၇၀ကျော်နေပါပြီ။ဒီတစ်ပါတ်ဆောင်းပါးလေးမှာ ကျမရေးသားခြင်တဲ့ အကြောင်းအရာလေးကတော့ အသက်၇၀ကျော်နေပြီဖြစ်ကာ တစ်ခါတစ်ရံမှာ သတိမေ့ပြီး ငယ်မူပြန်နေပြီ ဖြစ်တဲ့အမေ့ရဲ့အမအကြီးဆုံးလည်းဖြစ် ကျမတို့ရဲ့အဒေါ်ကြီးလည်းဖြစ်တဲ့ ကြီးကြီးဒေါ်ခင်စန်းအကြောင်းကို စိတ်မကောင်းစွာနဲ့ဘဲ ပြောပြခြင်ပါတယ်။
ကြီးကြီးဒေါ်ခင်စန်းအကြောင်း ရေးသားဖို့စိတ်ကူးရလာတဲ့ အကြောင်းလေးကတော့ တခြားတော့မဟုတ်ပါဘူး။လာမယ့် သင်္ကြန်မတိုင်ခင် ၉ရက်နေ့ကြရင် ကျမရယ် သမီးလေးရယ် သမီးလေးဖေဖေရယ်ဟာ အညာမှာရှိတဲ့ သမီးလေးဖေဖေရဲ့မိဘတွေဆီပြန်ရင်း သင်္ကြန်ရက်တွေကို ကုန်ဆုံးမှာဖြစ်လို့ သင်္ကြန်မပြန်ခင်မှာ မြောက်ဒဂုံမှာရှိတဲ့ ကျမတို့ရဲ့ကြီးကြီးဆီကို ဒီနေ့မနက်ဘဲလာရောက်ကတော့ရင်း ကြီးကြီးနဲ့အတူသုံးလေးရက်လောက် နေထိုင်မှာဖြစ်လို့ ဇရာအရ ကျန်းမာရေးတွေချို့တဲ့ပြီး သတိမေ့ ငယ်မူပြန်နေတဲ့ ကြီးကြီးကို စာနာမိလို့ဘဲဖြစ်ပါတယ်။
ကြီးကြီးနဲ့ဘဘ အိမ်ထောင်စကြတော့ ဝန်ထမ်းဖြစ်တဲ့ ဘဘရဲ့အလုပ်နဲ့နီးတဲ့ မြောက်ဒဂုံ မှာခြံလေးဝယ်ပြီး နေခဲ့ကြပါတယ်။စည်းစနစ်ကြီးပြီး ခြွေတာစုဆောင်းတတ်တဲ့ ဘဘရဲ့ စီမံမှုတွေကြောင့် လက်ရှိခြံလေးရှိတဲ့နေရာထက် ပိုပြီးစည်ကားတဲ့နေရာလေးမှာ ခြံလေးတစ်ခြံထပ်ဝယ်ပြီး ဝါးဓနိ ကုန်စုံ နဲ့ စတိုးဆိုင်လေးတွဲဖွင့်လာရင်း စီးပွါးရှာလာခဲ့ကြတာ သားသမီးလေးယောက်ကို ပညာတတ်အောင် ထားနိုင်ခဲ့တဲ့အပြင် အမျိုးထဲမှာရှိတဲ့ အဆင်မပြေသူတွေကိုပါ ထောက်ပံ့ပေးကမ်းနိုင်ခဲ့ကြပါတယ်။အဲ့ဒီ့ခေတ်က ဖုန်းတွေရှားပါးနေတဲ့အချိန်မှာ စီးပွါးရေးလာဘ်မြင်တဲ့ ဘဘဟာ တယ်လီဖုန်းငှါးစားတဲ့ အလုပ်လေးပါ တိုးချဲ့လုပ်ကိုင်ရင်း သားသမီးတွေရှေ့ရေးအတွက် စုဆောင်းခဲ့ပါတယ်။
လွန်ခဲ့တဲ့ငါးနှစ်လောက်မှာ ကြီးကြီးရဲ့အမျိုးသားဖြစ်တဲ့ ကျမတို့ရဲ့ဘဘဟာ ဆီးချိုရောဂါနဲ့ဘဲ ကြီးကြီးထက်အရင် လောကကြီးကနေ ထွက်ခွါသွားခဲ့ပါတယ်။အခုအချိန်မှာ ကြီးကြီးဟာ လောကကြီးမှာ မပူမပင်နဲ့ ဘဘရှာဖွေပေးခဲ့တဲ့ စည်းစိမ်တွေနဲ့ အေးချမ်းစွာ နေခဲ့ရပေမယ့် သားသမီးတွေ တူမတွေ ညီအစ်မတွေကို မမှတ်မိတော့ပါဘူး။ ထမင်းစားပြီးသလား မစားပြီးဘူးလား ဆိုတာလည်း အမှတ်မရတော့တဲ့အပြင် တစ်ခါတစ်ရံ ကိုယ်နေထိုင်တဲ့အိမ်ကိုတောင် သူများအိမ်ထင်ပြီး အိမ်ပြန်မယ်သာ ပြောနေတတ်တော့ပါတယ်။ဘုရားရှိခိုးခြင်း ဥပုလ်စောင့်ခြင်းဆိုတဲ့ ကုသိုလ်ရေးနဲ့ဆိုင်တဲ့ အလုပ်လေးတွေကိုသာ မမေ့မလျော့နဲ့ ဆောင်ရွက်နိုင်တာကိုဘဲ ကျမတို့အနေနဲ့ အဆိုးထဲကအကောင်းတစ်ခုလို ဝမ်းသာစရာဖြစ်နေပါတယ်။
ကျမတို့ဟာ ငယ်ရွယ်စဉ်အချိန်မှာ ပျော်စရာတွေ ဝမ်းနည်းစရာတွေ စီးပွါးရေးတွေ လူမှုရေးတွေ သားရေးသမီးရေးတွေ အစရှိတဲ့ လူမှုကိစ္စတွေကြားမှာ လူ့ဘဝကြီးကို မေ့မေ့လျော့လျော့နဲ့ ကုန်ဆုံးတတ်ကြပါတယ်။နောင်သံသရာအတွက်ပါတဲ့ ကုသိုလ်ရေးတွေဆိုတာ အချိန်ရမှ အသက်အရွယ်ကြီးလို့ အနားရမှသာ ဆောင်ရွက်ရမယ့်အရာတွေလို့သာ များသောအားဖြင့် ထင်နေတတ်ကြပါတယ်။ကျမရဲ့သုံးသပ်ချက်ကိုပြောရမယ်ဆိုရင် ကျမရဲ့ကြီးကြီးဟာ ငယ်ရွယ်စဉ်အချိန်မှာ ကုသိုလ်ရေးတွေ အများကောင်းကျိုးတွေကို လက်လှမ်းမီသမျှ တတ်အားသရွေ့ဆောင်ရွက်ခဲ့တဲ့အတွက် အသက်အရွယ်ကြီးရင့်တဲ့အချိန်မှာ သတိမေ့လျော့နေသော်လည်း ဘုရားတရားလေးလုပ်ရင်း အေးချမ်းစွာနေထိုင်ခွင့်ရတယ်လို့ ထင်မိပါတယ်။ဒါကြောင့် ကျမတို့အားလုံးလည်း မသေချာတဲ့နောင်တစ်ချိန်မှာ ဘာဖြစ်မလဲဆိုတာ မသိနိုင်တဲ့အတွက် နှစ်ခါပြန်မရတဲ့ ငယ်ရွယ်စဉ်အချိန်လေးတွေမှာ အချိန်ရှိခိုက်လုံ့လစိုက်ကာ နိစ္စဓူဝ လူ့ပါတ်ဝန်းကျင်မှာ အများနည်းတူ လူတန်းစေ့ အသက်ရှင်နေထိုင်စားသောက်နိုင်ရန် ကြိုးစားရုန်းကန်ရင်းနဲ့ဘဲ နောင်သံသရာအတွက်ပါမယ့် ကုသိုလ်ရေးလေးတွေကို တတ်နိုင်သလောက် တွဲဖက်လုပ်ကိုင်ကြပါစို့လို့ဘဲ တိုက်တွန်းရင်း ဒီတစ်ပါတ်ဆောင်းပါးလေးကို နိဂုန်းချုပ်လိုက်ပါတယ်။
Author@sandipoe
MSC.035
အရမ်းအကျိုးရှိတဲ့ပို့စ်လေးပါခင်ဗျငယ်ရွယ်စဉ်မှာလည်းကောင်းမှု့ကုသိုလ်လုပ်သင့်တာပေါ့နော့အမရာဘ၀ဆိုတာကြိုတင်မမြင်နိုင်ဘူးလေဗျာ
ဟုတ်ပါတယ်အစ်ကိုရေ ငယ်စဉ်ကတည်းက တတ်နိုင်သလောက် ကုသိုလ်တွေ စုထားသင့်ပါတယ်
ကောင်းသော ပိုစ့် လေးပါ ပိုးရေ ကောင်းမူ့ ကုသိုလ်က လုပ်နိုင်တုန်း ငယ်ရွယ်စဉ်ထဲ က လုပ်သင့်ပါတယ် ။ မမ လဲကြိုးစားရအုံးမှာပါ😍
ညမတို့လည်း ကြိုးစားရဦးမှာပါ မမ
ဟုတ်ပါတယ် အစ်မရယ် နောင်လာမည့်အနာဂါတ်ဆိုတာ ဘာဖြစ်မယ်လို့ရေရေရာရာမသိရတဲ့အတွက် သေချာရေရာမှုတွေဖြစ်လာစေရန် ကုသိုလ်ကောင်းမှုတွေများများလုပ်ရပါမယ်ဗျ
Very good post
Thanks
Right
ဘာဖြစ်မယ်ဆိုတာကြိုမသိနိုင်လို့ကုသိုလ်ရေးလည်းနိုင်သလောက်လုပ်သင့်ပါတယ်လေ....
ဟုတ်ပါတယ် အစ်မရေ
မှန်ပါတယ်ညီမ။ လုပ်နိုင်တုန်း လုပ်ထားဘို့ လိုပါတယ်။တို့လည်းတစ်နေ့ အို ရဦးမှာပါ။
ဟုတ်ပါတယ် အစ်ကိုရေ
သေရင်ကိုယ်လုပ်ခဲ့တဲ့ကုသိုလ်ပဲပါသွားမှာ
ဒါ့ကြောင့်မို့ အကုသိုလ်တွေနဲ့ နေ့စဉ်နဲ့အမျှ ထိတွေ့နေရတဲ့လောကကြီးမှာ ကုသိုလ်လေးတွေ စုစေခြင်ပါတယ်
တွေးမိရင် ကိုယ်လည်း တေ့တော့နေရအုံးမှာဆိုတော့တွေးရင့်းပါပဲဗျာ
ဟုတ်ပါတယ်အစ်ကို
ကုသိုလ် ယူတတ်တာ လည်း ပညာတစ်ပါးပါပဲဗျာ
ဟုတ်ပါတယ်
ကုသိုလ်ဆိုတာ ရတုန်းယူထားရတာ
ဟုတ်ပါတယ် အစ်မ
အသက်ကြီးလာရင်ဒီအတိုင်းပါဘဲ
ကိုယ်လဲတနေ့ အသက်ကြီးလာမှာ ပါ
တပ်နိုင်သလောက်စိတ်ရှေရတော့တာပေါ့
အသက်ကြီးလာရင် အေးအေးချမ်းချမ်းနေနိုင်အောင် ခုကတည်းက ကြိုးစားရမှာပါ
စိတ်မကောင်းစရာ ဇတ်လမ်းလေးပါ ..
ဟုတ်ကဲ့ အန်တီ သမီးအဒေါ်အရင်းပါ
ကုသိုလ်ကို ငယ်စဉ်ကတည်းက ယူတတ်သလောက်ယူထားသင့်ပါတယ်။
အမှန်ပါဘဲရှင်
ကုသိုလ်ကောင်းမှုကတော့ အရွယ်သုံးပါးမရွေးလုပ်နိုင်ရင်တော့အကောင်းဆုံးပေါ့ဗျာ
ဟုတ်ပါတယ်ရှင်
ဘာလုပ်လုပ် ကုသိုလ်လေးပါအောင်လုပ်နိုင်ရင် အကောင်းဆုံးပါဘဲဗျာ
Thank you for your sharing